ဗန်းမော်ရောဘတ်စစ်ရှောင်စခန်းမှာ စစ်ရှောင်အသစ်တွေနေရာပေးလိုက်တာကြောင့် နဂိုရှိရင်းစွဲစစ်ရှောင်တွေနေရာထိုင်ခင်းအခက်ကြုံနေ

ဗန်းမော်ရောဘတ်စစ်ရှောင်စခန်းမှာ စစ်ရှောင်အသစ်တွေနေရာပေးလိုက်တာကြောင့် နဂိုရှိရင်းစွဲစစ်ရှောင်တွေနေရာထိုင်ခင်းအခက်ကြုံနေ

ဗန်းမော်မြို့ ရောဘတ်စစ်ရှောင်စခန်းမှာ စစ်ရှောင်ပြည်သူတွေမရှိချိန် အသစ်ပြောင်းရွှေ့လာတဲ့ နောက်ထပ်စစ်ဘေးရှောင်တွေကိုနေရာပေးလိုက်တာကြောင့် နဂိုရှိရင်းစွဲစစ်ရှောင်အဟောင်းတွေ နေရာအခက်ခဲကြုံနေတယ်လို့ သိရပါတယ်။

ဗန်းမော်မှာ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့လောက်ကစပြီး ရောဘတ်စစ်ရှောင်စခန်းထဲ စစ်တပ်ကမကြာခဏဝင်ရောက်စစ်ဆေးတာအပြင် မြို့အနီးတစ်ဝိုက် စစ်တပ်နဲ့ KIA ပူးပေါင်းတပ်ကြားနှစ်ဖက်စစ်ရေးတင်းမာလာတဲ့အခြေနေတွေကြောင့် နဂိုရှိရင်းစွဲစစ်ရှောင်တွေဟာ မိုင်းခေါင် ၊ မုန်းဒိန်ပါကျေးရွာတွေနဲ့ တောင်ယာ၊အခင်းတွေထဲ ယာယီတိမ်းရှောင်ခိုလှုံသွားကြတာဖြစ်ပါတယ်။

အဲဒီနောက် တစ်လကျော်အကြာ ဇူလိုင် ၂ ရက်နေ့ကစပြီး  ဗန်းမော်ခရိုင် ကချင်နှစ်ခြင်းခရစ်ယာန် စစ်ရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေဟာ ရောဘတ်စစ်ရှောင်စခန်းအတွင်း လူမရှိနေပဲသော့ခတ်ထားတဲ့အခန်းတွေကို သော့ရိုက်ဖျက်ပြီး စစ်ရှောင်အသစ်တွေကို နေရာပေးလိုက်တဲ့အတွက် နေရာပြဿနာဖြစ်နေတယ်လို့ သိရပါတယ်။

“စစ်တပ်ဝင်လို့လေ ကျမတို့စစ်ရှောင်စခန်းထဲ စစ်တပ်ဝင်တဲ့အချိန် စစ်ရှောင်ထဲက အမျိုးသမီးတွေ၊ ကလေးတွေ အားလုံး ကြောက်လန့်ပြီး နောက်မနက်မှာပဲ ဘယ်သူမဆို ကိုယ်စိတ်လုံခြုံမယ်လို့ထင်တဲ့ နေရာတွေဆီ ခဏသွားလိုက်ကြတယ်။ ဒီက တာဝန်ရှိတဲ့ဆရာတွေလည်း မသွားကြနဲ့ ၊  မပြေးမရှောင်ကြနဲ့လို့ ဘယ်သူကမှ မတားကြဘူးလေ။ အခန်းတွေကို သော့ခတ်ထားတာ အခုသော့တွေကိုရိုက်ဖွင့်လိုက်ပြီး အထဲကပစ္စည်းတွေ လုံးထုတ်လိုက်ပြီး ဝင်နေလိုက်တာဖြစ်တယ်။”လို့ ဗန်းမော်ရောဘတ်စစ်ရှောင်စခန်းမှာ အရင်ကတည်းက နေနေတဲ့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အသစ်ထပ်ရောက်လာတဲ့ စစ်ရှောင်ပြည်သူတွေဟာ  မိုးမောက်၊ မံစီဘက်က စစ်တပ်နဲ့KIA ပူးပေါင်းတပ်တို့အကြားတိုက်ပွဲကြောင့် ဗန်းမော်ဘက်ကိုထွက်ပြေးတိမ်းရှောင်လာသူတွေဖြစ်ကာ   ၃ လခန့် ဗန်းမော်ထဲ နေစရာအခက်အခဲဖြစ်နေတာကြောင့် ရောဘတ်စစ်ရှောင်စခန်းအတွင်း လူမရှိနေတဲ့အခန်းတွေမှာ နေရာပေးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ရှောင်စခန်းမှာ နဂိုရှိရင်းစွဲတာဝန်ယူနေတဲ့ ကော်မတီဝင်တွေကို ရပ်ဆိုင်းလိုက်ပြီး ကော်မတီအသစ်ဖွဲ့စည်းကာအသစ်ထပ်မံရောက်လာတဲ့ စစ်ရှောင်တွေကို ဝင်ရောက်နေထိုင်ခွင့်ပေးလိုက်တာကြောင့် စစ်ရှောင်အဟောင်းတွေမှာ နေရာထိုင်ခင်းအခက်ကြုံစေတာဖြစ်တယ်လို့ ပြောပါတယ်။

လတ်တလော ရောဘတ်စစ်ရှောင်စခန်းထဲကို စစ်ရှောင်အသစ် အိမ်ခြေ ၇၀ ကို အရင်ဆုံးနေရာပေးထားပြီး နောက်ထပ်အိမ်ခြေ ၂၀၀ ခန့် ဝင်လာဖို့ရှိတယ်လို့ဆက်လက်သိရပါတယ်။

 

“အစကတည်းက စစ်ရှောင်အဟောင်းတွေနဲ့ စစ်ရှောင်အသစ်တွေရောပြီး မထားဖို့စည်းမျဉ်းစည်းကမ်းရှိပေမဲ့ ဒီကတာဝန်ရှိတဲ့ဆရာတွေက ဒီစစ်ရှောင်စခန်းကို အာဏာသိမ်းလိုက်တယ်။ ပြီးတော့ ဒီထဲက ခဏရှောင်သွားပြီး ပြန်မလာနိုင်သေးတဲ့သူတွေ၊ တောင်ယာတွေထဲ ရှိနေတဲ့သူရဲ့ အိမ်အခန်းသော့တွေကို ရိုက်ဖွင့်ပြီး ပစ္စည်းတွေထုတ်လိုက်ပြီး အသစ်တွေကို ထည့်လိုက်တယ်။ ဒါကြောင့် အဟောင်းတွေက နေစရာမဲ့သွားပြီးခက်ခဲသွားတယ်။ အခုအဲမှာနေခဲ့တဲ့ အဟောင်းတွေက ပြန်လာရမလို၊ တောထဲပဲ နေနေရမလို ကိုယ့်အတွက်တော့ တော်တော်ဒုက္ခဖြစ်သွားတယ်။ အခုက အရင်က စစ်ရှောင်စခန်းတာဝန်ခံကော်မတီတွေကိုလည်း သူတို့က မင်းတို့လုပ်စရာမလိုတော့ဘူးဆိုပြီး ရပ်ဆိုင်းလိုက်တယ်။” လို့ ဗန်းမော်ရောဘတ်စစ်ရှောင်တစ်ဦးက ပြောပါတယ်။  

လက်ရှိမှာတော့ အပြင်ဘက်ရောက်နေတဲ့ နဂိုရှိရင်းစွဲရောဘတ်စစ်ရှောင်စခန်းကပြည်သူတွေဟာ စခန်းထဲကို ပြန်ဝင်ဖို့လည်းခက်နေသလို မိုးကြီးရေကြီးတာကြောင့် လမ်းခရီးသွားလာလို့မရတဲ့အပြင် ဆက်လက်နေထိုင်ရေးအတွက် တွေးပူနေရပြီး ဒုက္ခကြုံနေကြတယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဗန်းမော်ခရိုင် ကချင်နှစ်ခြင်းခရစ်ယန် စစ်ရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူအသင်းတော်ခေါင်းဆောင်တစ်ဦး ကချင်သတင်းဌာန KNG ကို အခုလို ရှင်းပြပါတယ်။

“တပ်မ ၈၈ ဝင်ပြီးနောက် အားလုံးထွက်ပြေးကုန်ပြီ။ ဘယ်ကိုမှ မထွက်ပြေးတတ်တဲ့သူတွေကို ကျနော်တို့က နောက်ဆုံးစရင်းလုပ်ထားတာဖြစ်တယ်။ သူတို့ထွက်ပြေးတဲ့အချိန် ဒီမှာကျန်နေတဲ့ကျနော်တို့ကိုတောင် သေချင်တဲ့သူတွေနေနေကြဟေ့ဆိုပြီး ထွက်ပြေးသွားကြတာဖြစ်တယ်။ သူတို့ထွက်ပြေးသွားချိန်လည်း စစ်ရှောင်စခန်းတာဝန်ရှိသူတွေကို ဘာမှမပြောထားကြဘူး။ ဒါကြောင့် မိုးမောက်၊ မံစီ ဘက်က စစ်ရှောင်တွေ ဝင်ရောက်လာချိန် ကျနော်တို့ထံ စာတင်လာတာကြောင့် စစ်ရှောင်စခန်းထဲ လူမရှိတဲ့အခန်းနေရာတွေမှာ ထားမယ်ဆိုပြီးဆုံးဖြတ်ကြတာဖြစ်တယ်။” လို့ ဗန်းမော်မြို့နယ် စစ်ရှောင်ကူညီရေး အသင်းတော်ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

ဗန်းမော် ရောဘတ်စစ်ရှောင်စခန်းမှာ နေရပ်ပြန်လို့ရတဲ့ပြည်သူတွေအားလုံး ပြန်သွားကြပြီးနောက် စစ်ရှောင်အိမ်ခြေ စုစုပေါင်း ၄၀၀ ကျော်ရှိပါတယ်။ အဲထဲကမှ လက်ရှိမှာတော့ စစ်ရှောင်ဟောင်းအိမ်ခြေ ၁၀၀ လောက်သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...