မှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၅ ခုကို စစ်ကောင်စီငြင်းပယ်

မှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၅ ခုကို စစ်ကောင်စီငြင်းပယ်

ရွေးကောက်ပွဲကျင်းပဖို့ စစ်ကောင်စီ ပြန်လည်ပြဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်လျှောက်ထားကြတဲ့ထဲက နိုင်ငံရေးပါတီ ၅ ခု ပယ်ချခံလိုက်ရပါတယ်။

စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင် ကြေညာချက်တွေအရ ကချင်အမျိုးသားကွန်ဂရက်ပါတီ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ချင်းပြည်သူ့ပါတီနဲ့ ပြည်ထောင်စုတိုး တက်ဖွံ့ဖြိုးရေးပါတီတို့ ဖြစ်ကြ ပါတယ်။

ပါတီဆက်လက်တည်ထောင်မှတ်ပုံတင်ခွင့် လျှောက်ထားကြတဲ့ ကချင်အမျိုးသားကွန်ဂရက်ပါတီ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီတို့ကို စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်က ငြင်းပယ်တယ်လို့ ဇူလိုင် ၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ကချင်အမျိုးသားကွန်ဂရက်ပါတီကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီကို ပုဒ်မ ၅ ပါ ပြဌာန်းချက်တွေနဲ့ ညီညွတ်မှု မရှိခြင်းကြောင့် ငြင်းပယ်တာလို့ အကြောင်းပြပါတယ်။

ပုဒ်မ ၆ ပြဌာန်းချက်အရ အချုပ်အခြာအာဏာသုံးရပ်အပါအဝင် လူမျိုးရေး ဘာသာရေး လူတစ်ဦးချင်း ဒါမှမဟုတ် လူအများနဲ့ပတ်သက်ပြီး ပဋိပက္ခဖြစ်ပေါ်စေနိုင်တဲ့ ရေးသားစည်းရုံးလှုံ့ဆော်မှုတွေ မပြုရဆိုတဲ့ အချက် ၆ ချက် ပါဝင်ပါတယ်။

ပုဒ်မ ၅ မှာတော့ တည်ထောင်လိုတဲ့ ပါတီရဲ့ အမည်၊ အလံ၊တံဆိပ်၊ဖွဲ့စည်းပုံ၊နိုင်ငံရေးသဘောတရားနဲ့ သတ်မှတ်ထားတဲ့ ပါတီဝင်ဦးရေ၊ရန်ပုံ‌ငွေနဲ့ ရုံးခန်းဖွင့်လှစ်မှု စတာတွေကို တိတိကျကျ တင်ပြရမယ်လို့ ပြဌာန်းထားပါတယ်။

ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက လက်ရှိကာလမှာ ပါတီမှတ်ပုံတင်ခွင့်အတွက် ပြဌာန်းချက်အ တိုင်း ပြည့်စုံဖို့ မလွယ်သလို စစ်ကောင်စီဘက်ကလည်း သူတို့နဲ့ နားလည်မှုရှိတဲ့ ပါတီတွေလောက်ပဲ ခွင့်ပြုတဲ့သဘောလို့ သုံးသပ်ပါတယ်။

“ဒီကာလမျိုးမှာ သူတို့ (စကစ) သတ်မှတ်ထားတဲ့အတိုင်းပေါ့။ ပြည့်စုံဖို့ဆိုတာ မလွယ်ဘူး။ ပြည့်စုံသည့်တိုင်‌အောင် သူတို့အခုနလို အကြောင်းပြချက်အမျိုးမျိုးနဲ့ ပယ်မယ်ဆိုလည်း ကိုယ့်ဘက်ကလည်း ပြန်ပြောပိုင်ခွင့်မှ မရှိတာ။ ဆိုတော့ သူတို့နဲ့ပတ်သက်တဲ့ အလွမ်းသင့်တဲ့ နားလည်မှုမဟာ မိတ်ဖွဲ့ထားတဲ့ ပါတီတွေလောက်ပဲ ခွင့်ပြုတယ်။ကျန်တဲ့ပါတီတွေကိုတော့ သူတို့ ခွင့်မပြုချင်တော့ဘူး”လို့ ဆိုပါတယ်။

ဇူလိုင် ၁ ရက်နေ့ကလည်း အင်အားကြီး တိုင်းရင်းသားနိုင်ငံရေးပါတီဖြစ်တဲ့ ရခိုင်အမျိုးသားပါတီကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၇ ပါ ပြဌာန်းချက်တွေနဲ့ ညီညွတ်မှုမရှိလို့ဆိုပြီး ပါတီမှတ်ပုံတင်ခွင့် ပယ်ချခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နေ့မှာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုနှစ်အောက်တို ဘာမှာ သန်းခေါင်စာရင်းကောက်ယူပြီး လာမယ့် ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ပ ထမဦးဆုံးအကြိမ် ထုတ်ပြောထားတာပါ။

အဲဒီနောက်ပိုင်း စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်မှာ ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် လျှောက်ထားကြတဲ့ နိုင်ငံရေးပါတီတွေကို စိစစ်ပြီး ပြဌာန်းချက်နဲ့ မညီတဲ့ ပါတီတွေကို ဆက်တိုက် ငြင်းပယ်လာတာ ဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအပေါ် ပြဿနာဖြစ်နိုင်တဲ့ ပါတီတွေနဲ့ မယှဉ်ပြိုင်နိုင်တဲ့ ပါတီတွေကို အကြောင်းတစ်မျိုးမျိုးပြပြီး ပယ်ဖျက်သွားမယ့် အခြေအနေမျိုးလို့ ဦးဖေသန်းက ထောက်ပြပါတယ်။

“သူတို့ရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကွန်ပလိန်းမတက်နိုင်တဲ့ ပါတီတွေလောက်ပဲ သူတို့ ခွင့်ပြုနေတဲ့ အနေအထားရှိတယ်။ ကျန်တဲ့ပါတီတွေကျ‌တော့ ရွေးကောက်ပွဲအပေါ် ပြဿနာဖြစ်နိုင်တဲ့ပါတီ သူတို့မနိုင်နိုင်တဲ့ ပါတီတွေကို အကြောင်းတစ်မျိုးမဟုတ် တစ်မျိုးပြပြီးတော့ ပယ်ဖျက်သွားလိမ့်မယ်၊ ပယ်ရင်လည်း ပယ်ထားတယ်။ အဲဒီလိုအခြေအနေမျိုး တွေ့ရတယ်”လို့ ဆိုပါတယ်။

ပုဒ်မ ၇ ဟာ မတရားအသင်းဖြစ် ကြေညာခံရတဲ့အဖွဲ့အစည်း၊ အကြမ်းဖက်လုပ်ရပ်တွေကို ကျူး လွန်တယ်လို့ သတ်မှတ်ထားတဲ့အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ အားပေးကူညီတဲ့ အဖွဲ့ အစည်းစတာတွေကို နိုင်ငံရေးပါတီအဖြစ် လျှောက်ထားခွင့် မရှိစေရဘူးလို့ ဖော်ပြထားတာပါ။

မေလတုန်းကလည်း ချင်းပြည်သူ့ပါတီကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၄ ၊ ပြည် ထောင်စုတိုးတက်ဖွံ့ဖြိုးရေးပါတီကို ပုဒ်မ ၆ ပါ ပြဌာန်းချက်တွေနဲ့ ညီညွတ်မှုမရှိခြင်းကြောင့် ပါတီမှတ်ပုံတင်ခွင့်ကို ရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့ပါသေးတယ်။

ငြင်းပယ်ခံရတဲ့ ပါတီတွေအားလုံးကို ဥပဒေပါ ပြဌာန်းချက်တွေနဲ့ မညီညွတ်ဘူးဆိုတဲ့ အကြောင်းပြချက်သာရှိပြီး အသေးစိတ်ကိုတော့ ကော်မရှင်ဘက်က တိတိကျကျ အသိပေးထုတ်ပြန်ထားခြင်း မရှိခဲ့ပါဘူး။

လက်ရှိမှာ ရွေး‌ကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီ ၄၉ ပါတီကို မှတ်ပုံတင်ခွင့်ချပေးထားပြီး အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင် ပါတီ ၄၀ ကိုတော့ စစ်ကောင်စီ ပြဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ ဖျက်သိမ်းထားပါတယ်။

October 1, 2024
လူတစ်ဦးချင်းစီရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဖြည့်စွက်ကောက်ယူသွားမယ့် စစ်ကောင်စီရဲ့...
September 30, 2024
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ စစ်ကောင်စီရဲ့ နိုင်ငံရေးဆွေးနွေးပွဲ...
September 28, 2024
ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကို စစ်ကောင်စီရဲ့...
September 27, 2024
မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာနဲ့ ရပ်ကွက်တွေမှာ စစ်ကောင်စီက မကြာမီပြုလုပ်မယ့်...