ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဏာစွန့်ရေး ဖျောင်းဖျနားချပေးဖို့ ဦးသိန်းစိန်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးပြောဆိုခဲ့

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဏာစွန့်ရေး ဖျောင်းဖျနားချပေးဖို့ ဦးသိန်းစိန်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးပြောဆိုခဲ့

ဇွန်လကုန်ပိုင်းမှာ သမ္မတဟောင်း ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံကို တရားဝင်ခရီးစဉ် တစ်ရပ်အနေနဲ့သွားရောက်ခဲ့တဲ့  အဲဒီခရီးစဉ်အတွင်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီတွေ့ဆုံဆွေးနွေးမှုအတွင်းမှာ လက်ရှိ နံပါတ် ၁ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဏာစွန့်ရေးအတွက် ဖျောင်းဖျ နားချပေးဖို့ သမ္မတဟောင်း ဦးသိန်းစိန်ကို ပြောဆိုခဲ့တယ်လို့ စင်ကာပူ အခြေစိုက် CNA သတင်းဌာနက ဖော်ပြပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မကြာသေးမီကာလအတွင်းမှာမှ တရုတ်အစိုးရဟာ မြန်မာစစ်ကောင်စီခန့် ဝန်ကြီးတွေကို တရားဝင်ခရီးစဉ်တွေ လာရောက်ဖို့ ပုံမှန်လို ဖိတ်ကြားလာတာတွေရှိပါတယ်။

 ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ တရုတ်ခရီးစဉ်က နိုင်ငံတကာ မှာ သတင်းခေါင်းစဉ်ဖြစ်သွားခဲ့ပါတယ်။ အဲဒီနောက် တစ်ပတ်အကြာမှာပဲ စစ်တပ်ရဲ့ နံပါတ် ၂ ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို ရှန်ဒုံပြည်နယ် ကျင်ဒေါင်မြို့မှာပြုလုပ်တဲ့ ဖိုရပ်တစ်ခုကို တက်ရောက်ဖို့ တရားဝင်ခရီးနဲ့ ရောက်လာပြန်ပါတယ်။

ဒါဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက်ပိုင်း တရုတ်နိုင်ငံကို တရားဝင်ခရီးစဉ်အနေနဲ့ ရောက်လာတဲ့ မြန်မာစစ်တပ်ရဲ့အဆင်အမြင့်ဆုံးခေါင်းဆောင်ဖြစ်လာပါတယ်။

ဒီဖြစ်စဉ်တွေရဲ့ အချိန်ဇယားကို ကြည့်လိုက်မယ်ဆိုရင် တရုတ်နိုင်ငံဟာ စစ်တပ်ရဲ့လက်ရှိခေါင်းဆောင်တွေထဲမှာ သမ္မတဟောင်း ဦးသိန်းစိန်ကို အကြိုက်တွေ့နေဆဲဖြစ်တယ်လို့ သုံးသပ်ရပါတယ်။

ဒါမှမဟုတ် ဦးသိန်းစိန်ရဲ့ တရုတ်ခရီးစဉ်က အာဏာသိမ်းပြီးနောက် ဖွဲ့စည်းထားတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ဒုစစ်ခေါင်းဆောင်နဲ့ ဒုဝန်ကြီးချုပ် စိုးဝင်းအတွက် လမ်းခင်းပေးခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

သတင်းရင်းမြစ်တစ်ခုကတော့ “ပေကျင်းအစိုးရဟာ ဒုစစ်ခေါင်းဆောင် စိုးဝင်းနဲ့ ထိတွေ့ဆက်ဆံလိုတဲ့စိတ်ဆန္ဒရှိလာပြီးတော့ အခုနှစ်ရဲ့ ပထမ သုံးလပတ်ကာလအတွင်းမှာ တရုတ်နိုင်ငံကို လာရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်” လို့ CNA သတင်းဌာနကို ပြောခဲ့ပါတယ်။

အဲဒီနောက်တော့ စိုးဝင်းနဲ့ ယုံကြည်မှုဆိုင်ရာ ပြဿနာဖြစ်နေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဲဒီလိုတရုတ်နဲ့ ထိတွေ့ဆက်ဆံမယ့် အစီအစဉ်နဲ့ တရုတ်ရဲ့ ဖိတ်ကြားချက်ကို နှောင့်ယှက်ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအချိန်အတွင်းမှာပဲ ဦးသိန်းစိန်ရဲ့ သံခင်းတမန်ခင်း ထိတွေ့ဆက်ဆံရေး လမ်းကြောင်းကနေတဆင့် ဇွန် ၂၈ ရက်နေ့မှာ တရုတ်ခရီးစဉ်ဖြစ်ပေါ်လာခဲ့တာပါ။

တရုတ်နိုင်ငံဟာ မြန်မာစစ်ခေါင်းဆောင်နဲ့ ထိတွေ့ဆက်ဆံဖို့ လမ်းကြောင်းကို ဖွင့်ထားဆဲဖြစ်ပေမယ့် လက်ရှိအချိန်အထိ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တရားဝင်တွေ့ဆုံဧည့်ခံဖို့ကိစ္စက အခုအထိ ဖြစ်မလာသေးပါဘူး။ တရုတ်ဘက်က မြန်မာနံပါတ် ၁ စစ်ခေါင်းဆောင်အနေနဲ့ ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို ခိုင်ခိုင်မာမာမချပြနိုင်သရွေ့ တရုတ်နိုင်ငံဆီ ဖိတ်ကြား တွေ့ဆုံဧည့်ခံဖို့ အစီအစဉ်မရှိဘူးလို့ နောက်ထပ် သတင်းရင်းမြစ်တစ်ခုကလည်း ဆိုပါတယ်။

၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့ သမ္မတဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ရဲ့ ဇွန် ၂၈ ရက်ခရီးစဉ်ကတော့ နိုင်ငံတကာဆက်ဆံရေးအတွက် လမ်းညွှန်ချက် သို့မဟုတ် တရုတ်နိုင်ငံရဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ် နှစ် ၇၀ ပြည့်နှစ်ပတ်လည်အတွက် ရည်ရွယ်ပြီး ပြုလုပ်တာလည်း ဖြစ်ပါတယ်။



ဦးသိန်းစိန်ရဲ့ ခရီးစဉ်အတွင်းမှာ သူဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံပိုင်မီဒီယာကတော့ သူတို့နှစ်ဦးဟာ နှစ်နိုင်ငံကြား ဆွေးမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့ဖော်ပြပါတယ်။

သတင်းရင်းမြစ်တစ်ခုကတော့ အာဏာစွန့်ဖို့အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နားချပေးရေးနဲ့ ရွေးကောက်ပွဲအတွက် လမ်းဖွင့်ပေးနိုင်မယ့် ကြားဖြတ်အစိုးရတစ်ရပ်ဖော်ဆောင်ပေးရေး ဝန်ကြီးဝမ်ယီက ဦးသိန်းစိန်ကို ပြောခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်မှာတော့ ဒုတပ်မတော်ကာကွယ်ရေးဦးစီးချုပ် စိုးဝင်းက အစိမ်းရောင်ဖွံ့ဖြိုးရေးဖိုရမ်တက်ရောက်ဖို့ တရုတ်နိုင်ငံဆီ ရောက်လာခဲ့ပါတယ်။

မြန်မာနိုင်ငံပိုင်မီဒီယာကတော့ တရုတ်အစိုးရ အရာရှိတွေနဲ့ နှစ်ဖက်ဆွေးနွေးမှုတွေ၊ နယ်စပ်ဒေသတည်ငြိမ်ရေး၊ အွန်လိုင်းလောင်းကစားဂိုဏ်းတွေ၊ မူးယစ်မှောင်ခိုကုန်သွယ်မှုကို နှိမ်နှင်းရေးနဲ့ နှစ်နိုင်ငံကြား ကုန်သွယ်ရေးတိုးမြှင့်ဖို့ ပြောဆိုခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

မြန်မာနယ်စပ်အနီးမှာလုပ်ငန်းလည်ပတ်နေပြီး တရုတ်နိုင်ငံသားတချို့ ပါဝင်နေတဲ့ အွန်လိုင်းလိမ်လည်ဂိုဏ်းတွေကို ဖြိုခွင်းပေးခဲ့ခြင်းမရှိခဲ့တဲ့အပေါ် စစ်ကောင်စီကို တရုတ်က သဘောတွေ့မနေဘူးလို့ လေ့လာသူတွေက ဆိုပါတယ်။ နောက်ပြီး မြန်မာစစ်တပ်က နိုင်ငံမြောက်ပိုင်းနဲ့ တရုတ်နယ်စပ်အနီးက ထိတွေ့တိုက်ပွဲတွေကို ရပ်ဆိုင်းစေနိုင်ခဲ့ခြင်းမရှိခဲ့တဲ့အပြင် တရုတ်ဘက်မှာ လူသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှုတွေကိုပါ ဖြစ်ပေါ်စေခဲ့တယ်လို့ဆိုပါတယ်။

ဒုစစ်ခေါင်းဆောင် စိုးဝင်းရဲ့ ခရီးစဉ်ကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အသစ်တဖန်ဖြစ်နေတဲ့ တိုက်ပွဲတွေကို ရပ်တန့်စေရေး စစ်ကောင်စီက ကြိုးပမ်းဆောင်ရွက်မှုတစ်ခုလည်း ဖြစ်ပါတယ်။ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကတော့ သူ့ရဲ့အတိုက်အခံတွေကို ဖိနှိပ်ဖို့အတွက် တရုတ်ရဲ့ ထောက်ခံမှုနဲ့အကူအညီကို တောင်းခံနေလိုပုံရပါတယ်။

October 1, 2024
လူတစ်ဦးချင်းစီရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဖြည့်စွက်ကောက်ယူသွားမယ့် စစ်ကောင်စီရဲ့...
September 30, 2024
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ စစ်ကောင်စီရဲ့ နိုင်ငံရေးဆွေးနွေးပွဲ...
September 28, 2024
ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကို စစ်ကောင်စီရဲ့...
September 27, 2024
မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာနဲ့ ရပ်ကွက်တွေမှာ စစ်ကောင်စီက မကြာမီပြုလုပ်မယ့်...