ဖားကန့်မှာ ကျောက်စိမ်းလုပ်ကွက်ဟောင်း ရေလောင်ကန် ၂ ခုပေါက်လုနီးပါးဖြစ်နေပြီး လုံးခင်းကျေးရွာတစ်ခုလုံးစိုးရိမ်ရတဲ့ အခြေအနေရှိနေ

ဖားကန့်မှာ ကျောက်စိမ်းလုပ်ကွက်ဟောင်း ရေလောင်ကန် ၂ ခုပေါက်လုနီးပါးဖြစ်နေပြီး လုံးခင်းကျေးရွာတစ်ခုလုံးစိုးရိမ်ရတဲ့ အခြေအနေရှိနေ

ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ဆန်ခါ နဲ့ မဇွပ်ယန်ကျေးရွာ ၂ ခုမှာရှိတဲ့ အကြီးဆုံး ရေလောင်ကန် ၂ ခုက ရေမြင့်တက်နေတဲ့အပြင် လောင်ကန်ယိုစိမ့်မှုဖြစ်နေပြီး ပေါက်လုနီးပါးဖြစ်နေတာကြောင့် လုံးခင်းကျေးရွာတစ်ခုလုံး စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ ဖားကန့်ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ကစပြီး မိုးအဆက်မပြတ်ရွာသွန်းနေတဲ့အတွက် လုံးခင်းကျေးရွာက တစ်သုံးလုံး နဲ့ တောက်ပကြယ် ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီနှစ်ခုရဲ့လုပ်ကွက်ဟောင်းနေရာဖြစ်တဲ့ ရေလောင်ကန် ၂ ခုဟာ နေ့တိုင်းလိုလို ရေမြင့်တက်နေပြီး လောင်ကန်စိမ့်ယိုနေမှုကြောင့် ရေလောင်ကန်ပေါက်ထွက်လာမှာကိုစိုးရိမ်နေကြတယ်လို့ ဖားကန့်ဒေသခံတွေကစ်ဦးက KNG ကိုပြောပါတယ်။

“မဇွပ်ယန်နဲ့ ကုဋေမှော်ကြားက ရေလောင်ကန်ပေါက်ထွက်လာမှာစိုးရိမ်တဲ့အတွက် ပြီးခဲ့တဲ့ တစ်ရက်နေ့မှာက ဘက်ဟိုးတွေနဲ့ ရေယိုစိမ့်လာတဲ့ နေရာတွေကို ဖာထည်နေကြတယ်။ နေ့တိုင်းလိုလို ဒီလိုသာ မိုးရွာနေရင် ရေက မြင့်တက်လေလေဘဲ။ ဒါကြောင့် အားလုံးက အခုအရမ်းစိုးရိမ်နေကြတယ်။ ပြီးရင် ဆန်ခါမှာရှိတဲ့ တောက်ပကြယ် လုပ်ကွက်ဟောင်းနေရာမှာလည်း ဒီရက်ပိုင်းရေတအားကြီးလို့ ဥရုချောင်းကရေတွေ ဝင်လို့ အဲ့ဒီရေကန်လည်း ပြည့်လျှံနေတာ။ အဲဒီဘက်မှာလည်း ပြည်သူတွေက စိုးရိမ်နေကြတယ်”လို့ပြောပါတယ်။

လက်ရှိမှာ အဲဒီ ရေလောင်ကန် ၂ ခုဟာ မိုးအဆက်မပြတ်ရွာသွန်းနေဆဲဖြစ်ရင် ရက်ပိုင်းအတွင်းမှာပဲ ရေလောင်ကန်ပေါက်ထွက်လာဖို့ ၈၅ ရာခိုင်နှုန်းလောက် စိုးရိမ်စရာဖြစ်နေတယ်လို့ ဆိုပါတယ်။

မဇွပ်ယန်နဲ့ ကုဋေမှော်ကြားမှာရှိတဲ့ တစ်သုံးလုံးကုမ္ပဏီလုပ်ကွက်ဟောင်း ရေလောင်ကန်ဟာ အကျယ်အဝန်း ၅ မိုင်လောက်ရှိပြီး ပေတစ်ထောင်ဝန်းကျင်လောက် နက်တဲ့အပြင် ၈ နှစ်ဝန်းကျင်လောက် ကြာမြင့်ဖြစ်တဲ့ ရေလောင်ကန်ဖြစ်တယ်လို့ သိရပါတယ်။

အလားတူ ဆန်ခါကျေးရွာနဲ့ ကပ်ရပ်မှာရှိတဲ့ တောက်ပကြယ် ကုမ္ပဏီရဲ့ လုပ်ကွက်ဟောင်းနေရာလည်း တစ်သုံးလုံး လုပ်ကွက်ဟောင်းနေရာလောက် အရွယအကြီးရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲဒီ ရေလောင်ကန် ၂ ခုသာ ပေါက်ထွက်လာပါက လုံးခင်းကျေးရွာတစ်ခုလုံး ရေနစ်မြှုပ်သွားနိုင်ပြီး ပြည်သူလူထုတွေလည်း အသက်အန္တရာယ်ရှိလာနိုင်တယ်လို့ ဖားကန်ဒေသခံက ဆက်ဆိုပါတယ်။

“တကယ်လို့ ဒီ ရေလောင်ကန် ၂ ခုသာ ပေါက်ထွက်သွားမယ်ဆိုရင် လုံးခင်းအပိုင်းအားလုံးက အရမ်းကို စိုးရိမ်ရတဲ့ အခြေအနေဖြစ်သွားပြီ။ ဒါကြောင့် နေ့တိုင်းလိုလိုတော့ အဲဒီ ရေကန်လောင် ၂ ခုကို စောင့်ကြည့်နေတဲ့ အနေထားမှာရှိနေကြတယ်။ ထိရောက်မယ် မရောက်ဘူးဆိုတာတော့ ခန့်မှန်းလို့တော့မရဘူး။ မိုးက မရပ်ဘဲ ဆက်ရွာနေမယ်ဆိုရင် ပိုပြီးစိုးရိမ်ရမယ်။ ပိုပြီးစိုးရိမ်ရမယ့် နေရာကတော့ ဆန်ခါ၊ ကုဋေမှော်၊ ပြီးရင် အောင်ရာ ရပ်ကွက်တွေပါမယ်။ ဒီရွာတွေအရင်ထိပြီးမှ ကျန်တဲ့ ရွာတွေမှာ ပြန်ရောက်လိမ့်မယ်”လို့ပြောပါတယ်။

လက်ရှိ ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရဆိုရင်  ရေလောင်ကန် ၂ ခုနဲ့ ကပ်ယက်ရှိကြတဲ့ ဆန်ခါ၊ ကုဋေမှော်၊ အောင်ရာရွာ နဲ့ မဇွပ်ယန်ကျေးရွာတွေက စိုးရိမ်မှုအခြေအနေ အရှိဆုံးနေရာတွေဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဖားကန့်မြို့ပေါ်မှာ ရေကြီးရေလျှံဖြစ်တဲ့နောက်ပိုင်း ရေလောင်ကန်အနီး ကပ်ရပ်မှာရှိကြတဲ့ ကျေးရွာနေပြည်သူတွေက တခြားကျေးရွာတွေမှာ ပစ္စည်းရွေ့ပြောင်း နေထိုင်ကြတဲ့ သူတွေရှိသလို တစ်ချို့က ရွှေ့ပြောင်းနေထိုင်မယ့် နေရာမရှိဘဲ စိုးရိမ်ရင်နဲ့သာ နေအိမ်တွေမှာ ရှိနေကြတယ်လို့ သိရပါတယ်။

အခုလို ဖားကန့် လုံးခင်းကျေးရွာအုပ်စုထဲမှာရှိတဲ့ ဆန်ခါနဲ့ မဇွပ်ယန် ကျေးရွာ ၂ ခုမှာ ရေလောင်ကန် ပေါက်လို့နီးပါး ဖြစ်နေပေမယ့် တာဝန်ရှိ စစ်ကောင်စီအဖွဲ့နဲ့ KIO အစိုးရတွေက တစ်စုံတစ်ရာ လုပ်ဆောင်ပေးခြင်းမရှိတဲ့ပေါ်မှာ တစ်စုံတစ်ခုသာ ဖြစ်လာပါက အစိုးရ နှစ်ဖက်စလုံးမှာ တာဝန်ရှိသူတယ်လို့ ဖားကန့် ဒေသခံတစ်ဦးက ထပ်မံပြောပါတယ်။

“ဖားကန့်ဒေသမှာက အရင်ကလည်း ဒီလိုကြုံနေကြဟုတ်တယ်။ ကုမ္ပဏီတွေလည်း တူးဖောက်စားလိုက်ပြီး ရေကန်လုပ်ထားတာ။ ပြီးရင် ပေါက်ထွက်တာတွေဖြစ်ပြီး လုပ်ကိုင်စားသောက်နေတဲ့ ပြည်သူတွေဘဲ အသက်ဆုံးရှုံးနေရတာ။ အစိုးရတွေက သူတို့ လုပ်တာ သူတို့တာဝန်မယူဘူး။ အခုလို ဖြစ်နေတာက အစိုးရကြောင့်ဖြစ်တယ်။ ကုမ္ပဏီလည်း အဲလိုပဲ။ သူတို့မှာပဲ တာဝန်ရှိတာ”လို့ပြောပါတယ်။

ဖားကန့်ဒေသမှာ ဇူလိုင်လ တစ်ရက်နေ့ကစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖားကန့်မြို့ပေါ်ရပ်ကွက်တွေမှာ ရေကြီးရေလျှံဖြစ်ပြီး လူနေအိမ်တွေ အများအပြား ထိခိုက်ပျက်စီးသွားသလို ကျေးရွာတွေမှာ ဆောက်လုပ်ထားတဲ့ လမ်းတံတားတွေလည်း ၅ ခုထက်မနည်း သွားလာလို့မရအောင် ပျက်စီးသွားတယ်လို့ သိရပါတယ်။

ဒီနှစ် ဖားကန့်မြို့မှာ ရေကြီးရေလျှံဖြစ်တဲ့ ပမာဏဟာ ပြီးခဲ့တဲ့ နှစ်တွေထက် ကြီးမားပြီးတော့ နှစ်ပေါင်း ၄၀ ကျော်အကြာမှာ တစ်ဖန်ပြန်လည် ကြုံရတာဖြစ်တယ်လို့ ဖားကန့် ဒေသခံတွေကပြောပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...