တိုက်ပွဲတွေပြင်းထန်ချိန် ရွေးကောက်ပွဲဆိုင်ရာ ပြင်ဆင်မှုအကြောင်း စစ်ခေါင်းဆောင်ထပ်ပြောပြန်

တိုက်ပွဲတွေပြင်းထန်ချိန် ရွေးကောက်ပွဲဆိုင်ရာ ပြင်ဆင်မှုအကြောင်း စစ်ခေါင်းဆောင်ထပ်ပြောပြန်

နိုင်ငံအနှံ့ခုခံ တော်လှန်စစ်ကြောင့် တိုက်ပွဲတွေပြင်းထန်နေချိန်မှာ စစ်ကောင်စီရဲ့ နိုင်ငံရေးထွက် ပေါက်အဖြစ် အသုံးချမယ့် အထွေထွေရွေးကောက်ပွဲကျင်းပနိုင်‌ရေး ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းတွေကို စစ်ခေါင်းဆောင်က ထပ်ပြောလာပါတယ်။

ဇူလိုင် ၅ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ပြည်ထောင်စုအစိုးအရအဖွဲ့အစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပနိုင်ရေး လူဦးရေနဲ့ အိမ်အ ကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူပြီးမှသာ မဲစာရင်းပြုစုသွားမယ်လို့ ပြောကြားခဲ့တာပါ။

ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတွေဖြစ်တဲ့ လူဦးရေနဲ့ အိမ်အကြောင်း အရာသန်းခေါင် စာရင်းကောက်ယူတာကို အခုနှစ် အောက်တိုဘာလဆန်းကနေ စတင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ကန့်သတ်ချက်ရှိတဲ့နေရာတွေမှာတော့ အဖြစ်နိုင်ဆုံးကောက်ယူသွားမှာဖြစ်သလို လိုအပ်ရင် အဆင့်နှစ်ဆင့်နဲ့ လုပ်ဆောင်နိုင်ဖို့ စီစဉ်ထားတာပါ။ အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာသူတွေကိုလည်း တိုင်းနဲ့ ပြည်နယ်အလိုက် စာရင်းဇယားကောက်ယူစိစစ်ရမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က လက်ရှိနိုင်ငံရဲ့ နယ်မြေ ၇၀ ရာခိုင်နှုန်း‌လောက်ဟာ မတည်ငြိမ်တဲ့ ဒေသတွေဖြစ်တဲ့အတွက် ကျန်တဲ့နယ်မြေတွေမှာ ရတဲ့နည်းနဲ့ ကြံဖန်ပြီး သန်းခေါင်စာ ရင်းကောက်ယူဖို့ လုပ်လာလိမ့်မယ်လို့ သုံးသပ်ပါတယ်။

“မြန်မာပြည်ရဲ့ အခုလက်ရှိ နယ်မြေ ၇၀ ရာခိုင်နှုန်းက မတည်ငြိမ်တဲ့ဒေသတွေ၊ တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့အစည်းတွေ အုပ်စိုးနေတဲ့ဒေသတွေ ဖြစ်တဲ့အခါကျတော့ ၇၀ ရာခိုင်နှုန်းကတော့ မဖြစ်ပါဘူး။ သို့သော်ငြားလည်း မြို့ ပေါင်း ၃၀၀ ကျော် ရှိတဲ့အထဲမှာ မြို့ ပေါင်း ၂၀၀ လောက်က တော့ သူ့ (စကစ) လက်ထဲမှာ ရှိပါသေးတယ်။ အဲဒီတော့ မြို့တွေပေါ်မှာ လုပ်မှာပေါ့ဗျာ။ ဒါကသူ့ရဲ့ နိုင်ငံရေးထွက်ပေါက်ဖြစ်နေတဲ့အခါ သူက မလုပ်လို့မဖြစ်ဘူး။ အဲဒီတော့ ရတဲ့နေရာမှာရတဲ့နည်းနဲ့ ကြံဖန်ပြီးလုပ်မှာပါ”လို့ ဆိုပါတယ်။

သန်းခေါင်စာရင်းကောက်ယူရာမှာ ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်း ကောက်ယူတဲ့စနစ်ကို အသုံးပြုပြီး တစ်အိမ်တက်တစ်အိမ်ဆင်း Mobile Tablet တွေနဲ့ ကောက်ယူသွားမှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီအနေနဲ့ အိမ်အကြောင်းအရာနဲ့ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ ဆိုင်းဘုတ်စိုက်ထူတဲ့ အခမ်းအနားအပါအဝင်အသိညာပေးလက်ကမ်းစာစောင်ဖြန့်ဝေမှုတွေကို ပြီးခဲ့တဲ့ ဇွန် ၁၂ ရက်နေ့ကစပြီး အပြည့်အဝထိန်းချုပ်ထားတဲ့ မြို့ ပေါ်တွေမှာ စတင်လုပ်ဆောင်ခဲ့တာပါ။

ဒါပေမယ့် စစ်ကောင်စီလက်လွှတ်ထားရတဲ့ ဒေသတွေအပါအဝင် တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်နဲ့ ရှမ်းမြောက်တို့မှာ သန်းခေါင်စာရင်းဆိုင်ရာ လှုပ်ရှားမှုတွေ မလုပ်နိုင်သေးသလို စစ်ရေးလှုပ်ရှားမှုအားကောင်းတဲ့ ဒေသတွေမှာတော့ မြို့ပေါ်တွေလောက်သာ လုပ်ဆောင်နိုင်သေးတာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ကတော့ လာမယ့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီး အဲဒီအတွက် လူဦးရေသန်းခေါင်စာရင်းကောက်ယူမှုကို လာမယ့် အောက်တိုဘာအတွင်း ကောက်ယူနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဇွန် ၁၅ ရက်နေ့မှာ ထုတ်ပြောထားတာပါ။

ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲမလုပ်နိုင်ရင် နိုင်ငံရေးထွက်ပေါက် မရှိတာမို့ စစ်ရေးအခြေအနေသာ မပြောင်းရင် မြို့ ပေါင်း ၂၀၀ လောက်မှာ လုပ်သွားမယ့်သဘောလို့ ထောက်ပြပါတယ်။

“ရွေးကောက်ပွဲတော့ ဖြစ်အောင်လုပ်လိမ့်မယ်၊ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။တကယ်လို့ စစ်ရေးအခြေအနေ ပြောင်းသွားရင်တော့ တစ်မျိုးပေါ့ဗျာ။ မပြောင်းဘဲနဲ့ လက်ရှိ အနေအထားတိုင်းဆိုရင်တော့ အဲဒီမြို့ ပေါင်း ၂၀၀ လောက်မှာ သူ့အနေနဲ့ လုပ်သွားမယ့် သဘောပါ။ ဘာလို့လဲဆိုတော့ ရွေးကောက်ပွဲမလုပ်နိုင်ရင် သူ့ နိုင်ငံရေး ထွက်ပေါက်က မရှိတော့ သူကအဲဒီလိုပဲရတဲ့ နေရာမှာ ကြံဖန်ပြီး လုပ်သွားမယ့် သဘောရှိတယ်လို့ ကျွန်တော်တော့ ယူဆပါတယ်ခင်ဗျ”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ ပြန်လည်ပြဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ နိုင်ငံရေးပါတီ ၄၉ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး စစ်ရေးမှာတော့ တပ်အင်အားပြုန်းတီးမှုကို ဖြည့်တင်းပေးမယ့် စစ်မှုထမ်းဥပဒေကို လက်တွေ့အကောင်အထည်ဖော်နေတာပါ။

တစ်ဘက်မှာ တစ်ကျော့ပြန်လာတဲ့ ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းကို အကြီးအ ကျယ် ရင်ဆိုင်နေရပြီး လနဲ့ချီ ရှုံးပွဲဆက်နေတဲ့ ရခိုင်ဒေသက တိုက်ပွဲတွေမှာလည်း လက်ရှိအချိန်အထိ အပြင်းအထန် ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

October 1, 2024
လူတစ်ဦးချင်းစီရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဖြည့်စွက်ကောက်ယူသွားမယ့် စစ်ကောင်စီရဲ့...
September 30, 2024
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ စစ်ကောင်စီရဲ့ နိုင်ငံရေးဆွေးနွေးပွဲ...
September 28, 2024
ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကို စစ်ကောင်စီရဲ့...
September 27, 2024
မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာနဲ့ ရပ်ကွက်တွေမှာ စစ်ကောင်စီက မကြာမီပြုလုပ်မယ့်...