ဖားကန့်ဒေသ KIO ဖွင့်လှစ်ထားတဲ့ ကျောင်းတွေမှာ ကျောင်းဆရာ၊ ဆရာမ လုံလောက်မှုမရှိဖြစ်နေ

ဖားကန့်ဒေသ KIO ဖွင့်လှစ်ထားတဲ့ ကျောင်းတွေမှာ ကျောင်းဆရာ၊ ဆရာမ လုံလောက်မှုမရှိဖြစ်နေ

ဖားကန့်မြို့နယ်ထဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ် သိမ်းပိုက်ထားပြီဖြစ်တဲ့ ကျေးရွာနေရာတွေမှာ စာသင်ကျောင်းတွေဖွင့်လှစ်ထားပေမယ့် စာသင်ကြားပေးမယ့် ဆရာ/ဆရာမ လုံလောက်မှုမရှိတဲ့ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီကနေ ဖားကန့်သွားလမ်း နန့်ယား၊ နမ်တိန့်နဲ့ ဟောင်ပါးအုပ်စု တာမခံကျေးရွာတွေကို KIA သိမ်းပိုက်လိုက်ပြီးနောက် အဲဒီကျေးရွာတွေနဲ့ တစ်ဆက်တည်းရှိကြတဲ့ ဆိုင်းဖရာ၊ ခွမ်ဆိုင်ဇွပ်၊ တံတားညီနောင်၊ ကပ်မှော်၊ ပျားအုံ၊ ဆဘော့နဲ့ မနော့ စတဲ့ ကျေးရွာတစ်ခုလုံး KIO ရဲ့ ထိန်းချုပ်မှုအောက်မှာ ရောက်ရှိသွားပြီဖြစ်ပါတယ်။

အဲဒီကျေးရွာတွေမှာ ဒီနှစ်ကစပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ အုပ်ချုပ်မှု ယန္တရားလက်အောက်မှာ စာသင်ကျောင်းတွေ စတင်ဖွင့်လှစ်ထားနိုင်ပြီးတော့ လက်ရှိကျောင်းဖွင့်ထားတာ ၄ ပတ်ဝန်းကျင်ထဲရောက်ရှိလာပြီဖြစ်ပါတယ်။

ကျောင်းဖွင့်လှစ်ထားပေမယ့် ကျောင်းဆရာ၊ ဆရာမလုံလောက်မှုမရှိတဲ့ အခက်အခဲရှိနေတယ်လို့ ဖားကန့်သွား လမ်းမပေါ်မှာရှိတဲ့ ဆိုင်းဖရာဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

“ဖားကန့်လမ်းမှာရှိတဲ့ နန့်ယာ၊ ကပ်မှော်၊ ဆိုင်းဖရာ ကျေးရွာတွေမှာက ကျောင်းတွေက ဖွင့်လှစ်ထားပြီ။ အားလုံးက KIO လက်အောက်မှာရှိတဲ့ ကျောင်းတွေဖြစ်မှာပေါ့။ အဆင်ပြေတဲ့ အနေအထားမှာတော့ မရှိသေးဘူး။ တစ်ချို့ကျောင်းတွေက CDM ဝန်းထမ်းတွေကို စောင့်ရင်းနဲ့ ကျောင်းဖွင့်ထားတယ်။ တစ်ချို့ကျောင်းတွေက ရွာထဲက အရည်အချင်းရှိတဲ့ သူတွေကို မိဘခန့်နဲ့ သင်ကြားခိုင်းထားတယ်”လို့ပြောပါတယ်။

နန့်ယားနဲ့ ကပ်မှော်ကျေးရွာ ၂ ခုက သင်ကြားပေးမယ့် ကျောင်းဆရာ၊ ဆရာမ CDM ဝန်းထမ်းတွေကို စောင့်ဆိုင်းရင်း ကျောင်းဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

ဆိုင်းဖရာကျေးရွာမှာက ဂေါ့လူယန်၊ ပျားအုံ၊ တံတားညီနောင်၊ ခွမ်စိုင်ဇွပ်၊ မနော့နဲ့ စပေါ့ ကျေးရွာတွေစုပေါင်းပြီး ကျောင်းဖွင့်လှစ်ထားတာဖြစ်ပြီး KIO အစိုးရက ကျောင်း ဆရာ၊ ဆရာမ နှစ်ဦးသာ ခန့်အပ်ပေးထားတာကြောင့် ကျေးရွာပြည်သူတွေရဲ့ ရွေးချယ်မှုနဲ့ မိဘခန့် ဆရာ၊ဆရာမတွေနဲ့ စသင်နေပြီလို့ သိရပါတယ်။

ဖားကန့်သွားလမ်းပေါ်မှာ နန့်ယားကျေးရွာမှာက ၁၂ တန်းအထိ ဖွင့်လှစ်ထားပြီး ကျန်ကျေးရွာတွေမှာက ၉ တန်းအထိဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၃ နှစ်ကျော်လောက်အကြာ ကျောင်းဖွင့်လှစ်နိုင်ခြင်းမရှိတဲ့ ဟောင်ပါးအုပ်စုထဲက တာမခံကျေးရွာနဲ့ ကျန်ကျေးရွာ ၂ နေရာမှာလည်း ဒီနှစ် ၂၀၂၄ မှာတော့ ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ပေးနိုင်ပြီး ဆယ်ဇင်းကျေးရွာမှာက ဒေသခံပြည်သူတွေ နေရပ်ပြန်လာခြင်းမရှိသေးတာကြောင့် ကျောင်းဖွင့်လှစ်ပေးနိုင်ခြင်းမရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

ဖားကန့်ဒေသထဲမှာ ယခုနှစ်မှသာစတင်ပြီး KIO ရဲ့ အုပ်ချုပ်မှုစနစ်နဲ့ ကျောင်းတွေကို ပထမဆုံးအကြိမ်ဖွင့်လှစ်တာဖြစ်တဲ့အတွက် လိုအပ်ချက်များစွာရှိနေသေးတယ်လို့ ဖားကန့်ဒေသ KIO ဘက်က တာဝန်ရှိသူတစ်ဦးက အခုလိုပြောဆိုလာပါတယ်။

“အခက်အခဲလို့ပြောတဲ့ထဲမှာ ဒီနှစ်မှ KIO အစိုးရရဲ့ အောက်မှာ ကျောင်းတွေကို ဖွင့်လှစ်လိုက်တာဖြစ်တဲ့အတွက် အခက်အခဲတွေက အများကြီးရှိသလို ဖြည့်ဆည်းပေးဖို့လည်းအများကြီးကျန်နေသေးတယ်။ ခက်ခဲမှုလို့ပြောတဲ့ထဲမှာ ငွေကြေးထောက်ပံ့မှုပေးမှုတွေ၊ တစ်ချို့ကျောင်းတွေဆိုရင် ပိတ်ထားတာကြာပြီဖြစ်တဲ့အတွက် ပြန်လည်ပြုပြင်ပေးဖို့တွေ လိုအပ်တယ်။ အဲဒီလိုအပ်ချက်အားလုံးကိုလည်း သက်ဆိုင်ရာ ကျေးရွာတာဝန်ခံတွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ပေးနေပါတယ်”လို့ပြောပါတယ်။

လက်ရှိမှာ ဖားကန့်မြို့နယ်အတွင်း ဖွင့်လှစ်ထားတဲ့ ကျောင်းနေရာတွေမှာ ကျောင်းသူ/သားများအတွက် ဗလာစာအုပ်၊ ဘောပင်၊ ကျောင်းသုံးဗလာစာအုပ်တွေလည်း လုံလောက်မှုမရှိတာကြောင့် ကူညီထောက်ပံ့ပေးဖို့လည်း တောင်းဆိုနေတာလည်းဖြစ်ပါတယ်။

အခု KIO အစိုးရဖွင့်လိုက်တဲ့ စာသင်ကျောင်းတွေမှာ အရင်အစိုးရလက်ထက် CDM မလုပ်တဲ့ ကျောင်းဆရာဝန်ထမ်းတွေကို ပယ်ထုတ်လိုက်ကာ CDM ဝန်ထမ်းတွေကိုသာ ဦးစားပေးခန့်အပ်ပေးနေတာဖြစ်ပြီး CDM ဝန်ထမ်းလုံလောက်မှုမရှိတဲ့ ကျေးရွာတွေမှာက မိဘခန့်စနစ်နဲ့ သွားနေတာလည်းဖြစ်ပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...