နိုင်ငံတကာ ကရင်တစ်မျိုးသားလုံးဆိုင်ရာ နှီးနှောဖလှယ်ပွဲမှ ရှေ့လုပ်ငန်းစဥ်(၅)ရပ်ချမှတ်

နိုင်ငံတကာ ကရင်တစ်မျိုးသားလုံးဆိုင်ရာ နှီးနှောဖလှယ်ပွဲမှ ရှေ့လုပ်ငန်းစဥ်(၅)ရပ်ချမှတ်

ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင် ယခု ဇွန်လ(၆)ရက်နေ့မှ (၈)ရက်နေ့အထိ ပြုလုပ်ကျင်းပခဲ့သော နိုင်ငံတကာ ကရင်တစ်မျိုးသားလုံးဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် ကရင်ကံကြမ္မာကရင်ဖန်တီးခွင့်ရရေး အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဥ်(၅)ရပ်ကို ချမှတ်ခဲ့ကြောင်း ဇွန်လ(၁၇)ရက်နေ့ ရက်စွဲပါ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်သူလူထုကရွေးချယ်သော ပြည်သူ့ကိုယ်စားလှယ်ခေါင်းဆောင်များပါဝင်မည့် ကရင့်နိုင်ငံရေးစနစ် ပေါ် ပေါက်ရန် အပါအဝင် အမိန့်ပေး ကွပ်ကဲမှု တစ်ခုတည်းအောက်တွင်ရှိသည့် အရည်အချင်းပြည့်ဝသော တပ်မ တော် ပေါ်ပေါက်စေရေးစသည့် အချက်များပါဝင်သည့် လုပ်ငန်းစဥ် (၅) ရပ်ကို ချမှတ်ခဲ့ကြောင်း ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။

ထုတ်ပြန်ချက်ပါ ပြောခွင့်ရ စောအယ်လ်ဘတ်ချိုက “နှီးနှောဖလှယ်ပွဲကိုတက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေ ရဲ့ နိုင်ငံရေးလိုလားချက်၊ စိတ်ဆန္ဒပေါ့။ တစ်နေ့ကျရင် လူထုကိုယ်တိုင်ရွေးကောက်ပြီးတော့ မဲပေး ရွေးချယ်ကြ တဲ့ခေါင်းဆောင်မျိုး အလိုရှိတာပေါ့။ အခု ကရင့်တော်လှန်ရေးက Transitional (အသွင်ကူးပြောင်းရေးကာလ) ထဲ ရောက်နေတာ။ နောက်ပိုင်းကျရင်တော့ လူထုကိုယ်တိုင်မဲပေးပြီး ကိုယ့်ခေါင်းဆောင် ကိုယ်ရွေးချယ်မယ် ဆိုတဲ့ နိုင်ငံရေးစိတ်ဆန္ဒကိုဖော်ပြတယ်။ ဖြစ်လာဖို့ကိုလည်း သူတို့မျှော်မှန်းတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် နောက်ထပ်ရှေ့လုပ်ငန်းစဉ်များတွင် ကရင်အဖွဲ့အစည်းအတွင်းလိုအပ်သော လူသားနှင့်စွမ်းရည်အရင်း အမြစ်များရရှိရေး၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် တာဝန်ယူ တာဝန်ခံမှု အပြည့်ရှိပြီး တရားဥပေဒအောက် တွင်ရှိရမည့် စီးပွားရေးဖွံဖြိုး တိုးတက်စေရေး နှင့် စစ်ဘေးရှောင်ပြည်သူများ၏ လူသားချင်း စာနာမှုဆိုင်ရာလို အပ်ချက်များ လုံလောက်စွာရရှိရေးအတွက် ဆောင်ရွက်သွားရန် စသည့်အချက်များလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

၃ ရက်တာ ပြုလုပ်ခဲ့သည့် အဆိုပါနှီးနှောဖလှယ်ပွဲတွင် ကရင်အမျိုးသားအစည်းအရုံး-KNU ဗဟိုအမြဲတမ်း ကော်မတီဝင်များ၊ KNU ခရိုင်အချို့မှ ခေါင်းဆောင်များ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဗဟို နှင့် ကရင်လူမှုအဖွဲ့အစည်းမှကိုယ်စားလှယ်များပါဝင်ခဲ့ပြီး နိုင်ငံရေးအခက်အခဲနှင့်စိန်ခေါ်မှုများကို အဖြေရှာ နိုင်မည့်နည်းလမ်းများအတွက်ရည်ရွယ်တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

အဆိုပါ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဥ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရေးကော်မတီများဖွဲ့စည်းခဲ့ပြီးနောက် အချို့ အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းစဉ်များကိုလည်း စတင်ဆောင်ရွက်နေပြီးဖြစ်သလို မိမိကံကြမ္မာဖန်တီးရေးအတွက် တတ်သိပညာရှင်နှင့် လူငယ်များကို ဖိတ်ခေါ်လိုကြောင်းလည်း စောအဲလ်ဘတ်ချိုက ယခုလို ဖြည့်စွက်ပြောသည်။

“ကရင့်တော်လှန်ရေးက နှစ်ပေါင်း(၇၅)နှစ်အတွင်းရောက်လာပြီဆိုပေမယ့် အပြောင်းအလဲတွေလည်းဖြစ် လာပြီး။ Stable ဖြစ်တဲ့နယ်မြေတွေရှိလာပြီး။ အဲဒီနယ်မြေတွေထဲမှာ တည်ဆောက်ရေးလုပ်တဲ့အခါ လူသား အရင်းအမြစ်တွေများများပြန်လာမှ ခြေလှမ်းမြန်မြန် မှန်မှန်နဲ့လုပ်လို့ရမှာ။ ဒါကြောင့် တတ်သိပညာရှင်တွေ နိုင်ငံတကာရောက်နေတဲ့လူငယ်တွေ ကရင့်ရဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ကိုရှေးရှုပြီးတော့ ပြန်လာကြပါ” ဟု ပြောဆို သည်။

ထို့အတူ ဖလှယ်ပွဲအတွင်း ကရင်တစ်မျိုးသားလုံး၏နိုင်ငံရေးနှင့်လုံခြုံရေး အာမခံချက်ပေးနိုင်သော အစိုးရ တစ်ရပ်ပေါ်ပေါက်လာရေးကိုလည်း တက်ရောက်လာသော ကိုယ်စားလှယ်များအားလုံးမှ စုပေါင်းတာဝန်ယူ ဆောင်ရွက်သွားကြမည်ဟု ကတိပြုခဲ့ကြကြောင်းလည်း ပွဲအပြီး ထုတ်ပြန်ချက်အတွင်း ထည့်သွင်းဖော်ပြ ထား သေးသည်။

အဆိုပါနှီးနှောဖလှယ်ပွဲကို KNUနှင့်KNLA မှ တာဝန်ရှိကိုယ်စားလှယ်များအပါအဝင် အမေရိကန်၊ ကနေဒါ၊ ဩစတေးလျ၊ နယူးဇီလန်၊ နယ်သာလန် နှင့် နော်ဝေနိုင်ငံ စသည့် နိုင်ငံတကာရောက် ကရင့်ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းဖြစ်သည့် ပြည်တွင်းနှင့်နယ်စပ်မှကရင်ကိုယ်စားလှယ်များ၊ လွတ်လပ်သည့်အကြံပေးအဖွဲ့ ဝင် စုစုပေါင်း ကိုယ်စားလှယ်(၈၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။

October 2, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်နှင့် ကျေးရွာများတွင် စစ်ကောင်စီက အောက်တိုဘာ ၁ ရက်နေ့မှစ၍...
October 1, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ သထုံခရိုင်/တပ်မဟာ(၁)၊ ဖားအံမြို့နယ်ထဲရှိ...
October 1, 2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီက အသက် (၁၈)...
September 30, 2024
နိုင်ငံအတွင်း နယ်မြေအများစုကို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့်အချိန် ဖြစ်နေသည့်အတွက်...