ကုန်သွယ်ရေးလမ်းပိုင်း ပျက်စီးမှုကြောင့် ထိုင်းကုန်စည်စီးဆင်းမှုနှောင့်နှေး

ကုန်သွယ်ရေးလမ်းပိုင်း ပျက်စီးမှုကြောင့် ထိုင်းကုန်စည်စီးဆင်းမှုနှောင့်နှေး

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းတွေမှာ မိုးရွာသွန်းမှုကြောင့် လမ်းပျက်စီးမှုတွေ ရှိလာတဲ့အတွက် ထိုင်းကုန်စည်စီးဆင်းမှု နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်ပေါ်နေတယ်လို့ နယ်စပ်ကုန်သည်တွေနဲ့ ယာဉ်မောင်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကလမ်းပိုင်းဖြစ်တဲ့ အာရှလမ်းမကြီးကို တိုက်ပွဲတွေကြောင့် ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထားတဲ့အတွက် ထို့ကော်ကိုးလမ်းပိုင်းနဲ့ အရင်လမ်းဟောင်းတွေကို ပြန်လည်အသုံးပြုနေရတာပါ။

အဲဒီလမ်းပိုင်းတွေကလည်း မိုးရွာသွန်းမှုကြောင့် ကားလမ်းဆိုးဆိုးဝါးဝါး ပျက်စီးလာတာ၊ မြေကျွံတာ၊ ဗွက်ထပြီး လမ်းချောတာတွေအပြင် မိုးတအားရွာသွန်းပါက ဖြတ်သန်းလို့မရတာတွေရှိတဲ့အတွက် ကုန်စည်စီးဆင်းမှုကြန့် ကြာမှုတွေ ဖြစ်ပေါ်နေတာပါ။

ကုန်တင်ယာဉ်မောင်းတစ်ဦးက ကုန်သွယ်ရေးလမ်းပိုင်း ပျက်စီးမှုကြောင့် တစ်ရက်ခရီးကို ၅ ရက်လောက် သွားလာနေရပြီး ထို့ကော်ကိုးလမ်းပိုင်းဆိုရင် လုံးဝသွာလာလို့မရတဲ့ အခြေအနေနဲ့ ကြုံနေရတယ်လို့ ပြောပါတယ်။

“ လမ်းကြောင်းက တော်တော်လေးကို ဒုက္ခရောက်နေတယ်။ လမ်းကလည်း ပျက်နေတယ်။ ကျွန် တော်တို့ လယ်ကွင်းလမ်းက မောင်းရင်းမောင်းရတယ်။ ရော်ဘာခြံထဲ မောင်းရင်မောင်းရတယ်။ အဲဒါလမ်းဟောင်း ထို့ကော်ကိုးက သွားလို့မရတော့ဘူး၊။ ကားသားလေးတွေတောင်မှ ပုံမှန်ထွန်စက်နဲ့ ဆွဲနေရတယ်။ နည်းနည်းမိုးလေးဖွဲလိုက်တာနဲ့ စလစ်ဖြစ်ရော။ အဲဒါမြေကြီးခြောက်မှ လာရတာ ၅ ရက် ကြာခဲ့တယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် ကားကြီးတွေ သွားလာလို့ရတဲ့ လမ်းဟောင်းဟာ မိုးရွာသွန်းပါက အချိန်တော်တော်ကြာ စောင့်ဆိုင်းပြီး သွားလာရသလို မစောင့်ဆိုင်းဘဲ သွားလာတဲ့ ယာဉ်တချို့ကတော့ လမ်းချောပြီး လမ်းဘေးထိုးကျတာ၊ တိမ်း မှောက်တာတွေ ဖြစ်ပေါ်နေရတယ်လို့ သူက ဆက်ပြောပါတယ်။

နယ်စပ်ကုန်သည်တစ်ဦးကလည်း ကုန်သွယ်ရေးလမ်းပိုင်း အခက်အခဲတွေနဲ့အတူ ထိုင်းဘတ်ငွေဈေးနှုန်း အဆမတန်မြင့်တက်နေတဲ့အတွက် ကုန်သွယ်မှုရပ်နားရမယ့် အခြေအနေနဲ့ ကြုံနေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လမ်းကတော့ လုံးဝကို သွားလို့မရဘူး ဖြစ်နေတယ်။ တချို့တွေတော့ သွားနေတယ်ပေါ့။ တချို့တွေတော့ မသွားတော့ဘူး။ ကုန်ကားတွေကြီးပဲ ပိတ်နေတာကိုး။ ကားလေးတွေပဲ သွားလို့ရတဲ့ အ နေအထားမျိုးရှိတယ်။ ဘယ်လမ်းမမှ ဆင်းလို့မရဘူး။ မြဝတီကအဆင်းပဲ ရတယ်။ အတက် မရတော့ဘူး။ အဲဒီအခါကျတော့ အကုန်လုံးပေါ့ကွာ။ လုပ်ငန်းရှင်တွေကလည်း နားနေကျတာပေါ့”လို့ ဆိုပါတယ်။

အခုလို မြဝတီမြို့ကို သွားလာတဲ့လမ်းကြောင်းဟာ လက်ရှိမိုးအဝင်ကာလမှာပဲ ပျက်စီးမှုများနေတာကြောင့် မိုးအလယ်ကာလမှာ သွားလာဖို့ ပိုမိုခက်ခဲလာနိုင်သလို ထိုင်းကုန်စည် စီးဆင်းမှုတွေပါ သိသိသာသာ နှေးကွေးလာနိုင်တယ်လို့ သူကဆက်ပြောပါတယ်။

ထိုင်းကုန်ပစ္စည်း သယ်ယူရအခက်အခဲကြောင့် ကုန်စည်ဝင်ရောက်မှု နည်းပါးလာပါက ဒေသတွင်းမှာ ဈေးနှုန်းအနည်းငယ် ထပ်တက်လာနိုင်ပြီး အသုံးများတဲ့ ထိုင်းကုန်ပစ္စည်းတချို့ရှားပါးမှုတွေပါ ဖြစ်လာနိုင်တယ်လို့ နယ်စပ်ကုန်သည်တွေက သုံးသပ်ပါတယ်။

မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံကနေ အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန်နဲ့ ဆောက်လုပ်ရေး သုံးကုန်ပစ္စည်းတွေအပြင် အထွေထွေသုံးကုန်ပစ္စည်းတွေကိုပါ အဓိကအားထားပြီး တင်းသွင်းနေရတာ ဖြစ်ပါတယ်။

စစ်ကောင်စီ ကုန်သွယ်မှုဦးစီးဌာနရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ်က မြဝတီကုန် သွယ်ရေးစခန်းကနေ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာသန်း ၈၀၀ ကျော် ရှိခဲ့ပေမယ့် အခုဘဏ္ဍာရေးနှစ် ဧပြီလအထိ ကန်ဒေါ်လာ ၁၀ သန်းကျော်သာ ကုန်သွယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Most read this week

October 3, 2024
နိုင်ငံ့အာဏာကို လက်နက်အားကိုးပြီး အဓမ္မသိမ်းယူထားတဲ့ စစ်ကောင်စီက နိုင်ငံရေးပြဿနာကို နိုင်ငံ‌...
October 2, 2024
မွန်ပြည်နယ်အတွင်းရှိ နေလှန်ဆားလုပ်ငန်းတွေဟာ အထွေထွေကုန်ကျစရိတ်ကြီးမြင့်မှုအပါအဝင်...
October 2, 2024
နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေမှာ အခုနှစ် ကိုးလအတွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ...
October 1, 2024
လူတစ်ဦးချင်းစီရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဖြည့်စွက်ကောက်ယူသွားမယ့် စစ်ကောင်စီရဲ့...