မြေရှားသတ္တုလုပ်ကွက်မြေပြိုမှုမှာ လုပ်သား ၁၂ ဦးဝန်းကျင်ပျောက်ဆုံးနေ

မြေရှားသတ္တုလုပ်ကွက်မြေပြိုမှုမှာ လုပ်သား ၁၂ ဦးဝန်းကျင်ပျောက်ဆုံးနေ

ပန်ဝါမြို့အနီးမှာရှိတဲ့ လုပ်ကွက်နံပါတ် အမှတ် ၃ မှာ  မြေရှားသတ္တုကုမ္မဏီလုပ်ကွက်တစ်ခုမြေပြိုမှုဖြစ်ပြီး တရုတ်နိုင်ငံသားတွေအပါအဝင် မြန်မာနိုင်ငံသား၂ ဦးရဲ့ရုပ်လောင်းရှာဖွေတွေ့ရှိထားပေမယ့် နောက်ထပ် ၁၂ ဦးခန့်ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ပန်ဝါ‌ဒေသခံ‌တွေ ပြောပါတယ်။

ဒီဖြစ်စဉ်က ဇွန်လ ၄ ရက်နေ့ မနက်ပိုင်း ၈ နာရီဝန်းကျင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီကနေ့ထိ ရှာဖွေရေးဆက်တိုက်လုပ်နေဆဲဖြစ်ပေမယ့် တရုတ်နိုင်ငံသားလုပ်ငန်းရှင် ၂ ဦးရဲ့ရုပ်အလောင်းနဲ့ မြန်မာပြည်သား ၂ ဦးရုပ်အလောင်းသာရှာတွေ့သေးတယ်လို့ သိရပါတယ်။

“ခုထိတော့ ၄ လောင်းဘဲရှာ‌တွေ့သေးတယ်လို့ သိရတယ်။ အဲမှာတရုတ်နိုင်ငံသား ၂ ယောက်ရဲ့အလောင်းက တရုတ်ဘက်ပို့လိုက်ပြီလို့ကြားတယ် ရှာ ဖွေရေးက ဆက်လုပ်နေတုန်းဘဲ“လို့ ပန်ဝါဒေသခံတစ်ဦးက ပြောပါတယ်။

မြေပြိုကျလို့ သေဆုံးသွားတဲ့ထဲမှာ မြေရှားသတ္တုလုပ်ငန်းခွင်မှာအလုပ်လာရောက်လုပ်ကိုင်နေတဲ့ မြန်မာပြည်နေရာအနှံ့က အလုပ်လာရောက်လုပ်ကိုင်တဲ့ လုပ်သားတွေအပါအဝင် ဈေးရောင်းတဲ့ အမျိုးသမီးငယ်တစ်ချို့လည်းပါဝင်တယ်လို့ သိရပေမယ့် မည်သူမည်ဝါတွေဖြစ်တယ်ဆိုတာ ရှာဖွေရေးလုပ်နေဆဲမို့ တိတိကျကျပြောဖို့ခက်နေသေးတယ်လို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ဒီမြေပြိုမှုဟာ မြေရှားသတ္တုလုပ်ငန်းခွင်ရဲ့အထက်မှာရှိတဲ့ ရေလှောင်ကန်ပြိုကျရာကနေ လုပ်ငန်းခွင်ထဲရောက်နေသူအားလုံးနီးပါး မြေပိသေဆုံးတာဖြစ်တယ်လို့ပြောဆိုနေကြပေမယ့် ဖြစ်စဉ်အသေးစိတ်ကိုတော့ KNG သတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

အလားတူ ဇွန်လ ၁ ရက်နေ့မှာလည်း  ချီဖွေမြို့နယ် ဇုတ်လန်ရွာအနီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေရှားသတ္တုတူးဖော်ရေး လုပ်ကွက်တစ်ခု မြေပြိုကျခဲ့ပြီး အသက် ၁၉ နှစ်အရွယ် ကိုဒိုင်ခေါင်ဆိုသူလုပ်သားတစ်ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ်ရှိခဲ့သလို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့မှာလည်း ချီဖွေမြို့နယ် ပန်ဝါဒေသက မြေရှားသတ္တုလုပ်ငန်းခွင်တစ်ခုမှာ မြေပြိုတဲ့အထဲ အမျိုးသားတစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။

ကချင်ပြည်နယ် ချီဖွေမြို့နယ်အပါအဝင် ကချင်အထူးဒေသ ၁ နယ်မြေဖြစ်တဲ့ ပန်ဝါမြို့တွေမှာ မြေရှားတူးဖော်မှုပိုမိုဆိုးရွားလာနေတဲ့အပြင် မြေရှားသတ္တုကို တရုတ်နိုင်ငံသို့ တင်ပို့မှုအကြီးအကျယ်မြင့်တက်နေတယ်လို့ သဘာဝပတ်ဝန်းကျင်အရေးစောင့်ကြည့်တဲ့အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ Global Witness အဖွဲ့က မေလ ၁၇ ရက်နေ့မှာ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ တရုတ်သို့မြေရှားတင်ပို့တဲ့ပမာဏဟာ ၂၀၂၁ ခုနှစ်မှာ တန်ချိန် ၁၉,၅၀၀ တန်ရှိပေမယ့် ၂၀၂၃ ခုနှစ်မှာတော့ တန်ချိန် ၄၁၇၀၀ အထိ မြင့်တက်လာတာကြောင့် တင်ပို့မှုပမာဏဟာ ၂ ဆကျော်ပိုများလာတယ်လို့ ဖော်ပြထားပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...