ဖာပွန်မြို့ဒေသအတွင်း တိမ်းရှောင်နေသည့် စစ်ရှောင်ပြည်သူများ ဆေးဝါးနှင့်ရိက္ခာအရေးပေါ်လိုအပ်

ဖာပွန်မြို့ဒေသအတွင်း တိမ်းရှောင်နေသည့် စစ်ရှောင်ပြည်သူများ ဆေးဝါးနှင့်ရိက္ခာအရေးပေါ်လိုအပ်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅) နယ်မြေ၊ မူတြော်ခရိုင်၊ ဖာပွန်မြို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူများ လက်ရှိတွင် ဆေးဝါး နှင့် ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း တိမ်းရှောင်နေရသည့် ဖာပွန်ဒေသခံများထံမှ သိရသည်။

အဆိုပါနယ်မြေတွင် လမ်းပန်းဆက်သွယ်ရေး နှင့် ဖုန်းလိုင်းများပြတ်တောက်နေပြီး စစ်ကောင်စီတပ်က လေယာဉ်၊ ဒရုန်းများဖြင့် နေ့စဉ်လာရောက်ပစ်ခတ်မှုများရှိသောကြောင့် ဖာပွန်မြို့ပေါ်ရှိ ဒေသခံများနှင့် အနီးအနားကျေးရွာရှိ အရပ်သားများ ဘေးလွတ်ရာ ထွက်ပြေးသိမ်းရှောင်နေရကာ လက်ရှိ မိုးဦးကာလ ရောက်လာသည့်အတွက် ရာသီတုပ်ကွေး ရောဂါ များကိုကာကွယ်ရန် ဆေးဝါးလိုအပ်ချက်များရှိကြောင်း တိမ်းရှောင် နေရသည့် ဖာပွန် ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “မိုးရာသီလည်းရောက်လာပြီးဆိုတော့ အမိုးအကာတွေအပြင်ပေါ့နော်၊ ရာသီတုပ်ကွေး ရောဂါတွေ မဖြစ်အောင် ကာကွယ်ဖို့ ဆေးတွေအဓိကလိုနေတယ်။ နေရာတစ်ခုသွားမို့ ဖုန်းလိုင်း ချိတ်ဆက်တာလည်းမရတော့ ပိုဆိုးတာပေါ့။ ဆန်ဆီဆား ကုန်ခြောက်တွေလည်းလိုတယ်။ စုထားတဲ့ ဟာတွေလည်း ဟိုနည်းနည်းဒီနည်းနည်း ကုန်လာပြီး။ ကုန်းလမ်းရေလမ်း အကုန်လုံးက လမ်းကြောင်း အဆင်မပြေတော့ ဝယ်ရသွားရတာအဆင်မပြေဘူး။ ပိုက်ဆံရှိရင်တောင် ဝယ်လို့မရတော့ဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် ဖာပွန်မြို့ကို စစ်ကောင်စီတပ်က ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားခြင်းကြောင့် ထွက်ပြေးတိမ်း ရှောင်နေသည့်် စစ်ဘေးရှောင် ပြည်သူအချို့နှင့် မိသားစုဝင်များ ဆက်သွယ်မှုမရရှိကြောင်းလည်း ဖာပွန်မြို့ခံများက ပြောဆိုသည်။

ထို့အပြင် ဖာပွန်မြို့ပေါ်တွင် ပိတ်မိနေသည့် အရပ်သားပြည်သူ ၃ ထောင်နီးပါးနှင့် မြို့နှင့်နီးစပ်သည့်် ကျေးရွာ အုပ်စု ၄ အုပ်စုမှ ဒေသခံပြည်သူများမှာ စစ်ကောင်စီတပ်၏ လေယာဉ်များ မကြာခဏပျံဝဲနေသည့် အတွက်ကြောင့် ကျေးရွာ အတွင်းမနေရဲဘဲ လူဦးရေ (၁၃,၀၀၀) ခန့်တိမ်းရှောင်နေရပြီး ထွက်ပြေး တိမ်းရှောင်သူနှင့်ပိတ်မိနေသူ စုစုပေါင်း လူဦးရေ (၁၆,၀၀၀) အထိရှိနေပြီးဖြစ်ကြောင်း ကေအဲန်ယူ မူတြော်ခရိုင်၏ ပြုစုထားသော စာရင်းအရသိရသည်။

ကေအဲန်ယူ တပ်မဟာ(၅) အနေဖြင့် စစ်ကောင်စီ၏ တပ်စခန်းကြီး စခန်းငယ် စုစုပေါင်း (၂၀) ခန့် နှင့် မြို့တွင်းအခြေစိုက် တပ်ရင်း (၂)ရင်းကို တိုက်ခိုက်သိမ်းပိုက်ကာ မြို့ကိုထိန်းချုပ်ထားနိုင်ပြီးဖြစ်သော်လည်း စစ်ကောင်စီ၏ ကျန်ရှိသည့် ဗျူဟာကုန်းစခန်းအပါအဝင် အရေးပါသည့် စခန်းများကို ဆက်လက်ပိတ်ဆို့ထားကြောင်း တပ်မဟာ(၅)ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ကေအိုင်စီသို့ ပြောဆိုထားသည်။

စစ်ကောင်စီ အနေဖြင့်လည်း ဖာပွန်မြို့အပါအဝင် အသိမ်းပိုက်ခံထားရသည့် စခန်းများကို ပြန်လည် ရရှိရေးအတွက် လေကြောင်း နှင့် ဒရုန်းကို အားပြုအသုံးပြု၍ ဆက်လက် တိုက်ခိုက်နေသလို KNLA ဘက်ကလည်း စစ်ကောင်စီ၏ ကျန်ရှိနေသည့် စစ်ကောင်စီစခန်းများကို ဆက်လက်ပိတ်ဆို့ တိုက်ခိုက်နေဆဲဖြစ်သည်။

October 4, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်/တပ်မဟာ ၅ ၊ လူသောကျေးရွာအုပ်စုအတွင်း၌...
October 4, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ သန်းခေါင်စာရင်းကောက်သည့် စစ်ကောင်စီ...
October 2, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်နှင့် ကျေးရွာများတွင် စစ်ကောင်စီက အောက်တိုဘာ ၁ ရက်နေ့မှစ၍...
October 1, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ သထုံခရိုင်/တပ်မဟာ(၁)၊ ဖားအံမြို့နယ်ထဲရှိ...