သီးခြားလွတ်လပ်သည့် ချင်းအမျိုးသားတက္ကသိုလ်- CNU ကို အလျင်အမြန် ဖွင့်လှစ်နိုင်ရေး ချင်းပြည်အစိုးရဆောင်ရွက်နေ

သီးခြားလွတ်လပ်သည့် ချင်းအမျိုးသားတက္ကသိုလ်- CNU ကို အလျင်အမြန် ဖွင့်လှစ်နိုင်ရေး ချင်းပြည်အစိုးရဆောင်ရွက်နေ

ချင်းပြည်နယ်တွင် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိ၍ သီးခြားလွတ်လပ်သည့် ပထမဆုံး ချင်းအမျိုးသားတက္ကသိုလ် (CNU) ကို အမြန်ဆုံး ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေပြီဟု ချင်းပြည်အစိုးရအဖွဲ့၊ ပညာရေးဝန်ကြီး Salai Cross Thang က ပြောသည်။

“ CNU ကို အမြန်ဆုံး ဖွင့်နိုင်အောင် ကြိုးစားဆောင်ရွက်နေပါတယ်။ ဘာသာရပ်စုံ တက္ကသိုလ်အနေနဲ့ ဖွင့်မှာဖြစ်ပါတယ်။ လုံံခြုံရေး အရ တက္ကသိုလ်ဖွင့်လှစ်မယ့်နေရာကိုတေ့ာ အခု ပြောလို့ မရသေးပါဘူး”ဟု ချင်းပညာရေးဝန်ကြီးက ပြောသည်။

ချင်းအမျိုးသားတက္ကသိုလ်တွင် အာဏာမသိမ်းမှီက တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများ၊ တက္ကသိုလ်အတန်း မပြီးသေးသူများ၊ အာဏာသိမ်းကာလ အထက်တန်းကျောင်း ပြီးမြောက်သူများ တက္ကသိုလ်ပညာ ဆက်လက်သင်ယူနိုင်မည်ဖြစ်သည်။

ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရကို ဖွဲ့စည်းပြီး ၄ လနီးပါးအကြာတွင် ချင်းအမျိုးသားတက္ကသိုလ် ပဋိညာဉ်ကနဦးမူကြမ်းကို ရေးဆွဲနိုင်ခဲ့ပြီးဖြစ်သော်လည်း CNU ဖွင့်လှစ်မည့် အချိန် အတိအကျကိုမူ အသေးစိတ်ပြောဆိုခဲ့ခြင်း မရှိပေ။

CNU သည် ချင်းပြည် တည်ဆောက်ရေး၊ ချင်းအမျိုးသား တည်ဆောက်ရေးအတွက် လိုအပ်သော လူသားအရင်းအမြစ်များကို မွှေးထုတ်ပေးရန် ရည်ရွယ်၍ ဘာသာရပ်စုံကို ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။

“ချင်းအမျိုးသားတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်ပေးဖို့ CDM တက္ကသိုလ် ဆရာ၊ ဆရာမအားလုံးကို ဖိတ်ခေါ်ပါရစေ၊၊ အထူးသဖြင့် CDM ချင်းလူမျိုး၊ တက္ကသိုလ် ဆရာ/မ အားလုံးကို အနူးအညွတ်မေတ္တာရပ်ခံအပ်ပါတယ်။ ချင်းအမျိုးသားတက္ကသိုလ်မှာ ဝင်ရောက် ကူညီ တာဝန်ထမ်းဆောင်ပေးဖို့ ဖိတ်ခေါ်ပါရစေ” ဟု ချင်းပညာရေးဝန်ကြီးက ပြောသည်။

တော်လှန်ရေးကာလတွင် ချင်းပြည်က ကျောင်းသား/သူများ အဆင့်မြင့်ပညာ သင်ယူခွင့်ရရှိရန် ချင်းပြည်အစိုးရ၊ ပညာရေး ဝန်ကြီးဌာနသည် အဆင့်မြင့်ပညာရေးအလုပ်ရုံ ဆွေးနွေးပွဲကို မေလက ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ကျင်းပခဲ့ကာ ချင်းအမျိုး သားတက္ကသိုလ် ပဋိညာဉ် ကနဦး မူကြမ်းကို ရေးဆွဲထားပြီဖြစ်သည်။

ချင်းအမျိုးသားတက္ကသိုလ် (CNU)၏ ဆောင်ပုဒ်သည် “အလင်းနှင့် သမ္မာတရား” ဖြစ်ပြီး လိုက်နာမည့် စံတန်ဖိုးများမှာ “ပညာကို ချစ်မြတ်နိုးမှု”၊ “လွတ်လပ်မှု”၊ “ပြည်သူကို အလုပ်အကျွေးပြုမှု” နှင့် “လူ့အခွင့်အရေး”တို့ ဖြစ်သည်။

CNU တွင် ရည်မှန်းချက် (၆) ချက်ရှိမည်ဖြစ်ပြီး ချင်းပြည်အစိုးရ၏ အထောက်အပံ့ဖြင့် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း များအား ကိုယ်ပိုင်ပြဌာန်းခွင့် ရှိကာ သီးခြားလွတ်လပ်သည့် တက္ကသိုလ်အဖြစ် ရပ်တည်မည်ဖြစ်သည်။

လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်သော အခြေခံပညာပြီးမြောက်သော CDM ကျောင်းသား/သူများကို တက္ကသိုလ်ပညာ သင်ကြားနိုင်ရန် အထူးအစီအစဉ်များ ရေးဆွဲပေးမည်ဖြစ်သည်။

အရည်အသွေး အာမခံချက်ရှိသော လွတ်လပ်စွာ၊ ပညာသင်ယူနိုင်သည့် လူတိုင်း လက်လှမ်းမီ ပညာသင်ယူနိုင်ရေး စင်္ကြံတစ်ခု ဖန်တီးအကောင်အထည်ဖော်နိုင်ရေးနှင့် ဘဝတသက်တာ ပညာသင်ယူမှုကို အားပေးရန်နှင့် လူ့အဖွဲ့အစည်းဖွံ့ဖြိုးရေးကို အထောက်အကူပြုစေမည့် တက္ကသိုလ်ကို ဖော်ဆောင်မည်ဟု သိရသည်။

သုတေသနလုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းနှင့် အရည်အသွေး အာမခံသော အဆင့်မြင့် ပညာသင်ရပ်ဝန်း တည်ဆောက်ရန် ရည်ရွယ်ထားသည်ဟုသိရသည်။

Most read this week

October 4, 2024
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက မြန်မာစစ်ဘေးရှောင် ၇၀၀...
October 2, 2024
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ် အနောက်ရပ်ကွက် ဘုရင့်နောင်လမ်းခွဲတွင် အောက်တိုဘာလ (၁)...
October 1, 2024
စစ်ကောင်စီသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ယူမှုကို ယနေ့အောက်တိုဘာ လ ၁...
September 28, 2024
စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမည့် အစီအစဉ်တွင် ပါဝင်သူများကို ပြင်းထန်စွာအရေးယူမည်ဟု ZFU/...