ချင်းပြည်တောင်ပိုင်း မြို့နယ် ၄ ခုက ဒိုင်ရ်နယ်မြေများကို ပေါင်းစည်း၍ ဒေသအုပ်ချုပ်ရေး ဆောင်ရွက်မည်ဟု ဒိုင်ရ်ဒေသန္တရကောင်စီ ထုတ်ပြန်

ချင်းပြည်တောင်ပိုင်း မြို့နယ် ၄ ခုက ဒိုင်ရ်နယ်မြေများကို ပေါင်းစည်း၍ ဒေသအုပ်ချုပ်ရေး ဆောင်ရွက်မည်ဟု ဒိုင်ရ်ဒေသန္တရကောင်စီ ထုတ်ပြန်

ချင်းပြည်နယ်တောင်ပိုင်းက မြို့နယ် (၄) ခုအတွင်းရှိ ဒိုင်ရ်နယ်မြေဒေသများကို တစ်စုတစ်စည်းတည်း ပြန်လည်ပေါင်းစည်းပြီး ဒေသအုပ်ချုပ်ရေးလုပ်ငန်းကို ဒိုင်ရ်ဒေသန္တရ ကောင်စီက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပထမအကြိမ် ဒိုင်ရ်ဒေသလုံးဆိုင်ရာ ပြည်သူ့ညီလာခံကို မေလ ၁၆ ရက်မှ ၁၇ ရက်အထိ ဒိုင်ရ်ဒေသတစ်နေရာတွင် အောင်မြင်စွာ ကျင်းပခဲ့ကြပြီး ကန်ပက်လက်မြို့နယ်၊ မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်အတွင်းရှိ ဒိုင်ရ်နယ်မြေဒေသများကို ပြန်လည်ပေါင်း စည်းရန် သဘောတူခဲ့ပြီး ဖွဲ့စည်းပုံနှင့် အခြေခံမှုများ ရေးဆွဲအ တည်ပြုကာ ဒိုင်ရ် ဒေသန္တရကောင်စီကိုလည်း ဖွဲ့စည်းလိုက်ကြောင်း  မေလ ၂၉ ရက်မှာ ယင်းကောင်စီက ထုတ်ပြန်သည်။

မြို့နယ် (၄)မြို့နယ်အတွင်း ခေတ်အဆက်ဆက် ပိုင်းခြားအုပ်ချုပ်ခြင်းခံခဲ့ရသော ဒိုင်ရ်နယ်မြေများကို ဒိုင်ရ်ကောင်စီ၏ ဦးဆောင်မှုဖြင့် တစ်စုတစ်စည်းတည်း ပြန်လည်ထားရှိ၍ အုပ်ချုပ်မှုတစ်ခုတည်းဖြင့် ဒေသန္တရ အုပ်ချုပ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု သိရသည်။

ဒိုင်ရ်ဒေသကာကွယ်ရေး၊ လုံခြုံရေး၊ ပြည်သူလူထု အသက်အိုးအိမ်များကို ကာကွယ်ရေးအတွက် ယင်း (၄) မြို့နယ်အတွင်းရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ စုပေါင်းပြီး ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်) အဖြစ် တည်ဆောက်သွားမည်ဟု ဒိုင်ရ်ဒေသန္တရ ကောင်စီက ထုတ်ပြန်သည်။

လိုအပ်သော တွေ့ဆုံညှိနှိုင်းမှုများကို သက်ဆိုင်ရာ အိမ်နီးချင်း မြို့နယ်အဖွဲ့အစည်းများ၊ တော်လှန်ရေး အင်အားစုများနှင့်လည်း ဒိုင်ရ်ဒေသန္တရ ကောင်စီက ကြိုးပမ်းဆောင်ရွက်သွားမည်ဟု သိရသည်။

ဒိုင်ရ်ဒေသအတွင်းက နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ကိစ္စအဝဝကို စီမံဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဟု ဒိုင်ရ်ဒေသန္တရကောင်စီက ဆိုသည်။

ပြည်သူတစ်ရပ်လုံး ဆင်နွှဲနေသော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် ရည်မှန်းချက် ပန်းတိုင်တူညီသော တော်လှန်ရေး အင်အားစုများ အားလုံးနှင့်အတူ ဆက်လက် ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဟု သိရသည်။

ချင်းအမျိုးသားစည်းလုံးညီညွတ်ရေး၊ ချင်းပြည်တည်ဆောက်ရေးတွင် ဘက်လိုက်မှု မရှိဘဲ ချင်းတော်လှန်ရေး အင်အားစုများ အာလုံးနှင့်အတူတကွ လက်တွဲပူးပေါင်း ကြိုးပမ်းသွားမည်ဟုဆိုသည်။

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးနှင့် ချင်းပြည် တည်ဆောက်ရေးအပါအဝင် ဒိုင်ရ်ချင်း မျိုးနွယ်စုများ စည်းလုံးညီညွတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ဦးတည်၍ ယင်းညီလာခံကို ကျင်းပခဲ့ကြောင်း သိရသည်။

ပထမအကြိမ် ဒိုင်ရ်ဒေသလုံးဆိုင်ရာ ပြည်သူ့ညီလာခံတွင် မြို့နယ် (၄) ခုက ဒိုင်ရ်ဒေသကျေးရွာ ကိုယ်စားလှယ်များ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ကာကွယ်ရေးတပ်ဖွဲ့များ၊ အထူးဖိတ်ကြားထားသူများနှင့် လေ့လာသူများ အပါအဝင် စုစုပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဒိုင်ရ်ဒေသန္တရ ကောင်စီ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ – ဒိုင်ရ်သည် ချင်းလန်းကောင်စီ(CC)၊ ချင်းပြည်အစိုးရအဖွဲ့တွင်ပါဝင်သော အဖွဲ့ ဖြစ်သည်။

October 4, 2024
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက မြန်မာစစ်ဘေးရှောင် ၇၀၀...
October 2, 2024
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ် အနောက်ရပ်ကွက် ဘုရင့်နောင်လမ်းခွဲတွင် အောက်တိုဘာလ (၁)...
October 1, 2024
စစ်ကောင်စီသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ယူမှုကို ယနေ့အောက်တိုဘာ လ ၁...
September 28, 2024
စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမည့် အစီအစဉ်တွင် ပါဝင်သူများကို ပြင်းထန်စွာအရေးယူမည်ဟု ZFU/...