ရခိုင်စစ်ပွဲအတွင်း နေအိမ်နှင့် အဆောက်အအုံ ၆,၀၀၀ ခန့် ဖျက်ဆီးခံရ

ရခိုင်စစ်ပွဲအတွင်း နေအိမ်နှင့် အဆောက်အအုံ ၆,၀၀၀ ခန့် ဖျက်ဆီးခံရ

ရခိုင်နှင့် ပလက်ဝဒေသတွင် တိုက်ပွဲကာလ (၆) လအတွင်း နေအိမ်၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်း၊ လမ်းတံတား စုစုပေါင်း ၅,၉၇၆ ခု ဖျက်ဆီးခံရကြောင်း ULA/AA ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)စာရင်းတွင် ဖော်ပြသည်။

အဆိုပါပျက်စီးမှုများမှာ ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ မေ ၁၃ အထိ ကောက်ယူထားခြင်းဖြစ်ပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ မီးရှို့မှု၊ လက်နက်ကြီး ပစ်ခတ်မှုတို့ကြောင့် ပျက်စီးခဲ့ရခြင်းဟု HDCO က ဆိုသည်။

ပျက်ဆီးမှုများထဲတွင် နေအိမ် ၅,၈၄၉ လုံး၊ စာသင်ကျောင်း ၁၉ ကျောင်း၊ ဆေးရုံဆေးခန်း ၁၃ ခု၊ ဘာသာရေးအဆောက်အအုံ ၅၇ ခု (ဘုန်းကြီးကျောင်း ၅၅၊ ဗလီ ၁၊ ဘုရားကျောင်း ၁)၊ အစိုးရအဆောက်အအုံ ၂၆ ခုနှင့် လမ်းတံတား ၁၁ ခု တို့ဖြစ်သည်။

အရပ်သားပိုင်ဆိုင်မှုများကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးနေသဖြင့် ရခိုင်ဒေသများမှာ လူမှုစီးပွားဘဝခက်ခဲနေပြီး စစ်ကောင်စီကို ထိရောက်သည့် ပြစ်ဒဏ်များ ပေးစေချင်ကြောင်း ပြောဆိုကြသည်။

ဈေးဆိုင်ခန်း မီးလောင်ဆုံးရှုံးသွားသည် ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက “ပုဏ္ဏားကျွန်းမှာ တိုက်ပွဲမဖြစ်ခင်ကတည်းက စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိနဲ့ ဈေးကို မီးရှို့ဖျက်ဆီးလိုက်လို့ ရှိတဲ့စီးပွားရေးတွေလည်း ဆုံးရှုံးသွားပြီ။ မြို့သိမ်းတိုက်ပွဲမှာလည်း စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် အိမ်လည်း  ပျက်စီးသွားတော့ စီးပွားရေးပြန်လည်ထောင်ထူနိုင်ဖို့  အခက်အခဲဖြစ်သွားပြီ။ အရပ်သားပိုင်ဆိုင်မှုတွေကို ရည်ရွယ်ချက်ရှိ ဖျက်ဆီးနေတာတွေကို ဟန့်တားနိုင်ဖို့ စစ်ကောင်စီကို နိုင်ငံတကာက ထိရောက်တဲ့ ပြစ်ဒဏ်ပေးစေချင်တယ် ” ဟု ပြောသည်။

ပုဏ္ဏားကျွန်းမြို့မဈေးကို စစ်ကောင်စီက ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆိုင်ခန်းပေါင်း ၄၀၀ နီးပါး မီးလောင်ပျက်စီးခဲ့ကြရပြီး မြို့သိမ်းတိုက်ပွဲမတ်လအတွင်းကလည်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးမှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အိမ်ပေါင်း ၆၀၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ရသည်။

ထို့အပြင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည့် ပေါက်တောမြို့၊ ရမ်းဗြဲမြို့ တွင်လည်း ပျက်စီးဆုံးရှုံးမှု ပိုများသည်။ ဘူးသီးတောင်မြို့တွင်လည်း စစ်ကောင်စီနှင့် လက်ပါးစေမွတ်ဆလင်များက မီးရှို့ဖျက်ဆီးမှု ပြုလုပ်ခဲ့မှုကြောင့် မြို့လုံးကျွတ်နီးပါး မီးလောင်ဆုံးရှုံးမှုများရှိခဲ့သည်။

DMG စုံစမ်းချက်အရ ဘူးသီးတောင်မြို့တွင် စစ်ကောင်စီက မီးရှို့ဖျက်ဆီးမှု၊ လေကြောင်း/လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတို့ကြောင့် နေအိမ် ၆ ထောင်ကျော် ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် HDCO စာရင်းတွင် ဘူးသီးတောင်မြို့မှ ပျက်စီးဆုံးရှုံးမှုများ မပါဝင်သေးဟု ခန့်မှန်းရသည်။

ရခိုင်ဒေသက လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက “စစ်ကောင်စီက အရပ်သားပိုင်ဆိုင်မှုတွေကို ဖျက်ဆီးတာက ရခိုင်မှမဟုတ်ဘူး၊ တစ်နိုင်ငံလုံးမှာ ဖြစ်တယ်။ ရခိုင်မှာဆိုရင်လည်း စစ်ကောင်စီထိန်းချုပ်ထားဆဲ မြို့နယ်တွေနဲ့ တိုက်ပွဲပြင်းထန်နေဆဲ မြို့နယ်တွေမှာ အရပ်သားပိုင်ဆိုင်မှုတွေ ဖျက်ဆီးခံနေရဆဲဖြစ်တယ်။ ဒီလိုမျိုး စစ်ရာဇဝတ်မှု ကျူးလွန်နေတာတွေကို ရပ်တန့်ဖို့အတွက် စစ်အာဏာရှင်အမြစ်ပြုတ်ဖို့ အရေးကြီးတယ်” ဟု ပြောသည်။

ရခိုင်တွင် တိုက်ပွဲကာလ ၆ လအတွင်းမှာ စစ်ကောင်စီက မြို့နယ် ၈ ခုက ဈေး ၉ ခုကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု မေ ၁၃ ရက်မှာ  အာရက္ခတပ်တော်က ထုတ်ပြန်ထားသည်။ လက်ရှိတွင် အာရက္ခတပ်တော်က မြို့နယ် ၁၀ အထိကို သိမ်းပိုက်ရရှိထားပြီး အမ်း၊ သံတွဲ၊ မောင်တောမြို့နယ်တို့မှာ စစ်ရေးပြင်းထန်နေဆဲဖြစ်သည်။

Most read this week

October 4, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ ကင်းတောင်းစံပြကျေးရွာကို ယနေ့ (အောက်တိုဘာ ၄) နံနက် ၂...
October 3, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်မှ ပညာရေးဝန်ထမ်း အပါအဝင် ဒေသခံ ၅၀ ဦးခန့်မှာ စစ်ကောင်စီ၏...
October 2, 2024
တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် စစ်ဘေးတိမ်းရှောင်ကြသည့် ဒေသခံ ၆၀ ကျော်ကို...
October 1, 2024
ရခိုင်ပြည်အတွင်း စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သော စစ်တွေ၊ အမ်း၊ တောင်ကုတ်၊ ကျောက်ဖြူ၊ မာန်အောင်...