စစ်တွေက မွတ်ဆလင်ဒုက္ခသည်များကို စစ်သင်တန်းတက်ရန် စစ်ကောင်စီ ထပ်မံခေါ်ယူနေ

စစ်တွေက မွတ်ဆလင်ဒုက္ခသည်များကို စစ်သင်တန်းတက်ရန် စစ်ကောင်စီ ထပ်မံခေါ်ယူနေ

ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ ဘုမေ၊ သဲချောင်း၊ ဘာဆာ၊ ဒါးပိုင်၊ သက္ကယ်ပြင်၊ အုန်းတောကြီး စသည့် ဒုက္ခသည်စခန်းများမှ မွတ်ဆလင်များကို စစ်သင်တန်းတက်ရန်အတွက် စစ်ကောင်စီက မဲစနစ်ဖြင့် ထပ်မံခေါ်ယူနေကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များသည် မေလ ၁၉ ရက်တွင် ဒုက္ခသည်စခန်းတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြပြီးနောက် မေ ၂၅ ရက်မှစ၍ ဒုက္ခသည်စခန်းတစ်ခုမှ လူ ၁၅ ဦးစီကို မဲစနစ်ဖြင့် ခေါ်ယူနေခြင်းဖြစ်သည်ဟု မွတ်ဆလင်များက ပြောသည်။

 “ စစ်သင်တန်းတက်ဖို့ တစ်ယောက်မှ မသွားချင်တော့ဘူးလေ။ အဲဒါကြောင့် မဲစနစ်နဲ့ လုပ်လိုက်တာပါ။ လောလောဆယ်တော့ ဒီက ၁၅ ယောက်ကို ခေါ်သွားပါပြီ။ ဘယ်သူမှမသွားချင်ဘူး။ ဒါပေမယ့် ကျနော်တို့မှာ လွန်ဆန်လို့မရဘူး” ဟု သက္ကယ်ပြင်ဒုက္ခသည်စခန်းမှ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လကလည်း စစ်တွေမြို့နယ်က ထောင်နှင့်ချီသည့် မွတ်ဆလင်များကို စစ်ကောင်စီက အတင်းအဓမ္မခေါ်ယူကာ စစ်သင်တန်းပေးခဲ့သည်။

စစ်သင်တန်းတက်ရန် ခေါ်ဆောင်ခံရသည့် မွတ်ဆလင်များမှာ စစ်ကောင်စီ၏ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် - ဒကစ(စစ်တွေ)တွင် ၁၄ ရက်ကြာ စစ်သင်တန်းတက်ကြရသည်။ ယင်းနောက် စစ်ကောင်စီစေခိုင်းရာ နေရာအသီးသီးသို့ သွားရောက်တာဝန်ထမ်းဆောင်ရကြောင်း သိရသည်။

“စစ်သင်တန်းဆင်းရင် ရေတပ်စခန်းတွေ၊ မြို့တွင်းလုံခြုံရေးကင်းစခန်းတွေမှာ ကင်းစောင့်အဖြစ်ထားတာ ရှိတယ်။ တချို့ကျတော့လည်း ရှေ့တန်းပို့ဆောင်ခံရတာ ရှိတယ်။ အဲဒါကြောင့် မိသားစုဝင်တွေမှာ စစ်သင်တန်း တက်ရမယ်ဆိုတာနဲ့ ကြောက်စိတ်ဝင်နေကြပါတယ်” ဟု မွတ်ဆလင်ဒုက္ခသည်တစ်ဦးက ပြောသည်။      

အာရက္ခတပ်တော်(AA)၏ ထိုးစစ်ကို ခုခံရန် စစ်ကောင်စီက စစ်သင်တန်းဆင်းမွတ်ဆလင်များကို စစ်မြေပြင်သို့ ပို့ဆောင်နေပြီး  ရသေ့တောင်၊ ဘူးသီးတောင် မြို့သိမ်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်သားများအပြင် စစ်သင်တန်းဆင်း မွတ်ဆလင်အချို့ သေဆုံးမှုများရှိခဲ့သဖြင့် စိုးရိမ်နေကြခြင်းဖြစ်သည်။

စစ်သင်တန်းဆင်း မွတ်ဆလင်များအနေဖြင့် ရပ်ရွာအတွင်း မသင်္ကာစရာများတွေ့ရှိလျှင် စစ်ကောင်စီထံ သတင်းပို့ရခြင်းအပြင် အရပ်သားများအား ဖမ်းဆီးချုပ်နှောင်ရန်အထိ လုပ်ပိုင်ခွင့်အာဏာများ ပေးထားကြောင်း သိရသည်။

စစ်ကောင်စီသည် ၎င်းတို့ထိန်းချုပ်ဆဲ မြို့နယ်များတွင် မွတ်ဆလင်များကို လုပ်ပိုင်ခွင့်အာဏာနှင့် တပ်မက်မှုများ ပေးပြီး မွတ်ဆလင်များကို အသုံးချ၍ စစ်အင်အား စုဆောင်းနေခြင်းဖြစ်သည်ဟု စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောသည်။

“စစ်ကောင်စီကတော့ အချိုသတ်ပြီး ခံစစ်အတွက် လူအင်အားတွေဖြည့်တယ်။ ပြည်သူတွေဟာ  မတော်မတရား စုဆောင်းခံနေရတဲ့အတွက် နာကျဉ်းမှုတွေများပြီး စစ်ကောင်စီကို တော်လှန်ချင်စိတ် ပိုပြီးဖြစ်လာတယ်။ ဒါတွေကို မွတ်ဆလင်အသိုင်းအဝိုင်းက လူတွေလည်း သိတယ်။ သူတို့ဟာ နှစ်ဖက်ကြားမှာ ညှပ်နေတာကိုလည်း နားလည်တယ်။ ဒါပေမယ့် မလွန်ဆန်နိုင်တော့ ဒုက္ခရောက်နေကြတယ်ပေါ့” ဟု သူက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

စစ်ကောင်စီသည် မွတ်ဆလင်များအား အဓမ္မ စစ်မှုထမ်းခိုင်းနေသည့်အပြင် “AA အလိုမရှိ” ဆန္ဒဖော်ထုတ်ပွဲများ အတင်းပြုလုပ်ခိုင်းပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများဖြစ်ပေါ်အောင် သွေးထိုးလှုံ့ဆော်လျက်ရှိသည်။

ရခိုင်ပြည်တွင် စစ်ရှုံးနေသော စစ်ကောင်စီသည် ရခိုင်နှင့် မွတ်ဆလင် အသိုင်းဝိုင်းကြား သွေးထိုးလှုံ့ဆော်မှုများဖြင့် လူမျိုးရေးပဋိပက္ခဖြစ်အောင် ဖန်တီးနေ၍ သတိထားစောင့်ကြည့်ကြရန် နှစ်ဖက်အသိုင်းအဝိုင်းက ပြောကြသည်။

October 4, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ ကင်းတောင်းစံပြကျေးရွာကို ယနေ့ (အောက်တိုဘာ ၄) နံနက် ၂...
October 3, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်မှ ပညာရေးဝန်ထမ်း အပါအဝင် ဒေသခံ ၅၀ ဦးခန့်မှာ စစ်ကောင်စီ၏...
October 2, 2024
တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် စစ်ဘေးတိမ်းရှောင်ကြသည့် ဒေသခံ ၆၀ ကျော်ကို...
October 1, 2024
ရခိုင်ပြည်အတွင်း စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သော စစ်တွေ၊ အမ်း၊ တောင်ကုတ်၊ ကျောက်ဖြူ၊ မာန်အောင်...