ရခိုင်တိုက်ပွဲ ၆ လအတွင်း အရပ်သား ထိခိုက်သေဆုံးသူ ၉၀၀ ကျော်ရှိ

ရခိုင်တိုက်ပွဲ ၆ လအတွင်း အရပ်သား ထိခိုက်သေဆုံးသူ ၉၀၀ ကျော်ရှိ

စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲစတင်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ မေ ၁၃ ရက်ထိ ၆ လအတွင်း ရခိုင်နှင့် ပလက်ဝဒေသတွင် စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား သေဆုံးသူ ၂၆၈ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၆၄၀ ဦးအထိရှိကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)က ထုတ်ပြန်သည်။  

အရပ်သားထိခိုက်သေဆုံးမှုများမှာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ စစ်ကြောင်းထိုးစဉ် သတ်ဖြတ်ခံရမှု၊ ဖမ်းဆီးသတ်ဖြတ်ခံရမှုနှင့် မြေမြှုပ်မိုင်းများကြောင့် ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

သေဆုံးသူများထဲ မင်းပြားမြို့နယ်တွင် ၅၆ ဦးဖြင့် အများဆုံးဖြစ်ပြီး မြောက်ဦး ၄၂ ဦး၊ ဘူးသီးတောင် ၃၇ ဦး၊‌ ကျောက်တော် ၂၅ ဦး၊ စစ်တွေ ၂၀ ဦး၊ ပလက်ဝ ၂၀ ဦး၊ ပေါက်တော ၁၇ ဦး၊ မောင်တော ၁၆ ဦး၊ မြေပုံ ၁၀ ဦး၊ အမ်း ၆ ဦး၊ ကျောက်ဖြူ ၅ ဦး၊ ရမ်းဗြဲ ၆ ဦး၊ ရသေ့တောင် ၃ ဦး၊ ပုဏ္ဏားကျွန်း ၄ ဦး၊ တောင်ကုတ် ၁ ဦးတို့ဖြစ်သည်။  

သေဆုံးသူများမှာ ရခိုင်လူမျိုး ၁၈၂ ဦး၊ မွတ်ဆလင် ၇၈ ဦး၊ မြို ၃ ဦး၊ ခမီ ၂ ဦး၊ မာရမာကြီး ၁ ဦးနှင့် ဗမာ ၂ ဦးဖြစ်သည်။

ရခိုင်က လူအခွင့်အရေးလှုပ်ရှားသူတစ်ဦးက “အရပ်သားတွေကို ပစ်မှတ်ထားပြီး စစ်ကောင်စီက စစ်ရာဇဝတ်မှုတွေ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာတွေကို နိုင်ငံတကာအနေနဲ့ ထိထိရောက်ရောက် အရေးယူတားဆီးပေးဖို့ လိုအပ်တယ်” ဟု ပြောသည်။

တိုက်ပွဲ ၆ လအတွင်း အရပ်သားထိခိုက်ဒဏ်ရာရသူများထဲတွင် မင်းပြားမြို့နယ်၌ ၁၇၂ ဦးဖြင့် အများဆုံးဖြစ်ခဲ့ပြီး ကျောက်တော်တွင် ၇၆ ဦး၊ မြောက်ဦးတွင် ၇၂ ဦး၊ ပေါက်တောတွင် ၄၆ ဦး၊ မြေပုံတွင် ၃၂ ဦး၊ ပလက်တွင် ၃၀ ဦး၊ ပုဏ္ဏားကျွန်းတွင် ၂၆ ဦး၊ မောင်တော တွင် ၂၆ ဦး၊ အမ်းတွင် ၂၄ ဦး၊ စစ်တွေတွင် ၂၁ ဦး၊ ရသေ့တောင်တွင် ၁၇ ဦး၊ ကျောက်ဖြူတွင် ၂၄ ဦး၊ ရမ်းဗြဲတွင် ၁၃ ဦး၊ သံတွဲတွင် ၅ ဦးနှင့် တောင်ကုတ်တွင် ၁ ဦးတို့ ဖြစ်ကြောင်း HDCO မှ ထုတ်ပြန်ထားသည်။

ကျောက်တော်မြို့ခံတစ်ဦးက “စစ်ကောင်စီ လက်လွှတ်လိုက်ရတဲ့ မြို့တွေနဲ့ တိုက်ခိုက်ခံနေရဆဲ မြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ မြေမြုပ်မိုင်းတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှု မြင့်တက်နေဆဲဖြစ်တယ်။ AA ထိန်းချုပ်ထားတဲ့ မြို့တွေကိုလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်နေတာတွေဟာ စစ်ကောင်စီက ပြည်သူတွေရဲ့ လုံခြုံမှုကို တိုက်ရိုက်ခြိမ်းခြောက်နေတာ ဖြစ်တယ်” ဟု  ပြောသည်။

ရခိုင်စစ်ပွဲ ၆ လကျော်အတွင်း AA သည် ဘူးသီးတောင်၊ ရသေ့တောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲနှင့် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး မောင်တော၊ အမ်း၊ သံတွဲမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားနေသည်။

October 4, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ ကင်းတောင်းစံပြကျေးရွာကို ယနေ့ (အောက်တိုဘာ ၄) နံနက် ၂...
October 3, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်မှ ပညာရေးဝန်ထမ်း အပါအဝင် ဒေသခံ ၅၀ ဦးခန့်မှာ စစ်ကောင်စီ၏...
October 2, 2024
တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် စစ်ဘေးတိမ်းရှောင်ကြသည့် ဒေသခံ ၆၀ ကျော်ကို...
October 1, 2024
ရခိုင်ပြည်အတွင်း စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သော စစ်တွေ၊ အမ်း၊ တောင်ကုတ်၊ ကျောက်ဖြူ၊ မာန်အောင်...