ကျားဖြန့်လုပ်ငန်းမှ နိုင်ငံခြားသားများထွက်ခွာရန် သတိပေးထားသော်လည်း တရုတ်လူမျိုးများ ဆက်လက်ဝင်ရောက်ဆဲ

ကျားဖြန့်လုပ်ငန်းမှ နိုင်ငံခြားသားများထွက်ခွာရန် သတိပေးထားသော်လည်း တရုတ်လူမျိုးများ ဆက်လက်ဝင်ရောက်ဆဲ

မြဝတီမြို့မြောက်ဘက် ၂၀ ကီလိုမီတာ အကွာရှိ ရွှေကုက္ကိုလ်မြို့တွင် တရုတ်နိုင်ငံသားအများစု လုပ်ကိုင်နေကြသည့် (ကျားဖြန့်)လူလိမ်လုပ်ငန်းများထွက်ခွာရန် နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့က သတိပေး နှိုးဆော် ထားသော်လည်း တရုတ်နိုင်ငံသားများ ဘန်ကောက်လေဆိပ်မှတစ်ဆင့် ဆက်လက်ဝင်ရောက် လာသူများရှိ နေဆဲဖြစ်ကြောင်း လေဆိပ်တွင် ကိုယ်တိုင်မြင်တွေ့ကြားသိခဲ့ရသူများက ပြောသည်။

ရွှေကုက္ကိုလ်ဒေသအပါအဝင် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများ လုပ်ဆောင် နေသည့် နိုင်ငံခြားသားများအနေဖြင့် မေလ (၁)ရက်နေ့မှ စတင်ပြီး အောက်တိုဘာလ (၃၁) ရက်နေ့ နောက်ဆုံး ထား၍ ထွက်ခွာပေးရန် BGF တပ်ဖွဲ့က သတိပေးကြေညာထားခြင်းဖြစ်သည်။

သို့သော်လည်း တရုတ်နိုင်ငံသားများသည် ဘန်ကောက်လေဆိပ်မှတစ်ဆင့် မဲဆောက်သို့ ဆင်းလာနေပြီး ရွှေ ကုက္ကိုလ်ဒေသဘက်သို့ သွားရောက်ရန် အချင်းအချင်း ပြောဆိုနေကြသည်ကို တရုတ်စကားနားလည်သည့် မျက်မြင်တွေ့ရှိသူ မြန်မာနိုင်ငံသားတစ်ဦးက ယခုလို ပြောသည်။

“ဘန်ကောက်လေဆိပ်မှာ မဲဆောက်ဆင်းမို့ နေ့လည်ကတည်းကစောင့်နေတာ သူတို့အရင် မလုပ်ပေးဘူး။ တရုတ်တွေဆို အခုပဲလာတယ်။ ခဏနေဆိုပြီးသွားပြီး အားလုံးပြီးမှ ကျနော်တို့ အလှည့်ရောက်တယ်။ လေဆိပ်မှာ လည်း တရုတ်တွေအများကြီးပဲ။ လေယာဉ်တစ်စီးလုံး တရုတ်ကြီးပဲ။ သူတို့ တရုတ်စကားနဲ့ ပြောနေကြတာ ရွှေ ကုက္ကိုလ်နာမည်ပါတယ်။ လေယာဉ်ဆိုက်တော့ သူတို့ကို မြန်မာပြည်က ကားသမားတွေ ကြိုစောင့် နေပြီးလာကြိုသွားတယ်” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

ဘန်ကောက်မှတဆင့် မဲဆောက်လေဆိပ်သို့ ရောက်ရှိလာကြသည့် အဆိုပါ တရုတ်နိုင်ငံသား များကိုလည်း မြန်မာနိုင်ငံဘက်ခြမ်းမှကားများဖြင့် ကားနံပါတ်စဉ်အလိုက် လာရောက် အကြိုအပို့လုပ်ဆောင်သွားကြောင်း လေဆိပ်တွင် လူသွားကြိုသည့် နောက်ထပ် မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

၎င်းအပြင် BGF တပ်များက ကျားဖြန့်အွန်လိုင်းလူလိမ်လုပ်ငန်းများ ထွက်ခွာပေးရန် ဆိုင်းဘုတ်ထောင်ခြင်း၊ သတိပေးစာထုတ်ပြန်ခြင်းများ ပြုလုပ်နေသော်လည်း ရွှေကုက္ကိုလ်အပါအဝင် မင်းလက်ပံ၊ အင်ကြင်းမြိုင်၊ မြဝတီ စသည့်နေရာများတွင်မူ လုပ်ငန်းအတွက် လူသစ်ထပ်မံခေါ်ယူမှုများဆက်ရှိနေပြီး နေရာအသစ်များလည်း ထပ်မံ ဆောက်လုပ်လျက်ရှိသည်ဟု မြို့ခံများက ပြောဆိုသည်။

ထို့အတူ ရွှေကုက္ကိုလ်မြို့အပါအဝင် နယ်စပ်ဒေသတစ်လျှောက်ရှိ ကျားဖြန့်လုပ်ငန်းများ ကျယ်ပြန့် လာခြင်းနှင့် ဒေသအတွင်းမှ ထွက်ခွာပေးရန် သတိပေးစာထုတ်ပြန်ချက်ထုတ်ပြန်ပြီးနောက်ပိုင်း အခြေအနေနှင့်ပတ်သက်၍ BGF တပ်နယ် -၂ ဗျူဟာမှူး ဗိုလ်မှူးစောတင်ဝင်းက ပြီးခဲ့သည့်အပတ်က ယခုလိုပြောဆိုသည်။

“တရုတ်နဲ့ BGF အပေါ်မှာ ဝေဖန်သံတွေ ရှုပ်နေတာတွေကို ရှင်းလင်းချင်လို့ ဒီလိုထုတ်ပြန်ရ ခြင်းဖြစ်တယ်။ ထွက်တာကတော့နေ့တိုင်းထွက်တယ်။ တစ်ချို့ကျတော့ ဝင်လာကတည်းက တရားမဝင်လမ်းကြောင်းနဲ့ ဝင်တာ ဆိုတော့ သူတို့ကိုပြန်ပို့ဖို့အတွက် စီစဉ်ပေးရမယ်။ ထွက်တာကတော့ တစ်ရက်ကို ၂၀ လောက်ထွက်နေတယ်။ တရုတ်နဲ့ BGF အပေါ်မှာ ဝေဖန်သံတွေ ရှုပ်နေတာတွေကို ရှင်းလင်းခြင်းလို့ ဒီလိုထုတ်ပြန်ရခြင်းဖြစ်တယ်”ဟု ဗိုလ်မှူး စောတင်ဝင်းက ပြောသည်။

ကျားဖြန့်လုပ်ငန်းအများစု လုပ်ကိုင်နေသည့်် တရုတ်လူမျိုးများသည် ဘန်ကောက်မြို့တွင် အခြေချနေထိုင်မှု များပြားလာပြီး အွန်လိုင်းလူလိမ်လုပ်ငန်းများကြောင့်လည်း ထိုင်းနိုင်ငံမှာ ဖုန်းဆင်းကဒ်ဝယ်ယူမှု ခက်ခဲ လာ သည့်အပြင် ဘဏ်အကောင့်ဖွင့်ရာတွင်လည်း အချက်အလက်ပို၍ တင်းကြပ်ထားမှုများရှိနေကြောင်း နယ်စပ် ဒေသ တွင်နေထိုင်သူထံမှ သိရသည်။

မြဝတီမြို့အပါအဝင် ရွှေကုက္ကိုလ်မြို့ကို အဓိကထိန်းချုပ်ထားသည့် BGF တပ်က အင်အား တစ်ထောင်ဝန်း ကျင်ခန့်စုဖွဲ့ထားပြီး မြို့တွင်းနှင့် မြို့ပြင်ကုန်သွယ်ရေးဇုန် နေရာအထိ စိုးမိုးနေရာယူထားကာ နေ့ရော ညပါ စစ်ရေး အသင့်အနေအထားဖြင့် ကင်းလှည့် စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း မြဝတီမြို့ခံများက ပြောသည်။

အလားတူ ကျားဖြန့်လုပ်ငန်းများလုပ်ကိုင်နေသည့် တရုတ်လူမျိုးများနှင့် နိုင်ငံခြားသားများသည် လာအို ၊ ဗီယမ်နမ်၊ ထိုင်း၊ ကမ္ဘောဒီယား စသည့်နိုင်ငံများမှတစ်ဆင့် နယ်စပ်ဒေသတစ်လျှောက်ရှိ ကာစီနိုနေရာများကို တရားဝင်လမ်းကြောင်းဖြင့် ဝင်ရောက်လာမှုများရှိနေသလို သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ချိတ်ဆက်ကာ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာမှုလည်း ရှိနေဆဲဖြစ်သည်ဟု တရုတ်နှင့်နီးစပ်သူတစ်ဦးက ပြောဆိုသည်။ 

Most read this week

October 5, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော် (ဖာပွန်)ခရိုင်၊ တပ်မဟာ (၅) နယ်မြေရှိ ကမမောင်းမြို့တွင်...
October 4, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်/တပ်မဟာ ၅ ၊ လူသောကျေးရွာအုပ်စုအတွင်း၌...
October 4, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ သန်းခေါင်စာရင်းကောက်သည့် စစ်ကောင်စီ...
October 2, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်နှင့် ကျေးရွာများတွင် စစ်ကောင်စီက အောက်တိုဘာ ၁ ရက်နေ့မှစ၍...