ထိုင်းရေနံကုမ္ပဏီ PTTEP ၏ ပညာသင်ဆုအစီအစဥ်အား သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ သပိတ် မှောက်ကမ်ပိန်းပြုလုပ်ခဲ့

ထိုင်းရေနံကုမ္ပဏီ PTTEP ၏ ပညာသင်ဆုအစီအစဥ်အား သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ သပိတ် မှောက်ကမ်ပိန်းပြုလုပ်ခဲ့

မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းတွင် ရင်းနှီးလုပ်ကိုင်ခြင်းဖြင့် စစ်ကောင်စီကိုငွေကြေးအရ အထောက်အပံ့ပြုနေသော ထိုင်းနိုင်ငံပိုင် PTTEP ကုမ္ပဏီမှ ပေးအပ်သည့် ပညာသင်ဆုအစီအစဥ်သို့ သပိတ် မှောက်ကမ်ပိန်းကို သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့က မေလ(၁၈)နှင့်(၁၉)ရက်နေ့တို့တွင် နှစ်ရက်တာ ပြုလုပ်ခဲ့သည်။

ထိုင်းနိုင်ငံပိုင် ရေနံနှင့်သဘာဝဓာတ်ငွေ့စွမ်းအင်ကုမ္ပဏီ PTT ၏ လက်အောက်ခံဖြစ်သော PTTEP ကုမ္ပဏီမှ Myanmar Motor Corporation ကုမ္ပဏီ၏ ဇူလိုင်လအတွင်းဖွင့်လှစ်မည့် Automotive Mechanic Training School (မော်တော်ယာဥ်စက်ပြင်သင်တန်းကျောင်း) အပတ်စဥ်(၂)အတွက် ပညာသင်ဆု ထောက်ပံ့ ပေးမည်ဖြစ်ပြီး အဆိုပါအစီအစဥ်အပေါ်  ပြည်သူများ ပူးပေါင်းသပိတ်မှောက်ကြရန် သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့က နှိုးဆော်ချက်ထုတ်ပြန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

“ စစ်အုပ်စုကို ပိုက်ဆံထောက်ပံ့နေတဲ့ဒီကုမ္ပဏီက စစ်တပ်ရဲ့ရာဇဝတ်မှုတွေမှာ ပါဝင်နေတာကို ကာဗာအနေနဲ့ နာမည်ကောင်းရဖို့လုပ်တာဖြစ်တယ်။ တဖက်မှာ ကျနော်တို့ကိုသတ်ဖို့ပိုက်ဆံပေးပြီးတဖက်မှာ နာမည် ကောင်းယူနေတာပါ။ အဲဒီပိုက်ဆံနဲ့ပေးတဲ့ဆုက သွေးစွန်းနေတဲ့ဆုဖြစ်တယ်။ ဒါကြောင့်ဒါကိုလက်ခံလိုက်ရင် သူတို့လုပ်တဲ့ရာဇဝတ်မှုတွေကို ကျနော်တို့လက်ခံလိုက်ရာ ရောက်သွားမယ်။ ဒါကြောင့် ဒီကမ်ပိန်းကို လုပ်ရတာဖြစ်တယ်” ဟု အဖွဲ့တာဝန်ရှိသူ စောအယ်လ်မူးက ပြောသည်။

ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှတဆင့် စစ်ကောင်စီကို နှစ်စဥ် ဒေါ်လာသန်းပေါင်းထောင်ချီ ထောက်ပံ့ပေး နေသော အဆိုပါကုမ္ပဏီ၏ ပညာသင်ထောက်ပံ့မှုအစီအစဥ်ကို သပိတ်မှောက်ရန် ပြည်သူများအနေဖြင့် Myanmar Motor Corporation ကုမ္ပဏီ၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် Comment (မှတ်ချက်) များ ပေးခြင်းဖြင့် သပိတ်မှောက်လှုပ်ရှားမှုတွင် ပါဝင်နိုင်မည်ဖြစ်ပြီး PTTEP ၏ နောင်လာမည့် အစီအစဥ်များကိုလည်း ပါဝင်သပိတ်မှောက်ကြရန် အဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။

ဆက်လက်၍ စောအယ်လ်မူးက “ မြန်မာပြည်မှာ ပြည်သူတွေအမျိုးမျိုးဒုက္ခရောက်နေတယ် ။ ကလေးငယ်တွေ ဆိုရင်လည်း သေကြေပျက်စီးနေရတယ်။ ဒါတွေကို မျက်လုံးထဲမှာပြန်မြင်ပေးပါ ။ နောက်တခေါက်တွေမှာလည်း PTTEP က နာမည်ကောင်းယူဖို့ကြိုးစားနေတာ တွေ့ရှိခဲ့မယ်ဆိုရင် သပိတ်မှောက်တဲ့လှုပ်ရှားမှုတွေမှာ ပါဝင်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ ” ဟု တိုက်တွန်းနှိုးဆော်သည်။

စစ်ကောင်စီ ထိန်းချုပ်ထားသော မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့်အကျိုးတူပူးပေါင်း၍ ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းဆောင်ရွက်နေသော PTTEP ကုမ္ပဏီကို သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့မှ စစ်ကောင်စီနှင့်စီးပွားရေးအကျိုးတူပူးပေါင်းမလုပ်ရန် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မတ်လ(၂၈)ရက်နေ့ကလည်း အွန်လိုင်းသတင်းစာရှင်းလင်းပွဲလုပ်ဆောင်၍ တောင်းဆိုခဲ့သေးသည်။

ထို့အပြင် PTTEP ၏ မိခင်ကုမ္ပဏီ PTT နှင့် လက်တွဲလုပ်ဆောင်နေသည့် နယ်သာလန် Robeco စီမံခန့်ခွဲမှုကုမ္ပဏီကိုလည်း PTT နှင့် လက်တွဲဖြုတ်ရန် ၂၀၂၃ ခုနှစ်ကုန်ပိုင်းနှင့် နှစ်ဆန်းပိုင်းတွင် စာနှစ်စောင်ပေးပို့တောင်းဆိုခဲ့ကြောင်း သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ထံမှ သိရသည်။

October 5, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော် (ဖာပွန်)ခရိုင်၊ တပ်မဟာ (၅) နယ်မြေရှိ ကမမောင်းမြို့တွင်...
October 4, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်/တပ်မဟာ ၅ ၊ လူသောကျေးရွာအုပ်စုအတွင်း၌...
October 4, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ သန်းခေါင်စာရင်းကောက်သည့် စစ်ကောင်စီ...
October 2, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်နှင့် ကျေးရွာများတွင် စစ်ကောင်စီက အောက်တိုဘာ ၁ ရက်နေ့မှစ၍...