ထိုင်း-မြန်မာနယ်စပ်အခြေစိုက် အရပ်ဘက်အဖွဲ့အချို့၊ ထိုင်းလုံခြုံရေးကော်မရှင် နယ်စပ်ရေးရာဌာန ဥက္ကဋ္ဌ၊ ထိုင်းအောက်လွှတ်တော်အမတ်များနှင့် စစ်ဘေးရှောင်ကိစ္စဆွေးနွေးခဲ့

ထိုင်း-မြန်မာနယ်စပ်အခြေစိုက် အရပ်ဘက်အဖွဲ့အချို့၊ ထိုင်းလုံခြုံရေးကော်မရှင် နယ်စပ်ရေးရာဌာန ဥက္ကဋ္ဌ၊ ထိုင်းအောက်လွှတ်တော်အမတ်များနှင့် စစ်ဘေးရှောင်ကိစ္စဆွေးနွေးခဲ့

ထိုင်းနိုင်ငံလုံခြုံရေးကော်မရှင် နယ်စပ်ရေးရာဌာန ဥက္ကဋ္ဌနှင့် ထိုင်းအောက်လွှတ်တော်အမတ်များ ဦးဆောင် သောအဖွဲ့က နယ်စပ်အခြေစိုက် အရပ်ဘက်အဖွဲ့အချို့ကို ဖိတ်ခေါ်ပြီး ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ဘေးရှောင် များနှင့် ပတ်သက်သည့်ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း ပွဲတက်ရောက်သည့်အဖွဲ့များထံမှ သိရသည်။

ထိုင်း-မြန်မာနယ်စပ်သို့ ရွှေ့ပြောင်းနေထိုင်သူများအရေး၊ နယ်စပ်ကုန်သွယ်ရေးနှင့်စိန်ခေါ်မှုများအကြောင်း ဆွေးနွေးပွဲအား ယမန်နေ့ မေလ(၁၂)ရက်နေ့က နယ်စပ်တစ်နေရာ၌ ပြုလုပ်ရာတွင် ထိုင်းလုံခြုံရေးကော်မရှင် နယ်စပ်ရေးရာ ဥက္ကဋ္ဌက အဝေးရောက်ဧရာဝတီအသင်း(OIA) နှင့် အခြားအရပ်ဖက်အဖွဲ့အချို့ကို ဖိတ်ခေါ် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

မြန်မာ-ထိုင်း နယ်စပ် စစ်‌ဘေးရှောင်များကိစ္စ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ရှိ ရွှေ့ပြောင်းအလုပ်သမားကိစ္စ၊ သတင်း အချက်အလက်ကန့်သတ်ခြင်းနှင့် နယ်စပ်ကုန်သွယ်ရေးကိစ္စ၊ တရားမဝင် အွန်လိုင်းလောင်း ကစားဝိုင်းကိစ္စ များအား ဆွေးနွေးရာတွင် ပွဲတက်ရောက်သည့် OIA အနေဖြင့် စစ်ဘေးရှောင်ကူညီရေးပါဝင်သော အချက်(၃) ချက်ကို တင်ပြဆွေးနွေးခဲ့သည်ဟု အသင်းတာဝန်ရှိသူတစ်ဦးဖြစ်သော ဖိုးသင်္ကြန်က ‌ပြောသည်။

၎င်းက “အဓိက ကတော့ သောင်ရင်းမြစ်ကမ်းဘေးက စစ်ရှောင်တွေဆီကို အစားအသောက်တွေဘာတွေ ပို့တဲ့ အချိန်မှာ အကန့်အသတ်တွေအတားအဆီးတွေရှိနေတော့ ပို့လို့လွယ်ကူအောင် ထိုင်းဘက်ကနေကူညီပေးဖို့၊ ထိုင်း ဘက်ကိုရောက်လာတဲ့ HRD (လူ့အခွင့်အရေးကာကွယ်သူများ)ကိစ္စနဲ့ တိုက်ပွဲတွေဖော်ဆောင်ရာမှာ နယ်စပ်မျဥ်းနဲ့ အကွာအဝေးသတ်မှတ်ဖို့ ထိုင်းအစိုးရက နိုင်ငံတကာအဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ မြန်မာစစ်တပ်ကိုတားဆီးပေးဖို့ ကို ဆွေးနွေးတာပါ” ဟု ဖိုးသင်္ကြန်က ကေအိုင်စီသို့ ပြောသည်။

HRD များနှင့်ပတ်သက်သည့်ကိစ္စတွင် ထိုင်းအစိုးရအနေဖြင့် ထိုင်းနိုင်ငံသို့ ရောက်ရှိလာသော လူ့စွမ်းအား အရင်း အမြစ်များကို စနစ်တကျအသုံးချနိုင်ရန် (၂၀၀၅) ခုနှစ်ကကဲ့သို့ နေထိုင်ခွင့်လက်မှတ်များ(ထောရော ၃၈)ကို သေချာစိစစ်၍ ထုတ်ပေးနိုင်ရန်ကိုပါ ထည့်သွင်းဆွေးနွေးတောင်းဆိုခဲ့သည်ဟု OIA တာဝန်ရှိသူက ဆိုသည်။

“ မနေ့ကလာတဲ့သူတွေကတော့ ကျနော်တို့သဘောထားနဲ့တစ်ထပ်တည်းပါပဲ။ ကျနော်တို့ပြောပြ ဆွေးနွေးတာတင်မဟုတ်ဘဲနဲ့ ကလေးတွေရဲ့ပညာရေး ကျန်းမာရေးကိစ္စတွေပါ ထောက်ပြဆွေးနွေး ပေးတာတွေအများကြီးရှိပါတယ်။ ဒါပေမဲ့ သူတို့က ဒါတွေကို ဆုံးဖြတ်ချက်ချနိုင်တဲ့သူတွေမဟုတ်တော့ သူတို့အစိုးရကိုဒါတွေအသိပေးရမှာပေါ့” ဟု ဖိုးသင်္ကြန်က ပြောသည်။

ထိုင်းနိုင်ငံအနေဖြင့်လည်း နယ်စပ်စစ်ဘေးရှောင်များအရေးနှင့်ပတ်သက်၍ ထောက်ပံ့ကူညီမှုအပိုင်းတွင် နည်းလမ်း ကြိုးပမ်းရှာဖွေသွားမည်ဖြစ်‌သလို ‌မိမိတို့အချင်းချင်းကူညီဖေးမကြရန်လည်း ဆွေးနွေးပွဲသို့ တက် ရောက်လာသော ကရင်တိုင်းရင်းသား ထိုင်းလွှတ်တော်ကိုယ်စားလှယ် နိုင်းမားနို့  ခီးရီးဖူးဝဒွန်က ပြောဆိုသည်။

၎င်းက “ကော်သူးလေဘက်မှာ နေထိုင်ကြတဲ့ ညီအစ်ကိုမောင်နှမတွေကိုပြောချင်တာက ထောက်ပံ့မှု အကူအညီနဲ့ ပတ်သက်ပြီး ကျနော်တို့အပြန်အလှန်ကူညီသွားကြမယ်။ ကျန်းကျန်းမာမာနဲ့ နေထိုင်သွားနိုင်ဖို့ နည်းလမ်းတွေကို ကျနော်တို့ကြိုးပမ်းရှာဖွေကြမယ်။ အခုမြန်မာနိုင်ငံမှာ အခက်အခဲမျိုးစုံရှိတယ်။ အဲဒါကြောင့် ညီအစ်ကို မောင်နှ မတွေကို မေတ္တာရပ်ခံလိုတာက ဘယ်အရပ်ဒေသမှာနေနေ ကျနော်တို့ ကရင်လူမျိုးတွေကို ပြန် ကူညီ ဖေးမကြပါ။” ဟု ထိုင်းလွှတ်တော်ကိုယ်စားလှယ်က ကရင်ဘာသာဖြင့် ပြောသည်။

အဆိုပါဆွေးနွေးပွဲသို့  ထိုင်းအောက်လွှတ်တော်အမတ်များအပါအဝင် ကရင်အရပ်ဖက်အဖွဲ့အချို့လည်း အွန် လိုင်းဖြင့် တက်ရောက်ဆွေးနွေးခဲ့ကြောင်း အစည်းအဝေးတက်ရောက်သူများမှ သိရသည်။

ထိုင်းနိုင်ငံသည် ပြီးခဲ့သည့် မတ်လပိုင်းက မြန်မာစစ်ဘေးဒုက္ခသည် နှစ်သောင်းအတွက် ရိက္ခာအကူအညီများအား မြန်မာကြက်ခြေနီအသင်းနှင့်ဒေသအခြေစိုက် အရပ်ဖက်အဖွဲ့အကူအညီဖြင့် ထောက်ပံ့ပေးဝေမှုများ လုပ်ဆောင်ခဲ့သလို မကြာသေးမီက ဖြစ်ပွားခဲ့သည့် မြဝတီတိုက်ပွဲ စစ်ဘေးရှောင်များကိုလည်း ထိုင်း-မြန်မာနယ်စပ်တွင် ယာယီစစ်ဘေးရှောင်စခန်းများ ဖွင့်လှစ်၍ လက်ခံအကူအညီပေးခဲ့သေးသည်။

Most read this week

October 5, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော် (ဖာပွန်)ခရိုင်၊ တပ်မဟာ (၅) နယ်မြေရှိ ကမမောင်းမြို့တွင်...
October 4, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်/တပ်မဟာ ၅ ၊ လူသောကျေးရွာအုပ်စုအတွင်း၌...
October 4, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ သန်းခေါင်စာရင်းကောက်သည့် စစ်ကောင်စီ...
October 2, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်နှင့် ကျေးရွာများတွင် စစ်ကောင်စီက အောက်တိုဘာ ၁ ရက်နေ့မှစ၍...