ရခိုင်နှင့် ဗမာပြည်မသို့ ဆက်သွယ်ထားသည့် လမ်းမကြီး ၃ခု ကို စစ်ကောင်စီပြန်ဖွင့်ပေး

ရခိုင်နှင့် ဗမာပြည်မသို့ ဆက်သွယ်ထားသည့် လမ်းမကြီး ၃ခု ကို စစ်ကောင်စီပြန်ဖွင့်ပေး

ရခိုင်ပြည်နှင့် ဗမာပြည်မအကြား ရိုးမကို ဖြတ်သန်း ဖောက်လုပ်ထားသည့် လမ်းမကြီး ၃ ခုကို စစ်ကောင်စီမှ ပြန်လည်ဖွင့်လှစ်ပေးလိုက်‌ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီပိတ်ထားသည့် အမ်း-ပဒါန်း-မင်းဘူးကားလမ်းကို မေ ၁၁ ရက်နေ့က  ပြန်ဖွင့်လိုက်ပြီး အမ်းမြို့ပေါ်သို့ ကုန်ကားနှင့် အံစာတုံးဟုခေါ်သည့် လူစီးကားများလည်း ဝင်ရောက်‌လျက်ရှိသည်ဟု အမ်းမြို့မှအမျိုးသားတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

" ကားသမားတွေကလည်း စစ်ကောင်စီနဲ့ ပေါင်းပြီး သွားလာကြတာ။ မနေ့ကလည်း ကုန်ကား ၆ စီးတွေဝင်တယ်။  စားနပ်ရိက္ခာပါတယ်။ဒီနေ့တောင် ကုန်ကားတွေထပ်လာနေတယ်ကြားတယ်။ သွားလာခွင့်ကို မြို့နယ်အုပ်ချုပ်ထုတ်ပြန်ထားတာတော့ မှန်တယ် " ဟု ပြောသည်။

အမ်း-ပဒါန်း-မင်းဘူးလမ်းကို ပြန်လည် အသုံးပြုခွင့်ပြုလိုက်ကြောင်းကို  အမ်းမြို့နယ်အုပ်ချုပ်ရေးမှူး လက်မှတ်ဖြင့် မေ ၁၀ နေ့က  ထုတ်ပြန်လိုက်ပြီး နောက်တစ်နေ့တွင် ကုန်ကားများမှာ ပုံမှန်အတိုင်း သွားလာနေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဂွ-ငသိုင်းချောင်းလမ်းကိုလည်း မေလ  ၁၁ရက်နေ့မှာ တရားဝင်ဖြတ်သန်းခွင့်ပြုလိုက်ပြီး ဂွ- ရန်ကုန် ကိုလည်း တစ်ဦးကိုငွေကျပ် သုံး သောင်းခွဲ (၃၅၀၀၀)ဖြင့် ပြန်လည်ပြေးဆွဲနေပြီဟု ဂွမြို့ခံ တစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

"  အရင်တုန်းကပိတ်ထား‌ပေမယ့်  မှောင်ခိုသွားကြတာ။ တစ်ယောက်ကို တစ်သိန်း‌ ကျော်ပေးရတယ်။ အခု ၃သောင်းခွဲ ။ ကားသမားတွေက သတ်မှတ်တဲ့ဈေးပါ သူတို့အစည်းအဝေးလုပ်ကြတယ်။ ကုန်ကားဆိုရင်ကုန်ကားအလျောက်ဈေး။  ဂိတ်တွေကလည်း သိပ်မစစ်ဘူး။ တစ်ခုရှိတာက ဂွရိုးမမှာ အခုတလော စစ်သားတွေအများကြီး စစ်ကြောင်းထိုးနေတာ တွေ့ရတယ်" ဟုပြောသည်။

တောင်ကုတ်-ပြည် လမ်းကို စစ်ကောင်စီမှတရားဝင် သွားလာခွင့် မပြုသေးသော်လည်း စစ်ကောင်စီ မရက(မြို့နယ်အုပ်ချုပ်ရေးမှူး) မှ ထောက်ခံစာဖြင့်သွားလာခွင့်ပြုထားသည်ဟု  တောင်ကုတ်မြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာန ကိုပြောသည်။

"  ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်စပြီး ပိတ်ထားတာမှန်တယ်။ ဒါပေမယ့် စစ်ကောင်စီလမ်းကြောင်းကနေ သွားလာတာတွေတော့ရှိတယ်။ တရားဝင်မဟုတ်ပေမယ့် မြို့နယ်အုပ်မှူးလက်မှတ်နဲ့ စစ်ကောင်စီ ဗိုလ်မှူးလက်မှတ်ပါရင် သွားလာခွင့်ရှိတယ်။  မနေ့ကတော့ အဲ့ဒီလက်မှတ်ပါတဲ့ လူတွေတောင် ပြန်လာရတယ်။  ပြည်မဖက်ကိုသွားတဲ့ ကုန်ကား‌တွေကို ပြန်လွတ်လိုက်လို့ ပြန်လာကြတယ်။ ဒီနေ့လည်းမသွားဘူး။ နောက်တစ်ခုက သံတွဲ ရွှေလှေ- တောင်ကုတ်လမ်းလည်း ပိတ်ထားသေးတယ် " ဟုပြောသည်။

စစ်ကောင်စီသည် ရခိုင်နှင့်ပြည်မကို ဆက်သွယ်ထားသည့်လ ဂွ- ငသိုင်းချောင်းလမ်း၊ တောင်ကုတ်- ပန်းတောင်း (ပြည်) ကားလမ်း၊ အမ်းနှင့် မင်းဘူးကားလမ်းများကို  ရခိုင်တွင်တကျော့ပြန် တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂၀၂၃ နိုဝင်ဘာ ၁၃ရက်ကနေ စတင်ပိတ်ထားခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီသည် အမ်းမြို့နှင့် စစ်တွေအကြားရှိ ပြည်ထောင်စု ကားလမ်းကိုလည်း ပိတ်ထားဆဲဖြစ်ကြောင်းသိရသည်။

Most read this week

October 4, 2024
ရခိုင်ပြည်၊ တောင်ဖက်အစွန်ဆုံးတွင် တည်ရှိသော ဂွမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA...
October 3, 2024
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းတိုက်နယ်အောက်ဘက် ပင်လယ်ပြင်တွင် စစ်ကောင်စီ...
October 3, 2024
ဧရာဝတီတိုင်းထဲကို စစ်ဘေးရှောင်ရန်ရောက်ရှိနေသည့် ရခိုင်စစ်ဘေးရှောင်ပြည်သူများမှာ စစ်ကောင်စီထံ...
October 2, 2024
ရခိုင်တွင် မြို့သိမ်းတိုက်ပွဲများကြောင့် ရပ်တန့်နေရသည့် စစ်တွေ-အိန္ဒိယဆိပ်ကမ်းကို ပြန်လည်...