နှစ်ပတ်အတွင်း စစ်ကောင်စီတပ်ခစန်း ၃၀ နီးပါး KIA သိမ်းပိုက်ရရှိ

နှစ်ပတ်အတွင်း စစ်ကောင်စီတပ်ခစန်း ၃၀ နီးပါး KIA သိမ်းပိုက်ရရှိ
ဓာတ်ပုံ-NUG
ဓာတ်ပုံ-NUG

ကချင်ပြည်နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်နွှဲနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဟာ နှစ်ပတ်အတွင်း တပ်စခန်း ၃၀ နီးပါး သိမ်းပိုက်ရရှိထားတယ်လို့ KIA သတင်းပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ဟာ မဟာမိတ်တပ်တွေဖြစ်တဲ့ ရက္ခိုင့်တပ်တော် AA အပါ အဝင် PDF ပူးပေါင်းအဖွဲ့တွေနဲ့အတူ မတ် ၇ ရက်နေ့ကစပြီး လိုင်ဇာမြို့အနီးနဲ့ မြစ်ကြီးနား-ဗန်းမော်ကားလမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ခဲ့တာပါ။

 “မြစ်ကြီးနား-ဗန်းမော် ကားလမ်းတစ်ကြောလုံးမှာ ရှိတဲ့ စကစတပ်စခန်းတွေကိုတော့ အရေးကြီးတဲ့ တပ်စခန်း ၁၀ ခုကျော် ကျွန်တော်တို့ သိမ်းပိုက်လို့ရပါပြီ။ အဲဒီစခန်းတွေက ကာကင်းတွေ ရှေ့ တန်းစခန်းတွေ စခန်းငယ်လေးတွေ အဲဒါတွေ ပေါင်းလိုက်လို့ရှိရင် ၃၀ နီးပါးလောက် ရှိပါပြီခင်ဗျ” လို့ KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ရာမှာ အရှင်ဖမ်းမိတဲ့ တပ်ဖွဲ့ဝင်တွေလည်း ရှိနေပြီး လောလောဆယ်မှာတော့ ရှေ့တန်းမှာသာ သီးသန့်ထားရှိပြီး နောက်တန်းဘက်ကို ပြန်လည်ပို့ပေးတာမရှိတဲ့အတွက် အရေအတွက်ကိုတော့ သီးခြားမသိရသေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပြပါတယ်။

တစ်ဘက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးခေါင်လွန်းနဲ့အတူ ကချင်ဒေသစစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိခဲ့တဲ့ ဘွမ်ရေဘွမ့်စခန်းကို မတ် ၂၀ ရက်နေ့က သွားရောက်ကြည့်ရှု့ခဲ့ပါသေးတယ်။

အဲဒီစခန်းဟာ စစ်ကောင်စီရဲ့ ရှေ့တန်း အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ပွိုင့် ၇၇၁ မဆုတ်တမ်း အရေးကြီးခံစစ်စခန်းဖြစ်ပြီး မတ် ၁၅ ရက်နေ့မှာကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဦး ဆောင်တဲ့  တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်ရရှိခဲ့တာပါ။

မတ် ၂၁ ရက်နေ့မှာလည်း ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီရဲ့ နာဖော့တပ်စခန်းကို KIA ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် တိုက်ပွဲပြင်းထန်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“တိုက်ပွဲက ပြင်းထန်တယ်လို့ ပြောလို့ရပါတယ်။ နာဖော့တောင်စခန်းကိုလည်း ဒီမနက် ၇ နာရီ ၈ နာရီ အချိန်ကတည်းက တိုက်ပွဲပြင်းထန်ပါတယ်။ စကစဘက်က လေကြောင်းတွေနဲ့လာပြီး ဗုံးကြဲတိုက်ခိုက်တာ ရှိပါတယ်။ အပြီးအပိုင်သိမ်းနိုင်တဲ့အခြေအနေကတော့ Confirm မရှိသေးပါဘူး။ အများက သိမ်းလို့ရပြီလို့ ပြောကြတယ်။ ဒါပေမယ့် တရားဝင် Confirm ကတော့ သက်ဆိုင်ရာ ရှေ့တန်းသမားတွေက မပေးသေးဘူး”လို့ ပြောပါတယ်။

နာဖော့တပ်စခန်းဟာ KIA ဌာနချုပ် လိုင်ဇာမြို့အနီးရှိ စစ်ရေးဗျူဟာအရ အရေးပါတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုဖြစ်ပြီး မတ် ၁၈ ရက်နေ့ကတည်းက KIA ပူးပေါင်းအဖွဲ့တွေ စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒေသတွင်းအခြေစိုက် သတင်းဌာနတချို့ကတော့ နာဖော့စခန်းကို KIA က သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းတွင်း လက်နက်ခဲယမ်းတွေ ကျန်နေသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်း ထွက်ပြေးသူနဲ့ သေ ဆုံးသူတွေလည်း ရှိနေတယ်လို့ KIA အရာရှိတစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဖော်ပြပါတယ်။

မတ် ၁၉ ရက်နေ့ကလည်း နာဖော့စခန်းအနီး ၆၆၆၇ စခန်းနဲ့ ရင်ဆိုင်ကုန်း စခန်းနှစ်ခုကို KIA က သိမ်းပိုက်ရရှိထားပြီး ကျန်ရှိတဲ့ အူဂါရှန်၊ အူလောကောင်စတဲ့ တပ်စခန်းတချို့လည်း မတ် ၂၁ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာပါ။

ဒါ့အပြင် မိုးမောက်မြို့နယ် မြို့သစ်၊ ကုန်းလောကျေးရွာတွေဘက်မှာလည်း တိုက်ပွဲတွေရှိနေပြီး စစ်ကောင်စီဘက်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် တိုက်ပွဲတွေ ဆက် လက်ပြင်းထန်လာနိုင်တယ်လို့ သိရပါတယ်။

Most read this week

October 10, 2024
မွန်ပြည်နယ်မှာ ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေပေမယ့်...
October 9, 2024
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ပျူစောထီးပူး...
October 9, 2024
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်ပါတီရဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ် မတော်၊...
October 8, 2024
အာဏာသိမ်းစစ်ကောင်စီရဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့အနီး တည်ဆောက်မယ့် နိုင်ငံတကာအဆင့်မီ...