ရက္ခိုင့်ကွန်ဖက်ဒရေးရှင်းအလွန်ကို မျှော်ကြည့်ခြင်း

ရက္ခိုင့်ကွန်ဖက်ဒရေးရှင်းအလွန်ကို မျှော်ကြည့်ခြင်း

“သူ့ရဲ့စစ်မြေပြင်အနေအထားနဲ့ နိုင်ငံရေးအခြေအနေတွေကတော့ မြန်မာပြည်သူတရပ်လုံးအတွက် စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ဖို့ တိုက်ပွဲဝင်ဖို့ အကောင်းဆုံးအခါအခွင့်လို့ပဲ ကျွန်တော်တို့ မြင်ပါတယ်”။

လက်ရှိ အာဏာသိမ်းစစ်အုပ်စုနှင့် နိုင်ငံရေးအခြေအနေအပေါ် ရက္ခိုင့်တပ်တော် (ULA/AA) စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ သဘောထားအမြင်ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ် ဧပြီ ၁၅ ရက်၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ဖွဲ့စည်းစဉ်ကလည်း ULA/AA မပါဝင်လာရခြင်း ကိစ္စအပေါ် “ငါရို့ကို ဂရုတစိုက်နန့်ခေါ်ခဘာရေ ကိုယ့်ရပ်တည်ချက်နန့်ကိုယ် မပါလိုက်စွာရာ။ ယင်းသူရို့ကို အပြစ်ပြောစရာ မလိုအပ်ပါ”ဟု ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြည်သူလူထုအား ရှင်းလင်းအသိပေးခဲ့ဖူးပါသည်။

“၁၀၂၇ စစ်ဆင်ရေး” အတွင်း ULA/AA အပါအဝင် မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့၏ စစ်ရေး အရှိန်အဟုန်သည် အတိုင်းအတာတခုအထိသော နယ်မြေပိုင်စိုးနိုင်မှုများနှင့်အတူ ရပ်တန့်သွားနိုင်မလား၊ ဟိုင်ဂင်သဘောတူညီချက်ကဲ့သို့သော တရုတ်၏ ကြားဝင်စေ့စပ်မှုကြောင့် တုန့်ဆိုင်းသွားနိုင်မလား၊ ကွန်ဖက်ဒရေးရှင်းလား၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုလားဟူသော မေးခွန်းများ၊ သံသယများဖြင့် စောင့်ကြည့်ခြင်း ခံနေရပါသည်။

ယခုတပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် ၁၀၂၇ စစ်ဆင်ရေးနှင့် အတူ ရခိုင်နှင့် ချင်းပြည်နယ်အတွင်းမှ မြို့ (၁၁) မြို့အထိ ထိန်းချုပ်သိမ်းပိုက်ထားနိုင်ပြီဖြစ်သည့် ရက္ခိုင့်တပ်တော်(ULA/AA)၏ စစ်ရေးအရွေ့အဟုန်၊ နိုင်ငံရေး မျှော်ရည်ချက်များအား အချက်အလက်များ၊ အဖြစ်အပျက်များနှင့် ULA/AA ခေါင်းဆောင်များ၏ ပြောစကားများအပေါ် အခြေပြုကာ ချဉ်းကပ်တင်ပြ သွားပါမည်။

 ရက္ခိုင့်တပ်တော်၏ ဖြစ်တည်မှု

ရခိုင်ပြည်သူများကို ကာကွယ်ရေး၊ ငြိမ်းချမ်း‌ရေး၊ တရားမျှတရေးနှင့် လွတ်လပ်ရေး၊ ဖွံ့ဖြိုးရေးဆိုသည့် ရည်ရွယ်ချက်များသည် ၂၀၀၉ ခုနှစ် ဧပြီ ၁၀ ရက်၊ ရက္ခိုင့်တပ်တော် (AA) စတင်ဖွဲ့စည်းစဉ်က ရည်ရွယ်ချက်များ ဖြစ်သည်။ လူမျိုးပေါင်းစုံပါဝင်သည့် ရခိုင်ပြည်သူများ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် ရရှိရေး၊ လူမျိုးရေးကြန်အင်လက္ခဏာများနှင့် ယဉ်‌‌ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေး၊ ရခိုင်လူမျိုးတို့၏ ဂုဏ်သိက္ခာနှင့် အကျိုးစီးပွား မြှင့်တင်ဆောင်ရွက်ရေးတို့သည် ULA/AA ၏ ဦးတည်ချက်များ ဖြစ်သည်။ 

ဦးသိန်းစိန်အစိုးရလက်ထက်၊ အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်အတွင်း တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆိုင်ရာညှိနှိုင်းရေးအဖွဲ့(NCCT) အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည့်တိုင် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်၊ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)လက်မှတ်ရေးထိုးချိန်တွင်တော့ ဦးသိန်းစိန်အစိုးရက ချန်လှပ်ခဲ့သည်။

တပ်ဖွဲ့ဝင်အင်အား (၃၀၀၀၀) ကျော်အထိ ရှိလာသည့် ULA/AA သည် မူလက မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (ERO) များနှင့် ပူးပေါင်းကာ တိုက်ပွဲအတွေ့အကြုံများ ရယူခဲ့သော်လည်း ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက်၊ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်နှင့် ရသေ့တောင် မြို့နယ်များ အတွင်းရှိ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်စခန်း (၄) ခုကို တပြိုက်နက်တိုက်ခိုက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မကျင်းပမီအချိန်အထိ တိုက်ပွဲများ အရှိန်အဟုန် ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

သို့သော် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၀ ရက်၊ ULA/AA နှင့် စစ်ကောင်စီအကြား တွေ့ဆုံဆွေးနွေးမှု အပြီးတွင်တော့ ၎င်းတို့နှစ်ဖက်အကြား ရုတ်ချည်းဆိုသလို အပစ်အခတ်ရပ်စဲသွားခဲ့ပြီး စစ်အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်တွင် ULA/AA အား အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားခြင်းကို အာဏာသိမ်း စစ်ကောင်စီက ရုတ်သိမ်းပေးခဲ့သည်။ စစ်အာဏာသိမ်းရန် ကြိုးပမ်းနေသည့် အာဏာသိမ်းစစ်အုပ်စုအတွက် နိုင်ငံတဝှမ်း အင်အားစုပေါင်းစုံက ဆန့်ကျင်တော်လှန်လာကြသည့် အချိန်တွင်တော့ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) ကိုယ်တိုင်လည်း ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ကဏ္ဍများကို နေရာယူလာခဲ့သည်။

စစ်အာဏာရှင်အပါအဝင် အာဏာရှင်မှန်သမျှ ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးသို့ ဦးတည်တိုက်ပွဲဝင်နေကြသည့် နွေဦးတော်လှန်ရေး၏ အဝန်းအဝိုင်းထဲတွင် ULA/AA ပါဝင်မလာခြင်းအပေါ် သံသယများစွာဖြင့် မေးခွန်းထုတ် စောင့်ကြည့်နေကြသည့်တိုင် သတင်းအချက်အလက် လုံခြုံမှုကို စောင့်စည်းပြီး ဦးတည်ရာပန်းတိုင်ကို ရောက်ရှိရေးအတွက် အချိန်အခါနှင့် မဟာဗျူဟာကို စောင့်ကြိုပြင်ဆင်ကာ ချီတက်နေခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

ရှမ်းမြောက်ဒေသက စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” တွင်တော့ ကိုးကန့်တပ်ဖွဲ့(MNDAA)၊ တအာင်းတပ် မတော် (TNLA) တို့နှင့်အတူ ULA/AA လည်း ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်လာခဲ့သည်။ တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုကြောင့် ရရှိခဲ့သည့် ဟိုင်ဂင်သဘောတူညီချက်အလွန်တွင်တော့ ချင်းပြည်နယ် ပလက်ဝမြို့ နယ်နှင့် ရခိုင်ပြည်နယ်တဝှမ်းတွင် အာဏာသိမ်းစစ်အုပ်စုအား ဦးတည်တိုက်ခိုက်လာသည့် ULA/AA ၏ စခန်း သိမ်း၊ မြို့သိမ်းတိုက်ပွဲများကို အရှိန်အဟုန်ဖြင့် မြင်တွေ့လာရပါသည်။

 စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများနှင့် ရက္ခိုင့်တပ်တော်၏ စစ်ရေးအဟုန်

မိမိတို့ BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရ ၂၀၁၉ ခုနှစ် ဇန်နဝါရီမှ ၂၀၂၄ ခုနှစ် မတ်လ ၁၂ ရက် အထိ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (ULA/AA) အကြား တိုက်ပွဲဖြစ်ပွားမှုပေါင်း ၅၄၇ ခု ရှိခဲ့ပြီး စစ်အာဏာမသိမ်းခင် ၂၀၁၉၊ ၂၀၂၀ နှစ်များအတွင်း တိုက်ပွဲဖြစ်ပွားမှုအရေအတွက်ထက် စစ်အာဏာသိမ်း ကာလအတွင်း တိုက်ပွဲဖြစ်ပွားမှု အရေအတွက်က အနည်းငယ်ပိုများနေသည်ကို တွေ့ရပါသည်။

ထိုအထဲတွင်မှ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း စစ်ကောင်စီတပ်နှင့် ULA/AA အကြား တိုက်ပွဲဖြစ်ပွားမှုသည် ၁၇၉ ခုအထိ ရှိခဲ့ပါသည်။ ထို့အပြင် တရုတ်၏ ကြားဝင်စေ့စပ်မှုကြောင့် ရရှိလာသည့် ဟိုင်ဂင်သဘောတူညီချက်အလွန် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစတင်ပြီး ရက္ခိုင့်တပ်တော်၏ အာဏာသိမ်းစစ်အုပ်စုအပေါ် ထိုးစစ်ဆင်တိုက်ပွဲများသည် ပိုမိုအရှိန်အဟုန်အားကောင်း လာခဲ့ပါသည်။

ယခုအခါ ၂၀၂၄ ခုနှစ်မှစတင်ပြီး ချင်းပြည်နယ် ပလက်ဝမြို့ကို ဇန်နဝါရီ ၁၄ ရက်၊ ဆမီးမြို့ကို ဇန်နဝါရီ ၁၆ ရက်၊ ရခိုင်ပြည်နယ် ပေါက်တောမြို့ကို ဇန်နဝါရီ ၁၉ ရက်၊ မင်းပြားနှင့် ကျောက်တော်မြို့တို့ကို ဖေဖော်ဝါရီ ၆ ရက်၊ မြောက်ဦးမြို့ကို ဖေဖော်ဝါရီ ၈ ရက်၊ မြေပုံမြို့ကို ဖေဖော်ဝါရီ ၁၅ ရက်၊ ပုဏ္ဏားကျွန်းမြို့ကို မတ်လ ၄ ရက်၊ ရမ်းဗြဲမြို့ကို မတ်လ ၁၁ ရက်၊ ရသေ့တောင်မြို့ကို မတ်လ ၁၇ ရက်တို့တွင် စစ်ကောင်စီ လက်အောက်မှ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါသည်။

 ရက္ခိုင့်ကွန်ဖက်ဒရေးရှင်းအလွန်ကို မျှော်ကြည့်ခြင်း

“ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်နဲ့ အချုပ်အခြာအာဏာပိုင်မှုဟာ ကျနော်တို့အမျိုးသားရေးလှုပ်ရှားမှုရဲ့ အဓိကရည် မှန်းချက်ဖြစ်တယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုမြန်မာနိုင်ငံမှာ ကျနော်တို့ရခိုင်လူထုတောင်းတနေတဲ့ ကွန်ဖက်ဒရေးရှင်းပုံစံမျိုးအတွက် နိုင်ငံရေးအရ နေရာရှိမရှိဆိုတာ ကြည့်ရပါဦးမယ်”ဟု ULA/AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၈ ရက်၊ ဘာတေးလင့်တနာနှင့် အင်တာဗျူးတွင် ဖြေဆိုခဲ့ သည်။

အခြားသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့်အတူ ယှဉ်တွဲနေထိုင်ရရေးကို ပိုမိုနှစ်သက်သည့်တိုင် မှန်ကန်သည့် နိုင်ငံရေးအဆင့်အတန်းမျိုး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် မရရှိနိုင်ပါက နိုင်ငံတကာအသိုင်းအဝိုင်းတွင် ဝင်ဆံ့နိုင်ရေးအတွက် ကိုယ့်ဘာသာ  ကြိုးစားယူရလိမ့်မည်ဟုလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုပါသည်။

“၁၀၂၇ စစ်ဆင်ရေး” မှ စတင်ပြီး ၆ လပင်မပြည့်သေးသည့် ကာလအတွင်း နိုင်ငံတဝှမ်း မြို့ပေါင်း ၅၁ မြို့အထိ ERO များအပါအဝင် တော်လှန်ရေးအင်အားစုများဘက်က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်။ ကောလင်းမြို့ အား အာဏာသိမ်းစစ်အုပ်စုမှ ပြန်လည်ထိန်းချုပ်သွားနိုင်သဖြင့် ယခုအခါ မြို့ပေါင်း (၅၀)အထိ အာဏာသိမ်း စစ်အုပ်စု၏ လက်အောက်မှ တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပါသည်။ ထိုအထဲ တွင် ရက္ခိုင့်တပ်တော်(ULA/AA)အနေဖြင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်း မြို့ပေါင်း ၁၁ မြို့ကို သိမ်း ပိုက်ထားနိုင်ပြီဖြစ်ဟု ဆိုရမည်ဖြစ်သည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဘီဘီစီသတင်းဌာနနှင့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့၏ အမေးအဖြေကဏ္ဍတွင် တော့ “ကျွန်တော်တို့ကတော့ အတူတကွ စည်းစည်းလုံးလုံး အနာဂတ်ကို တည်ဆောက်ချင်တယ်။ သို့သော် လည်းပဲ ကျွန်တော်တို့လိုချင်တဲ့ ကျွန်တော်တို့ရသင့်တဲ့အတိုင်းအတာကို မရဘူးဆိုရင်တော့ တခြားသော စဉ်းစားမှုတွေလည်း ရှိလာနိုင်တယ်ပေါ့။ ကျွန်တော်တို့ကတော့ ဒီဟာတွေကို ပါးစပ်နဲ့ပြောနေတာထက် ကျွန်တော်တို့ရဲ့ အခြေခံအင်အားတွေကို အကောင်းဆုံးတည်ဆောက်ပြီး ပြောသင့်ပြောထိုက်တဲ့အချိန်မှာ ကျွန်တော်တို့ အခြေအနေအချိန်အခါကို ကြည့်ပြီးမှ သေသေချာချာ လက်တွေ့ကျကျ ဆွေးနွေးဆောင်ရွက် သွားဖို့အတွက် စဉ်းစားထားပါတယ်”ဟု ဆိုပါသည်။

 သုံးသပ်တင်ပြချက်

ရက္ခိုင့်တပ်တော်(ULA/AA)၏ စစ်ရေးအရွေ့အဟုန်သည် ဆက်လက်အားကောင်းနေဆဲဖြစ်သည်။ နွေဦးတော် လှန်ရေးအင်အားစုများ၊ အထူးသဖြင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးသို့ ဦးတည်တိုက်ပွဲဝင်နေကြသည့် မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF-LDF)များ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့(ERO)များနှင့်အတူ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများကို မြင်တွေ့ရသကဲ့သို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)နှင့်လည်း နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုအချို့ ရှိခဲ့ပါသည်။ ထို့အပြင် မြောက်ပိုင်း ညီနောင် မဟာမိတ်များနှင့်အတူ တရုတ်၏ ကြားဝင်စေ့စပ်မှုကြောင့် အာဏာသိမ်းစစ်ကောင်စီ၏ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံရသည့် အခြေအနေမျိုးကို တွေ့မြင်နေရပါသည်။

ရခိုင်ဒေသတခုလုံးကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်ရေးအတွက် စစ်ရေးအရ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုထားသည့်အတွက် ဟိုင်ဂင်သဘောတူညီချက်အလွန် “၁၀၂၇ စစ်ဆင်ရေး”၏  နောက်ဆက်တွဲစစ်ရေးအဟုန်သည် ရခိုင်ဒေသလွတ်မြောက်ရေးဆီသို့ ဦးတည်နေပါသည်။ ရခိုင်အမျိုးသားရေးဆိုင်ရာ ရက္ခိတလမ်းစဉ်၊ ရက္ခိတရည်မှန်းချက်များဖြင့် စတင်ခဲ့သည့် ရက္ခိုင့်တပ်တော် (ULA/AA)၏ အတွေးအခေါ်အရွေ့သည် လူမျိုးပေါင်းစုံလွတ်မြောက်ရေး၊ လူမျိုးပေါင်းစုံ ကြီးငယ်မခွဲခြားဘဲ တန်းတူမျှတစွာ အခွင့်အရေးရရှိရေးနှင့် လူမျိုးစုအလိုက် အကုန်လုံးစည်းလုံးညီညွတ်ရေးဆီသို့ ဦးတည် လာသည်ဟု ဆိုရမည်ဖြစ်သည်။

နွေဦးတော်လှန်ရေးအင်အားစုများအနေဖြင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးကို ဘုံရည်မှန်းချက်အဖြစ် ထားရှိနိုင်သကဲ့သို့ ရက္ခိုင့်တပ်တော်(ULA/AA)၏ ကွန်ဖက်ဒရေးရှင်းဟူသည်ကလည်း ထည့်သွင်းစဉ်းစားနိုင်စရာ အကြောင်းအချက်တခု ဖြစ်လာနိုင်ပါသည်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ယခုလိုပြောဆိုထားပါသည်။

“ကျနော်တို့ရဲ့အတွေးအခေါ်ကတော့ နိုင်ငံတနိုင်ငံမှာ စနစ်တခုတည်းနဲ့ မူတခုတည်းနဲ့ ရှိသမျှပြဿနာ အကုန် လုံးကို တခုတည်းမှာပဲ ကွက်တိဖြစ်ရမယ်ဆိုတဲ့ Concept ကို ကျနော်တို့က လက်မခံဘူး”။

(မှတ်ချက် ။ ။ BNI-Myanmar Peace Monitor မှ တစ်လနှစ်ကြိမ်ထုတ် သတင်းသုံးသပ်ချက်စာစောင် အမှတ် – ၁၄၀ မှ ကူးယူဖော်ပြထားခြင်း ဖြစ်သည်။)

Most read this week

October 9, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်း နှင့် အိန္ဒိယ-မြန်မာနယ်စပ်...
October 4, 2024
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက မြန်မာစစ်ဘေးရှောင် ၇၀၀...
October 2, 2024
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ် အနောက်ရပ်ကွက် ဘုရင့်နောင်လမ်းခွဲတွင် အောက်တိုဘာလ (၁)...
October 1, 2024
စစ်ကောင်စီသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ယူမှုကို ယနေ့အောက်တိုဘာ လ ၁...