အာဏာသိမ်းကာလ ၃ နှစ်အတွင်း ချင်းအမျိုးသမီး ၆၀ ဦးကျဆုံးပြီး ၃၀ ထက်မနည်းမှာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံထားရ

အာဏာသိမ်းကာလ ၃ နှစ်အတွင်း ချင်းအမျိုးသမီး ၆၀ ဦးကျဆုံးပြီး ၃၀ ထက်မနည်းမှာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံထားရ

တော်လှန်ရေးမှာ ကဏ္ဍစုံမှ ပါဝင်နေသည့် ချင်းအမျိုးသမီးများ လိင်အကြမ်းဖက်မှုပေါင်းစုံကို ပိုမိုရင်ဆိုင်လာရဟုဆို

အာဏာသိမ်း ၃ နှစ်တာအတွင်း စစ်ကောင်စီက ချင်းအမျိုးသမီး ၆၀ ဦးထက်မနည်းကို သတ်ဖြတ်မှု ကျူးလွန်ထားပြီး ချင်းအမျိုး သမီး ၃၀ ဦးထက်မနည်းက နိုင်ငံတဝန်းက အကျဉ်းထောင်တွေထဲ ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း Chin Civic Movement က ယနေ့မှာ သတင်းထုတ်ပြန်သည်။

သေဆုံးသွားသူများတွင် ချင်းအရပ်ဖက်အမျိုးသမီးခေါင်းဆောင်များ၊ သာမန်အရပ်သားပြည်သူ ချင်းအမျိုးသမီးများနှင့် လက်နက်ကိုင်တိုက်ပွဲ ဝင်နေသော ချင်းအမျိုးသမီးများ ပါဝင်ပြီး နည်းလမ်းမျိုးစုံဖြင့် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

“ဆန္ဒဖော်ထုတ်စဉ်ကာလမှာ ဖြစ်သွားတဲ့ ဆရာမ အားခူလိုမျိုးတွေရှိသလို တိုက်ပွဲအတွင်းနဲ့ တိုက်ပွဲတွေနဲ့ ဆက်စပ်တဲ့ အခြေအနေတွေမှာပါ ပါပါတယ်”ဟု ချင်းအရပ်ဖက်လူမှုလှုပ်ရှားမှုအဖွဲ့ (Chin Civic Movement )မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဆရာမ အားခူးသည် စစ်အာဏာသိမ်းမှု ဖြစ်ပွားသည့် ၂၀၂၁ မတ်လမှာ ကလေးမြို့ ဆန္ဒပြပွဲတွင် ပစ်ခတ်ဖြိုခွင်မှုကြောင့် ကျဆုံးခဲ့သော အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ Women for Justice အဖွဲ့ခေါင်းဆောင်ဖြစ်သည်။

ထို့အပြင် ချင်းပြည်နယ်နှင့် မကွေး၊ မော်လမြိုင်၊ ရန်ကုန် စသည့် မြို့များရှိ အကျဉ်းထောင်များတွင်လည်း ချင်းအမျိုးသမီးများ ဖမ်းဆီးထိန်းသိမ်းခံနေရပြီး ချင်းအမျိုးသမီး ၃၀ ဦးထက် မနည်းမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း Chin Civil Movement က  ယနေ့ မတ်လ ၈ ရက် ၊ နိုင်ငံတကာအမျိုးသမီးများနေ့တွင် ထုတ်ပြန်သည်။

နွေဦးတော်လှန်ရေးတွင် ချင်းအမျိုးသမီးများမှာ ကာကွယ်ရေး၊ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ကဏ္ဍပေါင်းစုံတွင် ပါဝင်နေကြောင်း လက်ရှိချင်းပြည်အစိုးရအဖွဲ့တွင်လည်း အမျိုးသမီး ပါဝင်မှု အချိုးမှာ ၁၁ ရာခိုင်နှုန်းသာ ရှိကြောင်း CCM က ထုတ်ပြန်သည်။

နွေဦးတော်လှန်ရေးတွင် ချင်းအမျိုးသမီးများသည် ကဏ္ဍအသီးသီးမှာ ပါဝင်နေကြရာတွင် အမျိုးသမီးနှင့် မိန်းကလေးများကို ခွဲခြားဖိနှိပ်ထားသော နဂိုမူလ ချင်းလူမှုစံနှုန်း၊ ဓလေ့ထုံးတမ်းများကြောင့် တော်လှန်ရေးကာလ တလျှောက် လိင်အခြေပြု အကြမ်းဖက်မှုပေါင်းစုံကို ပိုမိုရင်ဆိုင်နေကြရကြောင်း CCM က ထုတ်ပြန်သည်။

စစ်ကောင်စီက အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်အကြမ်းဖက်မှုများကို စစ်ရေးဗျူဟာအတွက် အသုံးပြုသကဲ့သို့ တော်လှန်ရေးကာလမှာလည်း အမျိုးသားများနှင့် တန်းတူ တာဝန်ယူဆုံးဖြတ်ချက် ချခွင့် များစွာ အားနည်းနေကြောင်း CCM က ဆိုသည်။

ယင်းအချက်များက အာဏာရှင်စနစ်အမြတ်ပြတ် ခြေမှုန်းရေကို အဟန့်အတားဖြစ်စေပြီး အမျိုးသမီး ဦးဆောင်မှုဖြင့် တော်လှန်ရေး ကို အရှိန်မြှင့်တင်ရန် တိုက်တွန်းကြောင်း သိရသည်။

ချင်းတော်လှန်ရေးအင်အားစုများအနေဖြင့်လည်း ချင်းအချင်းချင်းကြားက ပဋိပက္ခများနှင့် သဘောထား ကွဲလွဲမှုများကို အပြန် အလှန်လေးစားမှု ရှိသော နိုင်ငံရေးစကားဝိုင်းဖြင့် အမြန်ဆုံး အဖြေရယူရန် Chin Civic Movement က တိုက်တွန်ထားသည်။

Most read this week

October 11, 2024
ချင်းတော်လှန်ရေးအင်အားစုများက နယ်မြေအများစုကို သိမ်းပိုက်စိုးမိုးထားသည့် ချင်းပြည်နယ်တွင်...
October 9, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်း နှင့် အိန္ဒိယ-မြန်မာနယ်စပ်...
October 4, 2024
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက မြန်မာစစ်ဘေးရှောင် ၇၀၀...
October 2, 2024
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ် အနောက်ရပ်ကွက် ဘုရင့်နောင်လမ်းခွဲတွင် အောက်တိုဘာလ (၁)...