တိမ်းရှောင်လာတဲ့ လူငယ်တွေကို မွန်ပြည်ဖက်ဒရယ်ကောင်စီ လုံခြုံရေးတာဝန်ယူပေးမယ်

တိမ်းရှောင်လာတဲ့ လူငယ်တွေကို မွန်ပြည်ဖက်ဒရယ်ကောင်စီ လုံခြုံရေးတာဝန်ယူပေးမယ်

စစ်မှုထမ်းဥပဒေကြောင့် တိမ်းရှောင်လာတဲ့ မွန်ပြည်နယ်က လူငယ်တွေအနေနဲ့ တော်လှန်ရေးတပ်တွေမှာ ဝင်ရောက်တာဝန်ယူနိုင်သလို တော်လှန်ရေးအကျိုးပြုလုပ်ငန်းတွေကို ထမ်းဆောင်နိုင်ပြီး လုံခြုံရေးအနေနဲ့ တတ်စွမ်းသလောက် တာဝန်ယူပေးသွားမယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက အသိပေးကြေညာပါတယ်။

စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်မှာ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အာဏာတည်စေရမယ်လို့ ကြေညာခဲ့တဲ့အပေါ်  မွန်ပြည်ဖက်ဒရယ်ကောင်စီက ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ သဘောထားထုတ်ပြန်ခဲ့တာပါ။

ထုတ်ပြန်ချက်အရ နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံတော်လှန်မှုတွေ ပြင်းထန်နေချိန် စစ်စခန်းတချို့နဲ့ ထိန်းချုပ်နယ်မြေတချို့ လက်လွှတ်ခဲ့ရတာတွေ ကြုံတွေ့နေရတဲ့ စစ်ကောင်စီအနေနဲ့ စစ်ရေးအရ အရေးနိမ့်မှုတွေနဲ့ ရင်ဆိုင်နေရချိန် ဖြစ်ပါတယ်။

ပြည်သူလူထုအပေါ်  ခြိမ်းခြောက်အကျပ်ကိုင်ကာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး စစ် သည်အင်အား ဖြည့်ဆည်းနိုင်ဖို့ သူတို့ရဲ့အာဏာနဲ့ ကိုယ်ကျိုးစီးပွားကို အကာအကွယ်ရယူနိုင်ဖို့ ပြည်သူကို လူသားဒိုင်းအဖြစ်အသုံးချဖို့ စီမံတာဖြစ်တယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက ဆိုပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC အဖွဲ့ဝင် နိုင်တင်းပလဟံသာက တိမ်းရှောင်လာတဲ့ လူငယ်တွေကို နေရာထိုင်ခင်း၊ အစားအသောက်ကအစ တာဝန်ယူပေးသွားမှာဖြစ်ပြီး နောက်ပိုင်းမှာ သူတို့ရဲ့ ရပ် တည်ချက်အတိုင်း လျှောက်လှမ်းနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

 "ကျွန်တော်တို့ဆီကို ရောက်လာရင်တော့ အရေးပေါ်အနေနဲ့ နေရာထိုင်ခင်းနဲ့ အစားအသောက်ပေးပါတယ်။ ဒုတိယအနေနဲ့ လာတဲ့သူက ဘယ်လိုရည်ရွယ်ချက်နဲ့ လာသလဲ၊ သူတို့သဘောထား ဘယ် လိုရှိသလဲဆိုတာ ကျွန်တော်တို့ စိစစ်မယ်။ တတိယအနေနဲ့ သူတို့က တော်လှန်ရေးစစ်မှုထမ်းချင်သလားပေါ့။ နောက်စစ်မှုထမ်းရင် ဘယ်အဖွဲ့ထဲဝင်မလဲ။ ဥပမာ MSRF အဖွဲ့ထဲ ဝင်မလား။ တခြား PDF အဖွဲ့ထဲဝင်မလား။ ကျွန်တော်တို့သိမယ်။ သိပြီးရင် သက်ဆိုင်ရာ အဖွဲ့တွေကို ချိတ်ဆက်ပေးမယ်။ နောက်ဆုံး စစ်မှုမထမ်းလိုဘူးဆိုရင်တော့ ကျွန်တော်တို့က အချိန်ကာလအတိုတစ်ခုထိတော့ နေရာထိုင်ခင်းနဲ့ အစားအသောက် တာဝန်ယူပေးမယ်။ ဒါပေမယ့် အဲဒီသတ်မှတ်ထားတဲ့ အချိန်ကာ လကျော်လွန်သွားရင်တော့ သူတို့လည်း သူတို့ဟာနဲ့ လမ်းစရှာရတော့မှာပဲ။ ကျွန်တော်တို့မှာ လက်ရှိ အခြေအနေအရ အဲဒီလောက်ပဲ တတ်နိုင်တဲ့အခါကျတော့ ဒါတွေကို နားလည်ပေးဖို့ တောင်းပန်ချင်ပါတယ်"လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြည်သူတွေအနေနဲ့ ကိုယ့်နည်းကိုယ်ဟန် ဆန့်ကျင်ဖို့နဲ့ စစ်ကောင်စီကို တော်လှန်နေတဲ့ တိုင်းရင်းသား အင်အားစုတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လိုအပ်တဲ့ကာကွယ်မှုတွေ၊ ကူညီပံ့ပိုးမှုတွေကို လုပ်ဆောင်သွားဖို့ တိုက်တွန်းထားပါတယ်။

စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်စနစ်မှန်သမျှ အပြီးတိုင်ဖယ်ရှားရေး၊ လက်တွဲညီညီ စစ်အုပ်စုကို အမြစ်ဖြတ် ချေမှုန်းနိုင်မှသာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုနဲ့ လွတ်လပ်မှုရရှိနိုင်မယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက ဆိုပါတယ်။

မြန်မာစစ်တပ်က စစ်မှုထမ်းဥပဒေကို အတင်းအကျပ် အသက်သွင်း အကောင်အထည်ဖော်ရာမှာ အထောက်အကူပြုသူမှန်သမျှနဲ့ သက်ဆိုင်ရာအဖွဲ့အစည်း အဆင့်ဆင့်ကို စစ်ရာဇဝတ်မှုကျူးလွန်တဲ့ ပြည်သူ့ရန်သူတွေအဖြစ် သတ်မှတ်ပြီး ပြင်းထန်ထိရောက်စွာ အရေးယူသွားရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီကတော့ စစ်မှုထမ်းဥပဒေကြောင့် အရွယ်ရောက်ပြီးသူတွေအနေနဲ့ စစ်ကောင်စီကို တော်လှန်နေကြတဲ့ တော်လှန်ရေး အင်းအားစုတွေနဲ့ အတူတကွ ပူးပေါင်းသွားကြဖို့ တိုက်တွန်းထားပါတယ်။

Most read this week

October 12, 2024
မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီး တချို့မှာ စက်သုံးဆီကို လိုသလောက် ရောင်းချမပေးတော့ဘဲ အ...
October 11, 2024
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ သထုံခရိုင်အုပ်ချုပ်နယ်မြေအတွင်းမှာရှိတဲ့ ကျေး ရွာပေါင်း ၄၀၀...
October 10, 2024
မွန်ပြည်နယ်မှာ ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေပေမယ့်...
October 9, 2024
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ပျူစောထီးပူး...