မွန်ပြည်သစ် AD အဖွဲ့နဲ့ မွန်တော်လှန်ရေးအဖွဲ့တွေ စစ်ရေးပူးပေါင်းမယ်

မွန်ပြည်သစ် AD အဖွဲ့နဲ့ မွန်တော်လှန်ရေးအဖွဲ့တွေ စစ်ရေးပူးပေါင်းမယ်

အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်သွားမယ့် မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး AD နဲ့အတူ မွန်တော်လှန်ရေးအဖွဲ့အစည်းတွေကလည်း စစ်ရေးအရ မဟာမိတ်အဖြစ်ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ အသိပေးထုတ်ပြန်ထားကြပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့က မွန်ပြည်သစ်ပါတီ AD က စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ၊ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်သွားမယ်လို့ ကြေညာခဲ့တာပါ။

မွန်ပြည်သစ်ပါတီ AD ရဲ့ ကြေညာချက်အပေါ် စစ်အာဏာသိမ်းမှုအတွင်း ပေါ်ပေါက်လာတဲ့ မွန်လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေက စစ်ရေး၊နိုင်ငံရေးအရ လှိုက်လှဲစွာ ထောက်ခံကြိုဆိုခဲ့ကြပါတယ်။

မွန်ပြည်ကာကွယ်ရေးတပ် MSDF က စစ်ကောင်စီနဲ့ အာဏာရှင်စနစ်အမျိုးမျိုး ချေမှုန်းပျက်သုဉ်းရေးအတွက် မွန်ပြည်သစ်ပါတီ AD နဲ့ အတူတကွလက်တွဲပြီး အောင်ပွဲရတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ အသိပေးခဲ့တာပါ။

MSDF ရဲ့ နိုင်ငံရေး၊ စစ်ရေး ဦးဆောင်ကော်မတီဥက္ကဌ ဒေါက်တာသီရိမွန်ချမ်းက မွန်ပြည်သစ်ပါတီ AD နဲ့ စစ်ရေးအရ မဟာမိတ်ဖြစ်စေ ပိုမိုကျစ်လစ်ခိုင်မာတဲ့ တပ်ဦးဖြစ်စေ အတူတကွဲ လက်တွဲပြီး တိုက်ပွဲဝင်သွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မိမိတို့ မွန်ပြည်ကာကွယ်ရေးတပ် MSDF ရဲ့ စစ်ရေးမဟာဗျူဟာ နည်းဗျူဟာက ပထမအဆင့်အနေနဲ့ ရည်မှန်းချက်ချင်းတူ ရည်ရွယ်ရပ်တည်ချက်ခြင်းတူ မွန်တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ COC တစ်ခုတည်းမှာရှိတဲ့ တပ်ဦးတစ်ခုမဖြစ်ခင် မွန်လက်နက်ကိုင်တပ်တစ်တပ်အထိမဖြစ်ခင် ကျစ်လစ်ခိုင်မာတဲ့ စစ်ရေးမဟာမိတ်တစ်ခုအဖြစ် တိုက်ခိုက်သွားဖို့ အတိအလင်းချမှတ်ထားတယ်။ ဒါကြောင့် အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်သွားမယ်လို့ အတိအလင်းကြေညာခဲ့တဲ့ မွန်ပြည်သစ်ပါတီ AD နဲ့ စစ်ရေးအရ စစ်ရေးမဟာမိတ်တစ်ခုအဖြစ် ဖြစ်စေ၊ ဒီထက်ပိုမိုကျစ်လစ်ခိုင်မာတဲ့ တပ်ဦးတစ်ခုအဖြစ်ဖြစ်စေ၊ အတူတကွလက်တွဲပြီး တော်လှန်ရေး အောင်မြင်တဲ့အထိ တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ သဘောပါ”လို့ သူက ဆိုပါတယ်။

MSDF ရဲ့ နိုင်ငံရေး၊စစ်ရေးဦးဆောင်ကော်မတီနဲ့ မွန်ပြည်သစ်ပါတီ AD နိုင်ငံရေး၊စစ်ရေးဦးဆောင်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးသဘောတူညီချက်ရရှိပြီး စစ်‌ရေးလှုပ်ရှားမှုအစီအစဉ်နဲ့ တိုက်ပွဲဖော်ဆောင်မှုအစီအစဉ်တွေ အမြန်ဆုံးချမှတ်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ ဒေါက်တာ သီရိမွန်ချမ်းက ပြောပါတယ်။

မွန်ပြည်သစ်ပါတီ AD ရဲ့ စစ်ကြေညာချက်မှာ စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေး၊ မိမိတို့ တိုင်းရင်းသားလူမျိုးတွေ လိုလားတောင့်တတဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ် ပိုင်ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ရည်မှန်းတာ ဖြစ်ပါတယ်။

အဲဒီရည်မှန်းချက်ဟာ မိမိတို့အဖွဲ့ရဲ့ နိုင်ငံရေးရည်မှန်းချက်အတိုင်း အတူတကွလက်တွဲဖော်ဆောင် သွားနိုင်မယ်လို့ ယုံကြည်ကြောင်းနဲ့ စစ်အာဏာရှင် တိုက်ဖျက်ရာမှာ စစ်ရေးအရ ပူးပေါင်းသွားမှာဖြစ်ပြီး နိုင်ငံရေးအရ ညှိနှိုင်းမှုတွေကိုလည်း ဆက်လုပ်သွားမယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က အသိပေးထားပါတယ်။

MSFC ရဲ့  မွန်ပြည်တပ်အဖြစ် စစ်ရေး၊ နိုင်ငံရေးဦးဆောင်မှုကို ခံယူထားတဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက စစ်ရေးပိုင်းမှာ မွန်ပြည်သစ်ပါတီ AD ကို မိမိတို့နဲ့ လာရောက်ပူးပေါင်းပြီး တိုက်ပွဲဝင်ဖို့ မကြာခင်ဖိတ်ခေါ်သွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်ရေးအပိုင်းမှာ ကျွန်တော်တို့ MSRF ဟာ မဟာမိတ်မူဝါဒအရ စစ်ကောင်စီကို ဆန့်ကျင်တိုက် ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံး လက်နက်မကိုင်တဲ့ အဖွဲ့အစည်းအားလုံးနဲ့ ကျွန်တော်တို့ မဟာမိတ်အဖြစ် သတ်မှတ်တယ်။ အတူတကွလက်တွဲဆောင်ရွက်သွားဖို့ အစီအစဉ်ရှိပါတယ်။ ဒါပေမယ့် တိုက်ပွဲတွေပူး‌ပေါင်း ဖော်ဆောင်ဖို့ ဒီနေ့အထိ သူတို့ရဲ့ NMSP-AD လှုပ်ရှားမှုလည်း မမြင်ရသေးဘူး။ ကျွန်တော်တို့ကိုလည်း သူတို့က လာပြီးတော့ ကမ်းလှမ်းတာမရှိသလို ကျွန်တော်တို့ ဘက်ကလည်း ကမ်းလာတာမရှိသေးပေမယ့် ကျွန်တော်တို့နဲ့ လာရောက်ပူးပေါင်းပြီးတော့ လက်တွဲတိုက်ပွဲဝင်ဖို့တော့ မကြာခင်ဖိတ်ခေါ်မှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

မွန်ပြည်အတွက် အလုံးစုံသောအာဏာရှင်စနစ်ကို အပြီးတိုင်တိုက်ထုတ်နေတဲ့ MSRF အနေနဲ့ မွန်လူငယ်လူရွယ်တွေကိုလည်း တပ်သားရဲဘော်သစ်အဖြစ် လက်ခံနေတယ်လို့ ဖိတ်ခေါ်ကြေညာထားပါတယ်။

မွန်ပြည်သစ်ပါတီ AD အနေနဲ့ လောလောဆယ်မှာ တော်လှန်ရေးအင်အားစုတွေနဲ့ ချိတ်ဆက်ပြော ဆိုမှုတချို့ ရှိပေမယ့် လုပ်ငန်းစဉ်အသေးစိတ်ကို ဆက်လက်ဆွေးနွေးသွားမယ်လို့ AD ရဲ့ နိုင်ငံရေး စစ်ရေးဦးဆောင်အဖွဲ့ ဒုတိယအဖွဲ့ခေါင်းဆောင်(၁) နိုင်ဗညားလယ်က သံလွင်တိုင်းမ်က ဖြေကြားထားပါတယ်။

မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ကလည်း မွန်ပြည်သစ်ပါတီ AD ရဲ့  သဘောထားနဲ့အညီ မဟာမိတ်အဖြစ်ပူးပေါင်းပြီး စစ်အာဏာရှင်ကို ချေမှုန်းတိုက်ခိုက်သွားမယ်လို့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ အသိပေးကြေညာထားတာပါ။

ဒီအခြေအနေမှာ မွန်ဒေသတွင်း တိုက်ပွဲဖြစ်ပွားမှု အရှိန်အဟုန်မြင့်လာမှာဖြစ်တဲ့အတွက် မလိုအပ်ဘဲ ခရီးမသွားဖို့ ၊ စစ်တပ်အနီးအနားမနေကြဖို့ ဗုံးခိုကျင်းတွေ တူးထားကြဖို့နဲ့ စားနပ်ရိက္ခာတွေလည်း တစ်နိုင်တစ်ပိုင် ပြင်ဆင်ထားကြဖို့  စစ်ရေးအကဲခတ်တွေက တိုက်တွန်းထားပါတယ်။

Most read this week

October 12, 2024
မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီး တချို့မှာ စက်သုံးဆီကို လိုသလောက် ရောင်းချမပေးတော့ဘဲ အ...
October 11, 2024
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ သထုံခရိုင်အုပ်ချုပ်နယ်မြေအတွင်းမှာရှိတဲ့ ကျေး ရွာပေါင်း ၄၀၀...
October 10, 2024
မွန်ပြည်နယ်မှာ ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေပေမယ့်...
October 9, 2024
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ပျူစောထီးပူး...