စစ်ရဟတ်ယာဉ် ပစ်ချမှုမှာ ဗိုလ်မှူးချုပ်အပါအဝင် ၅ ဦး သေဆုံးတယ်လို့ KNU ထုတ်ပြန်

စစ်ရဟတ်ယာဉ် ပစ်ချမှုမှာ ဗိုလ်မှူးချုပ်အပါအဝင် ၅ ဦး သေဆုံးတယ်လို့ KNU ထုတ်ပြန်

ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ကန်းညီနောင်အနီး စစ်တပ်ရဟတ်ယာဉ်တစ်စီး ပစ်ချခံရတဲ့ ဖြစ်စဉ်အတွင်း စစ်ကောင်စီရဲ့ ဗိုလ်မှူးချုပ်တစ်ဦး အပါအဝင် စုစုပေါင်း ၅ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ဒီကနေ့ညပိုင်းမှာ ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်မှာ မွန်ပြည်နယ် မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကနေ လာတဲ့ စစ်ကောင်စီတပ် အမှတ် ၃၂ ဗျူဟာပူးပေါင်းတပ်ဖွဲ့ လိုက်ပါလာတဲ့  Mi - 35P Attack Helicopter တစ်စီးနဲ့ Eurocopter 365 တစ်စီးတို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့က ဝိုင်းဝန်းပိတ်ဆို့ ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဉ် ၂ စီးဟာ KNU တပ်မဟာ ၆ ဒူးပလာယာခရိုင် မြဝတီမြို့ သင်္ကန်းညီနောင်အခြေစိုက် ခမရ ၃၅၆ တပ်ရင်းကို တာဝန်ချိန်းပြောင်းဖို့ လာရောက်တာဖြစ်ပြီး KNLA ပူးပေါင်းအဖွဲ့က ဝိုင်းဝန်းပိတ်ဆို့ပစ်ခတ်ခဲ့ရာ  Eurocopter 365 ရဟတ်ယာဉ် တစ်စီး ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ချနိုင်ခဲ့တဲ့ ရဟတ်ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးချုပ်အေးမင်းနောင် အပါအဝင် ဗိုလ်မှူး ၃ ဦး၊ ဗိုလ်ကြီး ၁ ဦး စုစုပေါင်း ၅ ဦးသေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

KNU က ထုတ်ပြန်ထားတဲ့ ရုပ်သံမှတ်တမ်းဗီဒီယိုထဲမှာ ပျံသန်းလာတဲ့ စစ်ကောင်စီတပ် ရဟတ်ယာဉ်ကို KNLA ပူးပေါင်းအဖွဲ့တွေက ပွိုင့် ၅ စက်လက်သေနတ်နဲ့ ပစ်ခတ်ခဲ့တာကို တွေ့ရပြီး သေဆုံးသူတွေထဲမှာ ဗိုလ်မှူးချုပ်ဟာ တပ်မ ၄၄ တပ်မမှူးနဲ့ ဘီးလင်းမြို့အခြေစိုက် ခမရ ၉ တပ်ရင်းမှူးလည်း ပါဝင်တယ်လို့ စစ်ရေးသတင်းရင်းမြစ်အရ သိရပါတယ်။

October 12, 2024
မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီး တချို့မှာ စက်သုံးဆီကို လိုသလောက် ရောင်းချမပေးတော့ဘဲ အ...
October 11, 2024
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ သထုံခရိုင်အုပ်ချုပ်နယ်မြေအတွင်းမှာရှိတဲ့ ကျေး ရွာပေါင်း ၄၀၀...
October 10, 2024
မွန်ပြည်နယ်မှာ ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေပေမယ့်...
October 9, 2024
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ပျူစောထီးပူး...