မွန်ပြည်နယ်အတွင်း စစ်ရေးအရှိန်မြင့်မည်ဟု မွန်တော်လှန်ရေးအင်အားစုများဆို

မွန်ပြည်နယ်အတွင်း စစ်ရေးအရှိန်မြင့်မည်ဟု မွန်တော်လှန်ရေးအင်အားစုများဆို

၂၀၂၄ ခုနှစ်တွင် မွန်ပြည်နယ်အတွင်း စစ်ရေးအရှိန်မြှင့်တင်ကာ မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင်သွားရန် ရည်ရွယ်ထားကြောင်း မွန်တော်လှန်ရေးအင်အားစု ပူးပေါင်းအဖွဲ့များထံမှ သိရသည်။

စစ်အာဏာရှင်ကျရှုံးရေးနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး အဆုံးထိတိုက်ပွဲဝင်ရန် မွန်တော်လှန်ရေး အင်အားစုများဖြစ်သည့် မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ NUG၏ ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ် YGF ၊မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တက်ဦး ABSDF တပ်ရင်း ၁၊ မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်း MSRO ၊ Ye Air Force (YAF) နှင့် မဟာမိတ်ပူးပေါင်းတပ်တို့က သစ္စာရေသောက် ကတိပြုထားကြသည်။

လာမည့်ကာလများတွင် မွန်ပြည်နယ်အတွင်း ယခင်နှစ်ကထက် ၂ ဆ၊ ၃ ဆ ပိုပြီး စစ်ရေးအရှိန်မြှင့်တင်သွားပြီး တိုက်ပွဲကြီးများ ဖော်ဆောင်ရန် ရှိနေကြောင်း မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ဆိုသည်။

မွန်ပြည်တော်လှန်ရေးတပ်အနေဖြင့် မဟာမိတ်တပ်များနှင့်ပူးပေါင်းကာ အချိန်ကိုက်တိုက်ခိုက်မှုများကို ဖော်ဆောင်နိုင်မည်ဆိုလျှင် မွန်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲရမည်ဟုလည်း ဆိုသည်။

"ကျွန်တော်တို့ မဟာမိတ်တပ်ပေါင်းစုကို ထပ်မံတိုးချဲ့ပြီးတော့ တိုက်ပွဲဝင်သွားဖို့ အစီအစဥ်တွေ ရှိတယ်။တခြားသော စစ်ကြောင်းများနဲ့ တက်ညီလက်ညီကျွန်တော်တို့ အချိန်ကိုက်စစ်ဆင် ရေးတွေဖော်ဆေင်နိုင်မယ်ဆိုလို့ရှိရင်တော့ မွန်ပြည်နယ်မှာ အခြားသော ဒေသတွေလိုပဲ စခန်းသိမ်းတိုက်ပွဲ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲလာနိုင်မှာ သေချာတယ်လို့ ကျွန်တော် ပြောကြားချင်ပါတယ်။ လိုအပ်မှုတွေနဲ့ စိန်ခေါ်မှုတွေ အများကြီး ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ကာလဖြစ်တဲ့အတွက်ကြောင့် စစ်ဆင်ရေးတွေကို စိတ်ရှိသလောက် မဖော်ဆောင်နိုင်ခဲ့ပေမဲ့ ၂၀၂၄ မှာတော့ မဟာမိတ်များရဲ့ ပံ့ပိုးကူညီမှု ပြည်သူများရဲ့ ထောက်ပံ့မှု နဲ့ တော်လှန်ရေး အရှိန်ကို ၂၀၂၃ ထက် ပိုပြီး မြှင့်တင်ဖို့ စီစဥ်ထားတာတွေ ကြိုးစားထားတာတွေ ရှိပါတယ်" ဟု ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် နှစ်သစ်စစ်ဆင်ရေးအကြိုအဖြစ် ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ ခမရ ၅၉၁ နှင့် ခမရ ၅၈၃ တပ်ရင်းများအား လက်နက်ကြီး၊ ဒရုန်းစစ်ဆင်ရေးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း တပ်ပေါင်းစုက ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နိုင်ကောင်းရွက်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် မွန်ပြည်တော်လှန်ရေးတပ်ပေါင်းစုနှင့် မြေပြင်၌ ပထမဆုံးအကြိမ် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံဆွေးနွေးခဲ့စဉ် မွန်ပြည်တော်လှန်ရေးတပ်များနှင့်အပြန်အလှန် လိုအပ်ချက်များ စိန်ခေါ်မှုများကို ဆွေးနွေးခဲ့ကြပြီး အတူတကွ တိုက်ပွဲဝင်ကြရန် သဘောတူခဲ့ကြသည်။

မွန်ပြည်နယ်အတွင်း ဖော်ဆောင်တော့မည့် စစ်ဆင်ရေးများအတွင်း NUG နှင့် ချိတ်ဆက်ဆောင်ရွက်မှုများ ရှိမည်ဟု မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်း MSRO ပြောရေးဆိုခွင့်ရှိသူ ကိုဒီဃာက ဆိုသည်။

“လက်ရှိ ကျွန်တော်တို့ မွန်ပြည်နယ်မှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆိုရင် NUG၊ MOD ရဲ့အောက်က စစ်ကြောင်းတွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်နေတာတွေ ပူးပေါင်းဆောင်ရွက်နေတာတွေ စုဖွဲ့လေ့ကျင့်နေတာတွေ လက်ရှိမှာတော့ ပိုပြီးတော့ ကောင်းတဲ့စစ်ဆင်ရေးတွေ ဖော်ဆောင်နိုင်ဖို့အတွက်ကို လုပ်ဆောင်နေတာတွေ ရှိတယ်။ NUG အနေနဲ့ ဒီစစ်ဆင်ရေးတွေမှာ ပါဝင်လာဖို့ရှိတယ်ပေါ့" ဟု သူက ပြောသည်။

မွန်ပြည်နယ်အတွင်း တော်လှန်ရေးအရှိန်မြှင့်မည် ဖြစ်သောကြောင့် အရပ်သားများ စစ်ဘေးရှောင်လာရနိုင်ပြီး စစ်ကောင်စီတပ်စခန်းများနှင့် ဝေးရာသို့ ပြောင်းရွှေ့ကြရန်လည်း တော်လှန်ရေးပူးတပ်ဖွဲ့တို့က တိုက်တွန်းထားသည်။

၎င်းပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်လာနိုင်သောကြောင့် စစ်ဘေးမရှောင်နိုင်သော ပြည်သူများ ဗုံးခိုကျင်းများ တူးထားကြရန်၊ မွန်ပြည်ဖက်ဒရယ်ကောင်စီမှ ထုတ်ပြန်ထားသော လေကြာင်းစစ်ဆင်ရေးအတွင်းဆောင်ရန် ရှောင်ရန်များကို လေ့လာထားရန် တော်လှန်ရေးတပ်ပေါင်းစုတို့က တိုက်တွန်းထားသည်။

Most read this week

October 15, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကမ်းနားလမ်းရှိ သပိတ်မျှောပွဲ ကျင်းပပြုလုပ်မည့်...
October 11, 2024
စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်တွင် နယ်မြေမတည်မှုများနှင့် လုံခြုံမှုမရှိသည့်...
October 10, 2024
မြန်မာပြည်တောင်ပိုင်း မွန်၊ ကရင်၊ တနင်္သာရီ တို့တွင် စစ်ကောင်စီတပ်က...
October 8, 2024
မွန်ပြည်သူလူထုတို့ လိုလားနေသည့် မွန်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းဆောက်ရွက်ရေးသည်...