ရွှေကုက္ကိုလ်တွင် တရုတ်အွန်လိုင်းကုမ္ပဏီလုပ်ငန်း ၅ ခုခန့် ရပ်နားလိုက်ရ

ရွှေကုက္ကိုလ်တွင် တရုတ်အွန်လိုင်းကုမ္ပဏီလုပ်ငန်း ၅ ခုခန့် ရပ်နားလိုက်ရ

ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက် ကီလိုမီတာ ၂၀ အကွာရှိ ရွှေကုက္ကိုလ်မြို့တွင် လျှပ်စစ်ဓာတ်အား ပြတ် တောက် နေခြင်းနှင့် ဖုန်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရခြင်းကြောင့် တရုတ်ပိုင်အွန်လိုင်း ကုမ္ပဏီလုပ်ငန်း ၅ ခုခန့် ရပ် နားထားလိုက်ရပြီး အွန်လိုင်းလုပ်ငန်းလုပ်ကိုင်သူများလည်း နေရပ်ပြန်သွားကြကြောင်း ရွှေကုက္ကိုလ်မြို့ခံများက ပြော သည်။

လျှပ်စစ်မီးနှင့် ဖုန်း၊ အင်တာနက်လိုင်းများကို ထိုင်းနိုင်ငံဘက်ခြင်းမှ လနှင့်ချီဖြတ်တောက်ထားခြင်းနှင့် အွန်လိုင်း ငွေလိမ်လည်မှု လုပ်ငန်းများအား ပူးပေါင်းတိုက်ဖျက်မည့်သတင်းဂယက်ကြောင့် ယခုလို ကုမ္ပဏီလုပ်ငန်းများ ရပ်နားလိုက်ခြင်းဖြစ်နိုင်သည်ဟု ရွှေကုက္ကိုလ်မြို့ခံတစ်ဦးက ပြောသည်။

၎င်းက “ကုက္ကိုလ်ကို ထိုင်းဘက်က လျှပ်စစ်မီး၊ ဖုန်းလိုင်း၊ အကုန်ဖြတ်ထားတာကြာပြီ။ ဒီကုက္ကိုလ်တစ်ခုပဲကွက်ပြီးဖြတ် တာ။ ကျန်တဲ့နေရာကတော့ ပုံမှန်လာတယ်။ တရုတ်လုပ်ငန်းတွေလည်း သူတို့လူခေါ်လို့မရတော့လို့ ဖြစ်မယ်။ အွန်လိုင်း လုပ်ငန်း ၅ ခုလောက်ပိတ်လိုက်တယ်။ တချို့လုပ်တဲ့သူတွေလည်းရှိပါတယ်။ အရင်ကထက် တော်တော်လေး ငြိမ်သွား တယ်လို့ပြောရမယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းအပြင် ကျားဖြန့် အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများအကျိုးတူအခြေချလုပ်ကိုင်သည့် ရှမ်းပြည်နယ် လောက်ကိုင်မြို့ဘက်တွင် တိုက်ပွဲဖြစ်ပွားနေသည့် အလားတူ ရွှေကုက္ကိုလ်ဒေသတွင်လည်း တိုက်ပွဲများဖြစ်ပွားလာမည်ကို စိုးရိမ်သောကြောင့် ယခုလို ရပ်နားထားခြင်းဖြစ်ကြောင်းလည်း ၎င်းဒေသခံက ခန့်မှန်းပြောဆိုသည်။

ယခင်နှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီးရှိ လောင်းကစား လုပ်ငန်းနှင့် အွန်လိုင်း ငွေလိမ်လည်မှုလုပ်ငန်းများနှင့်ပတ်သက်၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဘုရင့်တပ်မတော် ပူးပေါင်းစစ်ဆင်ရေးညွှန်ကြားရေးမှူး Lieutenant General Jakkapong Janpengpen အဖွဲ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့သေးသည်။

ယခုလို လုပ်ငန်းများရပ်နားလိုက်ခြင်းကြောင့် တရုတ်လုပ်ငန်းရှင်များနှင့် တရုတ်နိုင်ငံသားအလုပ်သမားအများစု ထွက်ခွာ သွားကြပြီး နေရပ်မပြန်နိုင်သေးသည့် အလုပ်သမားများလည်းရှိသေးသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းတွင် ကိုယ်တိုင်လုပ်ကိုင်နေသူတစ်ဦးက ယခုလိုပြောသည်။

 “ဒီမှာက တရုတ်စစ်စစ်တွေ ပြန်ကုန်ကြတာများတယ်။ အခြေအနေကြည့််ပြီး နေနေရတုန်းပဲ။ ပြန်သင့်ရင်လည်း ပြန်ရ မယ်။ လိုင်းပေါ်မှာတော့ ကုက္ကိုလ်ကို ဝင်တိုက်မယ် သတင်းတွေထွက်နေတာပဲ။ အလုပ်များတဲ့အချိန်က လူတွေ မလာကြ တာ ကောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရမ်းပင်ပန်းတယ်။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အတူ အွန်လိုင်းငွေလိမ်မှုလုပ်ငန်း၊ ကာစီနိုလောင်းကစားလုပ်ငန်းများတွင် လုပ်ကိုင်ကြသူများမှ နိုင်ငံအသီးသီးက နိုင်ငံခြားသား အလုပ်သမားများကို ခေါ်ဆိုရာတွင် အမည်စာရင်းထွက်နေခြင်း၊ ပြစ်မှုတစ်ခုခုကျူးလွန်ထားခြင်း နှင့် ၎င်း လုပ်ငန်းတွင် နာမည်ထွက်နေသည့် ခေါင်းဆောင်ပိုင်းများကို မြန်မာ−တရုတ်နယ်စပ်၊ ရှမ်းပြည်နယ် လောက်ကိုင်နှင့် မူဆယ်မြို့ဘက်ခြမ်းသို့ လူအပြောင်းအလဲပြုလုပ်၍ နေရာအပြောင်းအလဲများကိုလည်း ပြုလုပ်ခဲ့သေးသည်ဟု ၎င်းလုပ်ငန်းတွင် လုပ်ကိုင်သူများက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေးနှင့် လုံခြုံရေးသာမက ဒေသတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးကိုပါ ထိခိုက်စေသည့် ကျားဖြန့် အွန်လိုင်းငွေလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်း၊ လူကုန်ကူး မှုလုပ်ငန်း၊ မူးယစ်ဆေးဝါးလုပ်ငန်းအပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်းများကို တရုတ်နိုင်ငံအပါအဝင် ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်း၍ တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားသေးသည်။

အလားတူ ရွှေကုက္ကိုလ်မြို့တွင်သာမက ထိုင်း−မြန်မာနယ်စပ်တစ်လျှောက်ရှိ အွန်လိုင်းကာစီနိုလောင်းကစားရုံများ အများဆုံးရှိသည့် ရွှေကုက္ကိုလ်နှင့် အင်ကြင်းမြိုင်စသည့် နေရာများကို ပြီးခဲ့သည့်နှစ် ဇွန်လ ၆ ရက်နေ့မှစ၍ ထိုင်းနိုင်ငံ ဘက်ခြမ်းမှ လျှပ်စစ်ဓာတ်အားနှင့် အင်တာနက်လိုင်းများကို ဖြတ်တောက်ခဲ့ပြီး အွန်လိုင်းလုပ်ငန်းများ လည်ပတ်နိုင်ခြင်း မရှိတော့၍ အလုပ်အကိုင်ရှားပါးမှုများရှိလာကာ လုပ်ငန်းအချို့လည်း ရပ်တန့်ခဲ့ရခြင်းဖြစ်သည်ဟု မြို့ခံများက ပြောဆို သည်။

October 18, 2024
မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်အနီးရှိ  စစ်ကောင်စီ၏  စွယ်တော်ကုန်း  (...
October 16, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇)နယ်မြေ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ပေါင်ကျေးနယ်...
October 16, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘိတ်ခရိုင်၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာဘက်သို့...
October 15, 2024
သန်းခေါင်စာရင်းကောက်ယူပြီးနောက်ပိုင်း ရွေးကောက်ပွဲအကြိုဆိုင်ရာ လုပ်ငန်းစဉ်ကဏ္ဍများတွင်...