ပြည်သူများအနေဖြင့် လက်ရှိအခြေအနေကို ဆက်လက်တောင့်ခံပြီး တော်လှန်ရေးတွက်ပူးပေါင်းရန် KNU တိုက်တွန်း

ပြည်သူများအနေဖြင့် လက်ရှိအခြေအနေကို ဆက်လက်တောင့်ခံပြီး တော်လှန်ရေးတွက်ပူးပေါင်းရန် KNU တိုက်တွန်း

အာဏာရှင်စနစ်တစ်ခုလုံး ပျက်သုဉ်းပျောက်ကွယ်သွားရန် မျှော်မှန်းကာ တွန်းလှန် တိုက် ဖျက်နိုင်ရေး ရှေးရှုလုပ်ဆောင်နေသည့်အတွက် ပြည်သူများအနေဖြင့် လက်ရှိအခြေအနေကို ဆက်လက်တောင့်ခံကာ တော်လှန်ရေးကြီးအတွက် အတူတကွ ပူးပေါင်းပါဝင်နိုင်ရန် ဖိတ်ခေါ်လိုကြောင်း ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးက ၂၀၂၄ ခုနှစ်၊ နှစ်သစ်သဝဏ်လွှာတွင် တိုက်တွန်းလိုက်သည်။

စစ်တပ်အာဏာသိမ်းခြင်းသည် ယခု(၃)နှစ်ပြည့်ခါနီးအချိန်ရောက်ရှိတော့မည်ဖြစ်ကာ  ထို(၃)နှစ် ကာလတွင် စစ်တပ်မှ အာဏာပြန်လွှဲပေးမည်ဟု မျှော်လင့်ချက်ဖြင့် ပြည်သူများသည် အကြပ်အတည်း ဆုံးရှုံးမှုကြားမှ အိပ်မက်များပျောက်ဆုံးနေသည်ကို သတိပြုနားလည်ထားသလို မိမိတို့အနေဖြင့်လည်း အာဏာရှင်စနစ် ပျက်သုဉ်းရေးနှင့် လူမျိုးကြီးဝါဒ စနစ်များကို အမြစ်ပါမကျန် တွန်းလှန်တိုက်ဖျက်နိုင် ရေးကို ရှေးရှု လုပ်ဆောင်နေကြောင်း ကေအဲန်ယူက ပြောဆိုသည်။

“ယခုကာလအတွင်း ပြည်သူများသည် တက်ကြွမှုများ၊ ကြီးမားသောဆုံးရှုံးမှုများကို ရင်ဆိုင် ကြုံတွေ့ခဲ့ရပြီး မျှော်လင့်ချက်အိပ်မက်များလည်း ပျောက်ဆုံးနေခဲ့ကြသည်ကို သိရှိနားလည် ထားပါ သည်။ ထို့အပြင် မည်သည့်ကာလအထိ သွားရအုံးမည်ခန့်မှန်းမရဖြစ်နေပြီး အားမလိုအားမရ ဖြစ်နေသောအခြေအနေ အနေတွင်ရှိနေမည်ကိုလည်း သတိပြုနားလည်ထားပါသည်”ဟု KNU ၏ နှစ်သစ်သဝဏ်လွှာတွင် ပြောဆိုထားသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် ပြည်တွင်းစစ်ကို ရပ်တန့်ရန်နှင့် နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးအဖြေရှာခဲ့ကာ ပြည်သူလူထုများ၊ နိုင်ငံရေးပါတီများ၊ အတိုက်အခံတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိပြီး နိုင်ငံတကာနှင့် ပြည်သူလူထုထံမှ ကူညီပံ့ပိုးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုရရှိခဲ့ပြီးမှ တကျော့ပြန်စစ်အာဏာသိမ်းမှုကြောင့် တွေ့ဆုံဆွေးနွေးမှုကို အဆုံးသတ်ခဲ့ရသည်ဟု ကေအဲန်ယူက ပြောသည်။

ပြည်သူလူထုအနေဖြင့်လည်း အာဏာရှင်စစ်ခေါင်းဆောင်များမှ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးလိုစိတ်ဖြောင့်မတ်သော စိတ်ရင်းခံနှင့် ဖြေရှင်းလိုစိတ်မရှိပါက ငြိမ်းချမ်းမှုကို အမှန်တကယ် တည်ဆောက်ရန် လုံးဝမဖြစ်နိုင်ကြောင်းကို သိရှိနားလည်ကြပြီး အထူးသဖြင့် လူငယ်လူရွယ်များ လက်နက်ကိုင် ခုခံတော်လှန်နေသည်ကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရ ပြီဖြစ်ကြောင်းလည်း သဝဏ်လွှာထဲတွင် ပြောဆိုထားသည်။

ထို့ကြောင့် မိမိတို့အခွင့်အရေးကို မတရားချုပ်ချယ်ခြင်း၊ နိုင်ငံရေးအရ မတရားမှုများကို ဆန့်ကျင်တွန်း လှန်ခြင်းနှင့်မိမိတို့၏ အခွင့်အရေးများကို ဖော်ဆောင်သွားရန်နှင့် မိမိတို့ကရင်လူမျိုးများကို  ထိခိုက်စေ နိုင်မည့် မည်သည့်လုပ်ရပ်မဆို တားဆီးကာကွယ်ရန်အတွက် မည်သည့်ဒေသတွင် နေထိုင်သည့် ကရင်လူမျိုးမဆိုတာဝန်ရှိကြောင်းလည်း KNU သဝဏ်လွှာထဲတွင် တိုက်တွန်းပြောဆိုသည်။

ဆက်လက်၍ ယခုမျက်မှောက်ကာလတွင် ကရင်အဖွဲ့အစည်းများအားလုံးအနေဖြင့် ကရင်လူထု အရေး အတွက် မားမားမတ်မတ်ရပ်တည်ပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲဆောင်ရွက်သွား ရမည်ဖြစ် သလို ကရင်လူမျိုးတစ်ဦးစီအနေဖြင့် လူမျိုးနှင့် ကရင်အဖွဲ့အစည်းအားလုံးအရေးအတွက် လုပ်ဆောင် နေကြောင်း ကြွေးကြော်နိုင်ရန် စွန့်လွတ်ခြင်းနှင့် ကရင်တစ်မျိုးသားလုံးအကျိုးစီးပွားအတွက် ဆောင်ရွက် သွားကြရန်ကိုလည်း KNU ၏ သဝဏ်လွှာတွင်လည်း တိုက်တွန်းထားသည်။

ကေအဲန်ယူအနေဖြင့် ၂၀၂၄နှစ်သစ်ကို ကြိုဆို ဂုဏ်ပြသည့်အနေဖြင့် ပြည်တွင်းပြည်ပတွင် နေထိုင်သည့် ကရင်လူမျိုးများအားလုံးမှ  ကရင်လူမျိုးတို့၏ အလံတော်အောက်တွင် အချင်းချင်းကတိပြု စိတ်ဓာတ် ဖြောင့်မတ်မှုရှိနိုင်ရန်နှင့် ကျရာကဏ္ဍတွင် အောင်မြင်မှုပန်းတိုင်အထိ တာဝန်ကျေပွန်စွာ ထမ်းရွက်နိုင် ကြပါစေကြောင်းလည်း သဝဏ်လွှာထဲတွင် ဆုတောင်းပေးထားသည်။

ထို့အတူ အမျိုသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)နှင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အနေဖြင့်လည်း ၂၀၂၄ ခုနှစ်သည် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးအတွက် အပြီးသတ်အောင်ပွဲခံ သည့်နှစ် ဖြစ်စေရန် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သလို ပြည်သူလူထုတစ်ရပ်လုံး နှစ်သစ် တွင် ဘေးရန်ကင်းစွာ နွေဦးတော်လှန်ရေးအောင်ပွဲကို အတူပါဝင်ဆင်နွှဲနိုင်ကြစေကြောင်းလည်း ၎င်းတို့ နှစ်သစ်ကူး ပူးတွဲထုတ်ပြန်ကြေညာချက်တွင် ပြောဆိုထားသည်။

Most read this week

October 18, 2024
မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်အနီးရှိ  စစ်ကောင်စီ၏  စွယ်တော်ကုန်း  (...
October 16, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇)နယ်မြေ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ပေါင်ကျေးနယ်...
October 16, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘိတ်ခရိုင်၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာဘက်သို့...
October 15, 2024
သန်းခေါင်စာရင်းကောက်ယူပြီးနောက်ပိုင်း ရွေးကောက်ပွဲအကြိုဆိုင်ရာ လုပ်ငန်းစဉ်ကဏ္ဍများတွင်...