အတိုက်အခံအဖွဲ့အစည်းတွေကြောင့် တိုင်းပြည်နစ်နာနေတာလို့ စစ်ခေါင်းဆောင်အပြစ်ဖို့စွပ်စွဲ

အတိုက်အခံအဖွဲ့အစည်းတွေကြောင့် တိုင်းပြည်နစ်နာနေတာလို့ စစ်ခေါင်းဆောင်အပြစ်ဖို့စွပ်စွဲ

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကာလအတွင်း အတိုက်အခံအဖွဲ့အစည်းတွေရဲ့ လုပ်ရပ်ကြောင့် နိုင်ငံပိုင်နဲ့ ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေ ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေဟာ တိုင်းပြည်အတွက် အနုတ်လက္ခဏာပဲ ဖြစ်ခဲ့တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က အပြစ်ဖို့စွပ်စွဲပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ အာာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နှစ်သစ်ကူးနှုတ်ခွန်းဆက်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

စစ်ခေါင်းဆောင်က ဒီမိုကရေစီနည်းလမ်းတကျနဲ့ ငြိမ်းချမ်းစွာ ကိုယ့်နိုင်ငံတိုးတက်စေဖို့ ဆန္ဒမရှိသူတွေကတော့ ပြည်သူပြည်သားတွေကို နည်းမျိုးစုံနဲ့ နှောင့်ယှက်ခဲ့ကြတာလည်းရှိတယ်လို့ စစ်ကောင် စီကို တော်လှန်နေတဲ့ အတိုက်အခံအဖွဲ့အစည်းတွေကို စွပ်စွဲပါတယ်။

အဖျက်လုပ်ငန်းအမျိုးမျိုးကြောင့် နိုင်ငံပိုင်၊ ပြည်သူပြည်သားတွေရဲ့ ပိုင်ဆိုင်မှုတွေထိခိုက်ပျက်စီး ဆုံးရှုံးမှုဟာ တိုင်းပြည်အတွက် အနုတ်လက္ခဏာပဲဖြစ်ခဲ့ပြီး ဒါတွေမရှိခဲ့၊ မဖြစ်ခဲ့ဘူးဆိုရင် မိမိတို့ နိုင်ငံဟာ များစွာတိုးတက်နေမယ်လို့ သူကဆိုပါတယ်။

ဒါဟာ စစ်တပ်အာဏာသိမ်းမှုကြောင့် သန်းချီတဲ့မြန်မာပြည်သူတွေ သေကြေပျက်စီးမှုနဲ့အတူ ဒုက္ခအမျိုးမျိုး ရင်ဆိုင်နေရတဲ့အတွက် ကမ္ဘာ့နိုင်ငံတွေက စစ်ကောင်စီကို ပြစ်တင်ဝေဖန်နေမှုအပေါ် မျက်ကွယ်ပြုပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသွားခဲ့တာပါ။

ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ကိုမင်းသွေးသစ်က ၂၀၂၁ တစ်ကျော့ပြန်အာဏာသိမ်းမှုကစပြီး လက်ရှိအချိန်ထိ တိုင်းပြည်မှာဖြစ်ပျက်နေတဲ့ ထိခိုက်သေဆုံးပျက်စီးမှုတွေအပါအဝင်ကိစ္စတွေအား လုံးရဲ့ တရားခံဟာ စစ်တပ်သာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

 “၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေစပြီး‌တော့ ဒီနေ့လက်ရှိအချိန်တွေထိ တိုင်းပြည်ထဲမှာဖြစ်နေတဲ့ ကိစ္စတွေက မင်းအောင်လှိုင်နဲ့ သူ့ရဲ့စစ်တပ်ကြောင့် ဖြစ်တာဖြစ်တယ်။ ဒီငြိမ်းချမ်းရေး မလိုလားတဲ့သူတွေ တိုင်းပြည်ကိုဒုက္ခပေးနေလို့ဆိုတာ သူခိုးကလူကိုပြန်ဟစ်တဲ့ စကားပြောတာ။ နှစ်သစ်မှာ ကျွန်တော်တို့ ပြည်သူအားလုံး ယုံကြည်ထားတာ မင်းအောင်လှိုင်နဲ့ သူ့စစ်တပ်မရှိမှဘဲ ငြိမ်းချမ်းမှာ။ ရွာတွေကို မီးရှို့နေတာလည်း သူ့စစ်ခွေးတပ်ပဲ မီးရှို့နေတာ။ ကလေးတွေကို လေယာဉ်နဲ့ဗုံးကြဲပြီး သတ်နေတာလည်း သူ့စစ်ခွေးတပ်ပဲမီးရှို့တာ။ ကျွန်တော်ကတော့ သူပြောတဲ့စကားကို ‘သူခိုးက လူပြန်ဟစ်’ နေတာလို့ပဲ ပြောချင်ပါတယ်ဗျ”လို့ ဆိုပါတယ်။

အာဏာသိမ်းမှု နှစ်နှစ်ခွဲကျော်အတွင်း နိုင်ငံတဝန်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ၉၀၂ ကြိမ်အတွင်း အရပ်သား ၆၈၀ ကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၄၆၀ နီးပါး ရှိခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသန အဖွဲ့ရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။

တစ်ဖက်မှာတော့ နိုင်ငံတဝန်းရှိ နေအိမ်ပေါင်း ၈၆,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အဲဒီထဲမှာ စစ် ကိုင်းတိုင်းက အများဆုံးပါဝင်နေတယ်လို့ သုတေသနအဖွဲ့အစည်းဖြစ်တဲ့ ISP – Myanmar က စက်တင်ဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ခေါင်းဆောင်ကတော့ ၂၀၂၄ ခုနှစ်မှာ စစ်ကောင်စီအနေနဲ့ ချမှတ်ထားတဲ့ အမျိုးသားရေးရည်မှန်း ချက်တွေ၊ နိုင်ငံရေးရည်မှန်းချက်တွေ၊ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ဦးတည်ချက်တွေကို အောင်မြင်စွာအ ကောင်အထည်ဖော်နိုင်ဖို့ ပြည်သူနဲ့လက်တွဲပြီး ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

အဓိကအနေနဲ့စီးပွားရေး ပိုမိုကောင်းမွန်အောင် ကြိုးပမ်းသွားမယ်လို့ ပြောဆိုထားပြီး စစ်ကောင်စီကို စစ်ရေးအရအထိနာစေတဲ့ ၁၀၂၇ စစ်ဆင်ရေးအပါအဝင် နိုင်ငံအနှံ့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး နှစ်သစ်မိန့်ခွန်းမှာ ပြောဆိုတာမရှိခဲ့ပါဘူး။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ကတော့ ၂၀၂၄ ခုနှစ်ဟာ မြန်မာပြည်သူတွေအားလုံးအတွက် အပြီးသတ်အောင်ပွဲခံမယ့် နှစ်ဖြစ်စေဖို့ အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ ဇန်နဝါရီ ၁ ရက်နေ့မှာ ပူးတွဲထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - MOI

Most read this week

October 19, 2024
မွန်ပြည်နယ် မိုးစပါးရိတ်သိမ်းချိန်ကာလ  အချိန်မီစပါးရိတ်သိမ်းနိုင်ဖို့အတွက်...
October 15, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဒုစစ်ခေါင်းဆောင် ညွှန်ကြားချက်ကြောင့်...
October 14, 2024
မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာ ပင်လယ်ပြင်က ငါးဖမ်းလှေတွေနဲ့ ကျားဖောင်တွေမှာ ဝမ်းပျက်ဝမ်း...