ရက် ၄၀ ရခိုင်စစ်ပွဲအတွင်း အရပ်သား သေဆုံးသူ ၃၄ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၃၀ ဦး၊ ဖမ်းဆီးခံရသူ ၂၄၂ ဦးအထိရှိ

ရက် ၄၀ ရခိုင်စစ်ပွဲအတွင်း အရပ်သား သေဆုံးသူ ၃၄ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၃၀ ဦး၊ ဖမ်းဆီးခံရသူ ၂၄၂ ဦးအထိရှိ
ဓာတ်ပုံ-  Amnesty International
ဓာတ်ပုံ- Amnesty International

ရခိုင်စစ်ပွဲစတင်ခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်မှ ဒီဇင်ဘာလ ၂၂  ရက်အထိ  ရက် ၄၀ အတွင်း အရပ်သား သေဆုံးသူ ၃၄ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၃၀  ဦး၊ ဖမ်းဆီးခံရသူ ၂၄၂ ဦးအထိရှိကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) ပြောခွင့်ရသူ ဦးခိုင်သုခက ပြောသည်။

သေဆုံးသူများမှာ ကျောက်တော်တွင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး၊ မြောက်ဦးတွင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး၊ မင်းပြား တွင် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၁ ဦး၊ ပလက်ဝ (ချင်းပြည်နယ်) တွင် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၃ ဦး၊ စစ်တွေတွင် အမျိုးသား ၁ ဦး၊ ပေါက်တော အမျိုးသား ၃ ဦး၊ အမျိုးသမီး ၄ ဦး၊ အမ်းတွင် အမျိုးသား ၁ ဦး၊ မောင်တောတွင် ၁ ဦး၊ ဘူးသီးတောင်တွင် အမျိုးသား ၁ ဦး၊ အမျိုးသမီး၂ ဦး၊ ရသေ့တောင်တွင် အမျိုးသား ၁ ဦးနှင့် ရမ်းဗြဲတွင် ၁ ဦးစုစုပေါင်း ၃၄ ဦး ဖြစ်သည်။

ထိခိုက်ဒဏ်ရာရရှိသူများမှာ ရသေ့တောင်တွင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၆ ဦး၊ ဘူးသီးတောင်တွင် အမျိုးသား ၅ ဦး၊ အမျိုးသမီး၂ ဦး၊ မောင်တောတွင် အမျိုးသား ၇ ဦး၊ အမျိုးသမီး ၂ ဦး၊ စစ်တွေတွင် အမျိုးသား ၇ ဦး၊ အမျိုးသမီး ၅ ဦး၊ မြေပုံတွင် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး၊ ပလက်ဝ(ချင်းပြည်နယ်) တွင် အမျိုးသား ၉ ဦး၊ အမျိုးသမီး ၁၀ ဦး၊ ကျောက်တော်တွင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၉ ဦး၊ မင်းပြားတွင် အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၁၉ ဦး၊ မြောက်ဦးတွင် အမျိုးသား ၇ ဦး၊ ပေါက်တောတွင် အမျိုးသမီး ၆ ဦး၊ ပုဏ္ဍားကျွန်းတွင် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး၊ အမ်းတွင် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦးနှင့် ရမ်းဗြဲတွင် ၁ ဦး စုစုပေါင်း ၁၃၀ ဦး ဖြစ်သည်။

အဆိုပါ ထိခိုက်သေဆုံးမှုများမှာ စစ်ကောင်စီက ဒေသခံအရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သည့်အတွက် သေဆုံးမှုဖြစ်ပြီး စစ်ကောင်စီက စစ်ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်နေခြင်းကြောင့် ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

"ရခိုင်မှာ စစ်ပွဲနဲ့မဆိုင်တဲ့အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်သတ်ဖြတ်တာ၊ လက်နက်ကြီး ပစ်ခတ်တာ၊ လေကြောင်းက လာပြီး ဗုံးကြဲတာ၊ ဒရုန်းတွေနဲ့ လာပြီးပစ်ခတ်တာ၊ သေသွားတဲ့ ပြည်သူတွေရဲ့ အလောင်းတွေကို အလောင်းဖျောက်တာ၊ အဲ့ဒီလိုမျိုး လူသားမျိုးနွယ် အပေါ်မှာ စစ်ရာဇဝတ်မှုမျိုးစုံကို စစ်ကောင်စီက တောက်လျှောက်ကျူးလွန်နေတယ်" ဟု ဆိုသည်။

ယင်းအပြင် ရခိုင်ပြည်နယ်အတွင်းမှ ဂွ၊ မာန်အောင်၊ မြေပုံ မှလွဲ၍ ကျန်မြို့နယ် ၁၄ ခု နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့မှ အမျိုးသား ၂၀၅ ဦး၊ အမျိုးသမီး ၃၇ ဦး၊ စုစုပေါင်း ၂၄၂ ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။ (မှတ်ချက်- ဖမ်းဆီးခံရသူ အရေအတွက်မှာ နေ့စဉ်ရှိနေသဖြင့် ယခုသတင်းထုတ်သည့် အချိန်ထက် ပိုများနိုင်ပါသည်။)

အဆိုပါ ဖမ်းဆီးခံထားရသူ ၂၄၂ ထဲမှ လက်ရှိမှာ ၃၂ ဦး ပြန်လည် လွတ်မြောက် လာသည့်အတွက် ဒေသခံ ၂၁၀ ဦး ဆက်လက် ဖမ်းဆီးခံထားရဆဲ ဖြစ်သည်ဟု ဦးခိုင်သုခက ပြောသည်။

လက်ရှိမှာ ရခိုင် မြို့နယ်အားလုံးနီးပါးတွင် တိုက်ပွဲများဖြစ်ပွါးလျက်ရှိရာ စစ်တပ်က အရပ်သား ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်သည့်အတွက် အရပ်သားပြည်သူ သိန်းနှင့်ချီထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု လူမှုရေးလှုပ်ရှားသူများက ပြောသည်။

"မြို့တော်တော်များများမှာ မြို့ပေါ်ရော၊ နယ်မှာပါ ပြေးနေကြရတယ်။ မပြေးဘဲ ကိုယ့်အိမ်မှာနေကြတဲ့ ပြည်သူတွေလည်း ကျီးလန့်စာစားဘဝနဲ့ပဲ။ စစ်တပ်က ဘယ်အချိန် ဘာလုပ်မယ်မသိတဲ့ အခြေအနေ။ နောက်ပြီး လမ်းတွေ ပိတ်ထားတော့ ကုန်စျေးနှုန်းတွေ အဆမတန်ကိုတက်တာ။ ငတ်သူကငတ် ပြတ်သူပြတ်ပဲ။ လမ်းလေးတွေပြန်ဖွင့်ပေးရင်ကောင်းမယ်"ဟု အမ်းမှ လူမှုရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။

ရခိုင်တွင် စစ်ကောင်စီက ကျူးလွန်နေသည့်ဖြစ်စဥ်များနှင့်ပတ်သက်၍ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးချုပ်နှောင်ခြင်း၊ လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်း၊ သတ်ဖြတ်ခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအား ရပ်တန်ပေးရေး ဆောင်ရွက်ရန်နှင့်  တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ အပြစ်မဲ့ အရပ်သားများအား နိုင်ငံတကာမှအကူအညီများ အဆောတလျင် ပေးဝေနိုင်ရေး အတွက် ကူညီဆောင်ရွက်ပေးရန်တို့အပါအဝင် အချက်(၆) ချက်ဖြင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အပါအဝင် နိုင်ငံတကာ ခေါင်းဆောင်များသို့ ပြည်ပအခြေစိုက် ရခိုင်အဖွဲ့အစည်း(၆) ခုက  အိတ်ဖွင့် ရေးသား ပေးပို့တောင်းဆိုထားသည်။

Most read this week

October 18, 2024
ရခိုင်ပြည်တွင် စပါးစျေးမရသည့်အပြင် ယခင်နှစ် စိုက်ပျိုးရာသီမှ ထွက်ရှိလာသော စပါးများကို ယခုနှစ်...
October 16, 2024
ရခိုင်ပြည်၊မောင်တောမြို့၊ နခခ(၅)တပ်ရင်းအား အာရက္ခတပ်‌တော် (AA)  နေစဉ်ရက်ဆက် ထိုးစစ်ဆင်...
October 15, 2024
ရခိုင်ပြည် တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်၏မြောက်ပိုင်းတွင် တိုက်ပွဲတွေပြင်းထန်နေသည့်အတွက်...
October 14, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့မှ  စစ်ဘေးရှောင်သွားကြသည့်  နေအိမ်များ၏ လူဦးရေစာရင်းကို...