ရခိုင်တွင် ကုန်စျေးနှုန်းအဆမတန်ကြီးမြင့်လာသဖြင့် အငတ်ဘေးနှင့်ကြုံရသည့် မိသားစုများရှိလာ

ရခိုင်တွင် ကုန်စျေးနှုန်းအဆမတန်ကြီးမြင့်လာသဖြင့် အငတ်ဘေးနှင့်ကြုံရသည့် မိသားစုများရှိလာ

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီမှ ဖြတ်လေးဖြတ်လုပ်ပြီး ကုန်သွယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့ထားသည်မှာ ရက်၄၀ ရှိလာနေပြီဖြစ်ကာ တချို့ဒေသများတွင် ကုန်စျေးနှုန်းများမှာ အဆမတန်ကြီးမြင့်လာသဖြင့် အငတ်ဘေးကျရောက်နေသည့် မိသားစုများ ရှိလာနေကြောင်းသတင်းရရှိသည်။

စစ်တွေမြို့နယ်မှ အမျိုးသမီးဒေသခံတစ်ဦးက  "လူတွေကငတ်လာကြပြီ။ တချို့ဆို ထမင်း မစားရပေမယ့် ရှက်လို့မပြောဘူး။ မနက်စာစားရင်၊ ညနေစာမစားရဘူး။  အထူးသဖြင့် မြို့စွန်က လက်လုပ်လက်စား ရပ်ကွက်တွေမှာ အခြေအနေ ပိုဆိုးနေတယ်။ ထမင်းမစားရဘဲ တစ်နေ့ မုန့်တစ်ထုပ်စားပြီး ရေသောက် ဗိုက်မှောက်နေရတာမျိုးတွေကို ပတ်ဝန်းကျင်မှာတွေ့လာရတယ် " ဟု နိရဉ္စရာကိုပြောသည်။

ရခိုင်ပြည်နယ်တွင် ပြည်သူများအဓိကအားထားသွားလာနေရသည့် ကုန်းလမ်းရေလမ်းများကို တိုက်ပွဲပြန်လည် စတင်ခဲ့သည့် နိုဝင်ဘာ၁၃ရက်ကနေ လက်ရှိအချိန်ထိ ပိတ်ထားသည့်အပြင် တစ်မြို့နှင့် တစ်မြို့ကို သွားလာခွင့်ကိုလည်း တင်းတင်းကျပ်ကျပ် ပိတ်ထားသဖြင့် ကုန်တင်ကုန်ချ လုပ်ကိုင်နေသည့် အလုပ်သမားများ၊ ရေလုပ်သားများ၊ ခရီးသည်တင်စက်လှေများ၊ ကားသမားများ၊ သုံးဘီး ဆိုင်ကယ်မောင်းသူများမှာ အထူးအခက်အခဲကြုံနေရသည်ဟု သိရသည်။

စစ်တွေမြို့နယ်မှ နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးက  " အခုက လူအသွားအလာလည်း သိပ်မရှိတော့သလို စစ်ကောင်စီကလမ်းသွားလမ်းလာတွေကိုပါ ဖမ်းဆီးလာတွေရှိနေတဲ့အတွက် လူတွေလည်း သိပ်အဝေးကြီးမသွားရဲကြတော့ဘူး။ ကျမတို့ မုန့်ဆိုင်ဆိုလည်း အခုဆို မရောင်းရတော့။ မရောင်းရတော့ မိသားစုတွေရဲ့စားဝတ်နေရေးကမပြေလည်ဘူး။ ဒီဆိုင်ကိုပဲအားကိုးနေရတော့။ ဆန်ပြုတ်တောင် ဆန်ကွဲကိုကြိုသောက်ရမလိုဖြစ်နေပြီ” ဟုပြောသည်။

ကျောက်ဖြူဘက်က ဒေသခံတစ်ဦးကလည်း “ ကျောက်ဖြူမြို့နယ်မှာလည်း တော်တော် အခက်အခဲတွေ့နေကြရတယ်။ ထမင်းငတ်နိုင်တဲ့ အနေအထားမျိုးထိရှိနေတယ်လို့ ပြောလို့ရတယ်။  အဲဒါက စစ်တပ်က လမ်းတွေ ပိတ်ထားတော့ ကုန်စည်စီးဆင်းမှု မရှိတာရယ်။ အလုပ်အကိုင် မရှိတာရယ်။  နောက်ပြီး လူတွေရဲ့ မတော်မတရားဈေးတင်မှုရယ်တွေကြောင့် လက်လုပ်လက်စားတွေ ထမင်းနပ်မမှန်တော့ဘူး”ဟု ပြောဆိုသည်။

မွတ်ဆလင်လူကြီးတစ်ဦးဖြစ်သူ ဆရာဦးအောင်ခင် (စစ်တွေ)ဘာသာပြန်ဆရာကလည်း “ ရင်၌ ဆို့နင့်စွာခံစားရသည့်ဖြစ်ရပ်မှန်တစ်ခု..ရခိုင်ညီနောင်များသို့” ဟု  ခေါင်းစဉ်တပ်ကာ သူ၏ လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ရေးသားထားသည်။

“ ကျနော်စစ်တွေမြို့ရှိ ဘုန်းတော်ကြီး(ပရဟိတ)ကျောင်း တွင် အခကြေးငွေမယူဘဲ English စကားပြောနှင့်ဘာသာပြန်သင်တန်းပေးလျက်ရှိသည်ကို စာဖတ်သူမိတ် ဆွေအပေါင်းသိရှိကြပြီး ဖြစ်ပေမည်။ ပရဟိတဘုန်းတော် ကြီးကျောင်း၌(ကျောင်းတွင်နေရာချထားပေးမှုကြောင့်) နေရေးနှင့် စားရေးအတွက်အဆင်ပြေသည်။အခြေခံလူတန်းစား သား/သမီးများဖြစ်၍ ကျနော်လည်းပီတိဖြစ် ရသကဲ့သို့ ကျောင်းသား/ ကျောင်းသူများကလည်းစိတ်ဝင်တစားသင်ယူကြသည်။ ယခုရက်ပိုင်း စစ်တွေမြို့တွင်အအေးပိုလာသဖြင့် မနက် ပိုင်းနေပူစာလှုံနေစဥ် ရေခဲထုပ်သည် တယောက်က ခလေးငယ် ၂ယောက် (အသက်၄နှစ်ယောကျ်ားလေးနှင့် ၃နှစ်အရွယ်မိန်းကလေး) နှင့်အတူ ရေခဲထုပ်ရောင်းနေသည်ကိုတွေ့ရ၍ ပရဟိတစေတနာဖြင့် စနည်းနာမိရာ၊ ကလေး ၂ဦး၏မိခင်မှာ သမီးကလေးမွေးပြီး အဆုတ်အအေးမိ၍ ကွယ်လွန်သွားသဖြင့် ယခုကဲ့သို့ ရေခဲထုတ်ရောင်းချိန်တွင် အတူတကွခေါ်လာရခြင်းဖြစ်သည်” ဟုဆိုသည်။

“ ကျနော်က ဆက်မေးသဖြင့်သူက မနက်စာကို ရေခဲထုပ်ရောင်းစဥ် သနားကြင်နာတတ်သည့် လူနှင့်တွေ့လျှင် ကလေးငယ်များ ထမင်းစားရကြောင်း၊ သူကတော့ညနေဈေးဝယ်ပြီးအိမ်ပြန်ရောက်မှ သားအမိ/သားအဖများညနေစာကို စားကြကြောင်း၊ မနက်စာကိုပေးကမ်းမည့်သူမရှိပါက သူရို့မောင်နှမ ၂ယောက်ကို မုန့်ဝယ်ကျွေးကြောင်းပြောပြရာ၊ ကျနော်က သံဃာတော်များ ဆွမ်းဘုန်းပေးပြီးလျှင် သူတို့ကိုထမင်းကျွေးမည်။ စောင့်ရန်ပြောပြီး (ကလေး၂ဦး) အပါအဝင်သူ့ကိုပါ ဘုန်းတော်ကြီးကျောင်းမှဆွမ်းကျန်ကိုကျွေးလိုက်ရာ ကျနော်ကဝမ်းသာပီတိဖြစ်ရမည့်အစား ယနေ့ အချိန်တွင် ထိုကဲ့သို့ထမင်းနပ်မမှန်သူအများအပြားရှိနေသည်ကိုသိရှိသဖြင့် ယခုပို့စ်တင်သည့် အချိန်အထိ ရင်နင့်စွာခံစားနေရသည်ကို ညီနောင်ရခိုင်များသိရှိစေရန် အသိပေးနိုးဆော်အပ်ပါသည်။”  ဟု ရေးသားထားသည်။

ယခုကဲ့သို့ စစ်ကောင်စီသည် ဖြတ်လေးဖြတ် လမ်းစဉ်ဖြင့် ရခိုင်ပြည်တွင် လမ်းပိတ်ထားမှုသည် အလွန်တစ်ရာ ယုတ်ညံ့သည့် လုပ်ဆောင်မှုဖြစ်ပြီး (လုံး၀)မလုပ်သင့် မလုပ်ထိုက်သည့် လုပ်ရပ်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက နိရဉ္စရာကိုပြောသည်။

" ရခိုင်ပြည်အတွင်းမှာပြည်မနဲ့ ဆက်သွယ်ထားတဲ့ လမ်းတွေကိုပိတ်၊ ရိက္ခာတွေကိုဖြတ်၊ တစ်မြို့နဲ့ တစ်မြို့ သွားလာခွင့်ကို ပိတ်။ ဒါကြောင့်ကုန်ဈေးနူန်းတွေက အဆမတန်တက်လာတယ်။ အဲ့ဒါက စစ်ကောင်စီရဲ့ အကွက်ကျကျ ဖန်တီးထားတဲ့ ယုတ်ညံ့တဲ့အကွက်တွေ ဖြစ်တယ်။ ပြည်သူတွေ ဒုက္ခဖြစ်လာရင် ULA/AAနဲ့ ညှိနှိုင်းလို့ရမလား။  ULA/AAနဲ့ ပြည်သူတွေကြားမှာ ပဋိပက္ခ ဖြစ်လာမလားဆိုပြီး ဒီလို ရည်ရွယ်ချက်တွေအများကြီးနဲ့ စစ်ကောင်စီက လုပ်ထားတာ”ဟု ပြောဆိုသည်။

ယခုလုပ်ရပ်ကြောင့် စစ်ကောင်စီမျှော်လင့်သလို ဖြစ်မလာဘဲ ရခိုင်လူမျိုးများက ပိုပြီး နာကျည်းမှုများလာမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပြည်သူများကို ရက်စက်ခြင်းအားဖြင့် စစ်ကောင်စီအနေဖြင့် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ရရှိမည်ဖြစ်ကြောင်း၊ ပြည်သူများ၏ နာကျည်းစိတ်က ပိုမိုကြီးထွားလာပြီးနောက်ဆုံး တစ်ပြည်လုံး၏ ပုန်ကန်မှုကို ခံရမည်ဖြစ်ကြောင်း ဦးဖေသန်းက ဆက်လက်ပြောဆိုသည်။

ရခိုင်လူမှုအဖွဲ့အစည်းများ၊ ငွေကြေးတတ်နိုင်သူများ အနေဖြင့်လည်း မြို့တိုင်း ရွာတိုင်းတွင် အမှန်တကယ် ဒုက္ခရောက်နေကြသူများအား စာရင်းများ ကောက်ယူကာ ဝိုင်းဝန်း ဖြေရှင်း ပေးသင့်ကြောင်း ၎င်းက တိုက်တွန်း ပြောကြားသွားခဲ့သည်။

October 18, 2024
ရခိုင်ပြည်တွင် စပါးစျေးမရသည့်အပြင် ယခင်နှစ် စိုက်ပျိုးရာသီမှ ထွက်ရှိလာသော စပါးများကို ယခုနှစ်...
October 16, 2024
ရခိုင်ပြည်၊မောင်တောမြို့၊ နခခ(၅)တပ်ရင်းအား အာရက္ခတပ်‌တော် (AA)  နေစဉ်ရက်ဆက် ထိုးစစ်ဆင်...
October 15, 2024
ရခိုင်ပြည် တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်၏မြောက်ပိုင်းတွင် တိုက်ပွဲတွေပြင်းထန်နေသည့်အတွက်...
October 14, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့မှ  စစ်ဘေးရှောင်သွားကြသည့်  နေအိမ်များ၏ လူဦးရေစာရင်းကို...