လွိုင်ကော်အကျဉ်းထောင်ရှိ အကျဉ်းသား ၅၀၀ ကျော် စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်နေ

လွိုင်ကော်အကျဉ်းထောင်ရှိ အကျဉ်းသား ၅၀၀ ကျော် စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်နေ

တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်နီပြည်နယ်က လွိုင်ကော်အကျဉ်းထောင်မှာရှိတဲ့ အကျဉ်းသား ၅၀၀ ကျော်ဟာ စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်တောက်မှုတွေ ကြုံနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက်ကနေ သိရပါတယ်။

"အကျဉ်းထောင်မှာပဲ စစ်တပ်ရောရဲရော အကျဉ်းဦးစီးဝန်ထမ်းတွေရောက မဆုတ်တမ်းခံစစ်အနေနဲ့ တော်လှန်ရေးတပ်တွေကို ပြန်တိုက်ခိုက်နေတော့ အဲဒီကြားထဲမှာ အကျဉ်းသားတွေက ပိတ်မိနေတယ်။ အကျဉ်းသားတွေကို အကာအကွယ်ယူပြီးတော့ စစ်ကောင်စီက ပစ်ခတ်နေတဲ့ပုံစံဖြစ်တယ်။ ဆေးဝါးနဲ့ရိက္ခာတွေ ပြတ်တောက်နေတယ်" လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ဦးသိုက်ထွန်းဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

လတ်တလော လွိုင်ကော်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသူ/သား စုစုပေါင်း ၁၄၀ အပါအဝင်  အကျဉ်းသားစုစုပေါင်း ၅၀၀ ကျော်ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက လွိုင်ကော်အကျဉ်းထောင်အနီးမှာ ကရင်နီတော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားတဲ့အချိန် အကျဉ်းသားတွေကို အခန်းတစ်ခန်းထဲမှာ ထားတာမျိုးတွေ ပြုလုပ်နေသလို အကျဉ်းထောင်ထဲကနေ စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ရဲနဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေက တော်လှန်ရေးတပ်တွေကို ပြန်လည်တိုက်ခိုက်နေတာဖြစ်တယ်လို့ ဦးသိုက်ထွန်းဦးက ဆိုပါတယ်။

လွိုင်ကော်အကျဉ်းထောင်မှာ ၂၀၂၂ ခုနစ်က တိုက်ပွဲတွေပြင်းထန်ချိန်ကလည်း အကျဉ်းသားတွေအနေနဲ့ အစားအသောက်နဲ့ ဆေးဝါးခက်ခဲခဲ့ပါတယ်။

"အခုပိုဆိုးတာက မြို့သိမ်းတိုက်ပွဲ ဖြစ်တဲ့အတွက် စစ်ကောင်စီ ရဟတ်ယာဉ်နဲ့ပို့တဲ့ ရိက္ခာ‌တွေက အကျဉ်းသားတွေအတွက် သုံးတာမရှိဘူး။ အောက်က စစ်တပ်ရဲ အကျဉ်းဦးစီးဝန်ထမ်းတွေကိုပဲ အဓိက ထောက်ပို့လုပ်နေတော့ အကျဉ်းသားတွေအတွက် တကယ့်ကိုစားနပ်ရိက္ခာ ဆေးဝါးလိုအပ်ချက် ရှိနေတာကြောင့် လွိုင်ကော်ထောင်မြေပြင် တာဝန်ခံအတည်ပြုချက်နဲ့ ကရင်နီနိုင်ငံရေးအကျဉ်းသားများ အစည်းအရုံးကလည်း ကျွန်တော်တို့နဲ့ မဟာမိတ်အဖွဲ့ဖြစ်တယ်။ သူတို့တွေနဲ့ ပူးပေါင်းစောင့်ကြည့်နေတာ တစ်ပတ်ကြာပြီ " လို့ ဦးသိုက်ထွန်းဦးက ဆိုပါတယ်။

လတ်တလောအခက်ခဲဖြစ်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ အခြားအကျဉ်းသားတွေကို ကူညီပေးနိုင်ဖို့ ထောင်ဝင်စာကူညီနေတဲ့ အဖွဲ့တွေက စောင့်ကြည့်နေပြီးတော့ အကူညီအဆင့်သင့်ပေးနိုင်ဖို့ ကြိုတင်ပြင်ဆင်နေတယ်လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများကွန်ရက်နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ဒီကနေ့ ဒီဇင်ဘာ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

October 19, 2024
ကချင်အထူးဒေသ(၁)၊ နယ်ခြားစောင့်တပ်(BGF) ရဲ့ ဌာနချုပ်အခြေစိုက်ရာ တရုတ်နယ်စပ်က ပန်ဝါမြို့ကို KIA၊...
October 8, 2024
လက်လွှတ်လိုက်ရတဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းပိုက်မယ်လို့ သတင်းထွက်ပေါ်ပြီးနောက် မြစ်ကြီးနား-...
September 20, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာမှာ ဒီကနေ့ နေ့လယ် ၂ နာရီခွဲခန့်က...
September 12, 2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နောင်နန်းတိုက်နယ်၊ ဆယ်မိုင်ကျေးရွာအတွင်း ဒီကနေ့ စက်တင်ဘာလ ၁၁...