တော်လှန်ရေးနယ်မြေတချို့မှာ ကိုယ်ပိုင်အင်တာနက် တွင်ကျယ်စွာအသုံးပြုလာနိုင်

တော်လှန်ရေးနယ်မြေတချို့မှာ ကိုယ်ပိုင်အင်တာနက် တွင်ကျယ်စွာအသုံးပြုလာနိုင်
ဓာတ်ပုံ-Social Media
ဓာတ်ပုံ-Social Media

လက်နက်ကိုင်တော်လှန်ရေး ပြင်းထန်တဲ့ဒေသတွေကို စစ်ကောင်စီဘက်က ဖုန်းနဲ့အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပေမယ့် တော်လှန်ရေးနယ်မြေတချို့မှာ ဂြိုလ်တုနဲ့ကိုယ်ပိုင်အင်တာနက်တွေ တွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်တယ်လို့ သိရပါတယ်။

မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းကာလအတွင်း လက်နက်ကိုင်ခုခံမှု အား ကောင်းတဲ့ မြို့နယ် ၅၀ နီးပါးကို စစ်ကောင်စီကနေ ဖုန်းနဲ့အင်တာနက်လိုင်းတွေ ပိတ်ဆို့ဖြတ်တောက်ထားတာ နှစ်နှစ်နီးပါးရှိလာပြီလို့ သုတေသနအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အင်တာနက်ဖြတ်တောက်ခံထားရတဲ့ မြို့နယ်တွေဟာ အခုနောက်ပိုင်းကာလတွေမှာ ဂြိုလ်တုတွေကနေ ကိုယ်ပိုင်အင်တာနက် သုံးစွဲလာကြပြီး အဲဒီထဲမှာ ထန်တလန်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့လည်း ပါဝင်ပါတယ်။

စစ်ကောင်စီရဲ့ပထမဆုံးမီးရှို့ဖျက်ဆီးခံရတဲ့ ထန်တလန်မြို့မှာ ပြီးခဲ့တဲ့တစ်နှစ်လောက်ကစပြီး ကိုယ် ပိုင်အင်တာနက် ရရှိနေပြီဖြစ်တယ်လို့ အကောင်အထည်ဖော်နေတဲ့ အဖွဲ့အစည်းတွေက အခုလအ စောပိုင်းမှာ အသိပေးထုတ်ပြန်လာပါတယ်။

ထန်တလန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့  နည်းပညာအထောက်အကူပြုဌာန Team Znet အဖွဲ့ဟာ ၂၀၂၂ ခုနှစ်သြဂုတ်လကစပြီး ထန်တလန်မြို့အတွင်း ကိုယ်ပိုင်ကြိုးမဲ့အင်တာနက်တွေ စတင်ဖြန့်ဝေခဲ့တာပါ။

Team Znet အဖွဲ့ တာဝန်ရှိသူတစ်ဦးက ကိုယ်ပိုင်အင်တာနက်တွေ ဖြန့်ဝေပေးနိုင်နေပေမယ့် ရန်ပုံ ငွေလိုအပ်ချက်အပါအဝင် လျှပ်စစ်မီးနဲ့စက်ပစ္စည်းဈေးနှုန်း ကြီးမြင့်မှုကို ရင်ဆိုင်နေရတယ်လို့ သံ လွင်တိုင်းမ်ကို ပြောပါ တယ်။

"အင်တာနက်ပစ္စည်းတွေက ဈေးကြီးတဲ့အခါကျတော့ ဒီနိုင်ငံခြားက မှာရတာတွေ။ နိုင်ငံခြားငွေတွေသုံးရတဲ့အတွက် ငွေကြေးက ကျွန်တော်တို့အတွက် အခက်အခဲရှိတယ်။ ဘယ်ပစ္စည်းမဆို ပြည် တွင်းမှာဝယ်ရတာ အရမ်းခက်ခဲတယ်။ အဲဒီတော့ ကျွန်တော်တို့ နိုင်ငံခြားကမှာရတဲ့အခါကျတော့ သယ်ယူပို့ဆောင်တာရော၊ ငွေကြေးအခက်အခဲကရော၊ စိန်ခေါ်မှုတွေရှိနေပါတယ်။ ဒုတိယတစ်ချက်ကတော့ အင်တာနက်ကို ဖော်ဆောင်တဲ့အခါမှာ ချင်းပြည်နယ်မှာဆိုရင် လျှပ်စစ်မီးကအရမ်းခက်တယ်။ အဲဒီတော့ကျွန်တော်တို့ အခြားနည်းပညာတွေ ကိုသုံးတဲ့အခါကျတော့ ၂၄ နာရီနဲ့ လုပ်နိုင်မယ့် လျှပ်စစ်မီးဟာ ကျွန်တော်တို့အတွက် ဒုတိယစိန်ခေါ်မှုအဖြစ်ရှိနေပါတယ်" လို့ ဆိုပါတယ်။

Team Znet အဖွဲ့ဟာ လက်ရှိမှာ ကိုယ်ပိုင်ကြိုးမဲ့အင်တာနက်ကို တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့တွေ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့လက်အောက်ခံ ဌာနဆိုင်ရာတွေ၊ ကျန်းမာရေးနဲ့ ပြည်သူ့ရဲတပ်ဖွဲ့တို့ထံ ဖြန့်ဝေထားနိုင်ပြီး ဒေသခံတွေကို ဖြန့်ဝေပေးနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ထန်တလန်မြို့နယ်ရဲ့ ၄၀ ရာခိုင်နှုန်းနီးပါး အမြန်နှုန်း ၂၀ မီဂါဘိုက် 20Mbps အင်တာနက်လိုင်း ဖြန့်ဝေပေးထားပြီး လာမယ့်နှစ်အတွင်း ထပ်မံတိုးချဲ့သွားမယ်လို့ သိရပါတယ်။

တစ်ပြည်နယ်လုံး အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ကရင်နီပြည်နယ်မှာတော့ Starlink အင်တာနက် စတင်အသုံးပြုနေပြီလို့ Free Burma Ranger (FBR)အဖွဲ့ တည်ထောင်သူ David Eubank က ပြီးခဲ့တဲ့ဇွန်လအတွင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Starlink အင်တာနက်ဟာ အမေရိကန်လေကြောင်းအာကာသကုမ္ပဏီ SpaceX  ရဲ့ ဂြိုလ်တုအင်တာနက် ဝန်ဆောင်မှုဖြစ်ပြီး နိုင်ငံပေါင်း ၅၄ နိုင်ငံကျော်အတွက် ဂြိုလ်တုအင်တာနက်အသုံးပြုခွင့်ကို ပံ့ ပိုးပေးထားတာပါ။

လက်ရှိမှာတော့ Starlink အင်တာနက်ကို ကရင်နီပြည်နယ်က တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ တွင် တွင်ကျယ်ကျယ် အသုံးပြုလာနိုင်နေပြီး စစ်ကောင်စီရဲ့ အင်တာနက်လိုင်း ပိတ်ဆို့ဖြတ်တောက်မှုကို ကျော်လွှားထားတာ ဖြစ်ပါတယ်။

စစ်ရေး၊နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီရဲ့အင်တာနက်ဖြတ်တောက်မှုတွေဟာ ပြည်သူလူထုအတွက်သာမက တော်လှန်ရေးအဖွဲ့အစည်းတွေအတွက်ပါ ကြီးမာတဲ့ အ ခက်အခဲဖြစ်အောင် လုပ်ဆောင်တာလို့ ဝေဖန်ပါတယ်။

"အဲဒီလိုလုပ်ထားတဲ့အတွက် ဒေသတွင်းက ပြည်သူလူထုက ကမ္ဘာကြီးမှာဖြစ်ပျက်နေတာတွေ၊ ဗ မာပြည်မှာ ဖြစ်ပျက်နေတာတွေကို ဘာမှသိခွင့်မရတဲ့အပြင် အချင်းချင်းဆက်သွယ်ဖို့တောင်အခက် အခဲ ဖြစ်နေပါတယ်။ အဲဒီအနေအထားကတော့ မျက်စိပိတ်၊ နားပိတ်ဖြစ်အောင် လုပ်ထားတာပါပဲ။ ဒါဟာတော်လှန်ရေးလုပ်နေတဲ့ အင်အားစုတွေနဲ့ ပြည်သူလူထုအတွက်က ကြီးစွာသောအခက်အခဲတွေဖြစ်စေပါတယ်" လို့ဆိုပါတယ်။

စစ်ကောင်စီကတော့ မြန်မာနိုင်ငံအတွင်း ဂြိုလ်တုအင်တာနက် ဝန်ဆောင်မှုတွေကို တရားမဝင်ရယူသုံးစွဲနေတာကြောင့် လိုင်စင်ရယူဖို့လိုအပ်ပြီး တားမြစ်ချက်တွေကို မလိုက်နာရင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ နဲ့ တရားစွဲဆိုသွားမယ်လို့ နိုဝင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါသေးတယ်။

ကိုယ်ပိုင်အင်တာနက်လိုင်းတွေဟာ စစ်ကောင်စီလက်အောက်မှာ မဟုတ်တာကြောင့် စစ်ကောင်စီရဲ့ပြောဆိုမှုကို ဂရုစိုက်စရာမရှိဘူးလို့ ကရင်နီပြည်နယ်အတွင်းက အင်အားစုတွေက တုံ့ပြန်ထားပါတယ်။

လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုရဲ့ အစီရင်ခံစာအရ အာဏာသိမ်းကာလအတွင်း မြို့နယ်ပေါင်း ၃၃၀ ဟာ အနည်းဆုံးတစ်ကြိမ် ဖုန်းနဲ့အင်တာနက်လိုင်း ဖြတ်တောက်ခံထားရပြီး ကရင်နီနဲ့ချင်းပြည် နယ်ဟာ အဆိုးဝါးဆုံး အင်တာနက် ဖြတ်တောက်မှုနဲ့ ကြုံခဲ့ရတာပါ။

လက်ရှိမှာလည်း ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်းရေးနဲ့အတူ တော်လှန်ရေးအင်အားစုတွေရဲ့ ဟန်ချက်ညီ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီဟာ ရခိုင်၊ မွန်၊ ကရင်နီ၊ချင်း၊ ကချင်၊ ကရင်ပြည် နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာလည်း အင်တာနက်လိုင်းတွေ ထပ်မံဖြတ်တောက်ထားပြီး အရေအတွက် အတိအကျမသိရသေးပါဘူး။

ကမ္ဘာ့ပေါ်မှာ မြန်မာနိုင်ငံဟာ အာဏာသိမ်းကာလအတွင်း ဖုန်းနဲ့အင်တာနက်လိုင်း ပိတ်ဆို့ဖြတ်တောက်မှု အများဆုံးနိုင်ငံဖြစ်လာတယ်လို့ Economy Online အွန်လိုင်းစီးပွားရေးက ပြီးခဲ့တဲ့ ဇူ လိုင်လအတွင်း အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

Most read this week

October 19, 2024
မွန်ပြည်နယ် မိုးစပါးရိတ်သိမ်းချိန်ကာလ  အချိန်မီစပါးရိတ်သိမ်းနိုင်ဖို့အတွက်...
October 15, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဒုစစ်ခေါင်းဆောင် ညွှန်ကြားချက်ကြောင့်...
October 14, 2024
မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာ ပင်လယ်ပြင်က ငါးဖမ်းလှေတွေနဲ့ ကျားဖောင်တွေမှာ ဝမ်းပျက်ဝမ်း...