ရခိုင်တိုက်ပွဲ မြို့နယ် ၁၀ ခုထိ ကျယ်ပြန့်လာ

ရခိုင်တိုက်ပွဲ မြို့နယ် ၁၀ ခုထိ ကျယ်ပြန့်လာ

နိုဝင်ဘာ ၁၃ ရက်က စတင်သည့် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)၏ တိုက်ပွဲများမှာ တစ်လကျော်ထိရှိလာပြီး တိုက်ပွဲနယ်မြေမှာလည်း တဖြည်းဖြည်း ကျယ်ပြန့်လာသည်။

ရခိုင်ပြည်အတွင်း ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ အမ်း စုစုပေါင်းမြို့နယ် (၉) ခုနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။

ဒီဇင်ဘာ ၁၃ ရက်တွင် မြောက်ဦး၊ မြေပုံမြို့နယ်တို့တွင် စစ်ကောင်စီနှင့် AA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်ကလည်း အမ်းမြို့နယ်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်။

AA ပါဝင်သည့် ညီနောင်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကို နောက်တစ်ဆင့်တက်ပြီး အကောင်အထည်ဖော်မည်ဟု ပြောဆိုထားသဖြင့် ရခိုင်တိုက်ပွဲနယ်မြေမှာ ပို၍ကျယ်ပြန့်လာနိုင်ကြောင်း နိုင်ငံရေးအကဲခတ်များက ပြောသည်။

“အခုတိုက်ပွဲက အရင်တိုက်ပွဲတွေနဲ့ မတူဘူး။ AA က စခန်းသိမ်းတိုက်ပွဲတွေ ဆက်တိုက်ဖော်ဆောင်လာတယ်။ စစ်ကောင်စီကတော့ ခံစစ်အနေနဲ့ ခုခံတိုက်ခိုက်တဲ့အနေအထားလောက်ပဲ။ ဆိုတော့ ရခိုင်ဒေသမှာ AA က တိုက်ပွဲဖော်ဆောင်သလောက် တိုက်ပွဲနယ်မြေကျယ်ပြန့်လာနိုင်တယ်” ဟု ရခိုင်က နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။

တိုက်ပွဲတစ်လတာအတွင်း ရခိုင်ဒေသက စစ်ကောင်စီ နယ်ခြားစောင့်ရဲကင်းစခန်း ၄ ခုနှင့် ပလက်ဝရှိ ဗျူဟာကုန်းကြီး ၂ ခုကို AA က တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်သားများ စွန့်လွှတ်ခဲ့သည့် စခန်းအများအပြားကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားသည်။

ရခိုင်ဒေသတွင် တိုက်ပွဲကျယ်ပြန့်လာမှုနှင့်အတူ စစ်ကောင်စီ၏ လက်နက်ကြီးအန္တရာယ်ကို စိုးရိမ်ကြောက်လန့်၍ နေရပ်စွန့်ခွာထွက်ပြေးသူဦးရေလည်း တဖြည်းဖြည်းများလာပြီး စစ်ဘေးရှောင်ဦးရေ ၁၃၀,၀၀၀ ကျော်အထိ ရှိလာနေသည်။

စစ်ရေးအရအရေးပါသည့် တပ်စခန်းကြီးများနှင့် စီးပွားရေးအရ အချက်အချာကျသော နေရာများကို လက်လွှတ်ဆုံးရှုံးလိုက်ရသည့် စစ်ကောင်စီသည် အရပ်သားပြည်သူများကို လေကြောင်း၊ လက်နက်ကြီး၊ ရေကြောင်းတို့ဖြင့် ပစ်မှတ်ထားတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်လျက်ရှိသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း “လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဆက်လက်၍ မိုက်တွင်းနက်နေမည်ဆိုပါက မိုက်တွင်းနက်သည့်ဒဏ်ကို ဒေသနေပြည်သူများကသာ ခံစားကြရမည်” ဟု ကြုံးဝါးထားသည်။

ညီနောင်မဟာမိတ်(၃)ဖွဲ့၏ ဒီဇင်ဘာ ၁၃ ရက် ထုတ်ပြန်ချက်တွင် “စစ်မြေပြင်ရှိ ရင်ဆိုင်တိုက်ပွဲတွေမှာ ပြန်လည်ထိုးစစ်ဆင်နိုင်ခြင်း မရှိတဲ့ စစ်ကောင်စီဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာနဲ့ ဖမ်းဆီးတာတွေကို ရက်ဆက်ဆိုသလို လုပ်ဆောင်လာတယ်” ဟု ဆိုထားသည်။

ရခိုင်ပြည်တွင် စစ်ကောင်စီက လက်နက်ကြီး/ ငယ်များ၊ လေကြောင်းပစ်ခတ်မှုတို့ကြောင့်  အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှု မြင့်တက်လာနေသည်။ DMG စာရင်းအရ နိုဝင်ဘာလ ၁၃ ရက်မှ ဒီဇင်ဘာလ ၁၃ ရက်ထိ တိုက်ပွဲတစ်လတာအတွင်း စစ်ကောင်စီက ပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးသူ ၂၆ ဦး၊ ဒဏ်ရာရရှိသူ ၁၁၃ ဦး စုစုပေါင်း ၁၄၉ ဦးအထိ ရှိနေသည်။

ယင်းအပြင် စစ်ကောင်စီသည် ဒေသခံများအား ဆက်တိုက်ဖမ်းဆီးနေပြီး စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲမြို့နယ်တို့မှ ဒေသခံ ၁၀၀ ဦးထက်မနည်းကို ဖမ်းဆီးထားသည်။

တကျော့ပြန်တိုက်ပွဲဖြစ်ပွားသည့်နေ့မှစ၍ ရခိုင်ပြည်အတွင်း ကုန်းလမ်း၊ ရေလမ်းခရီးသွားလာခွင့်ကို စစ်ကောင်စီက ပိတ်ဆို့ထား၍ တိုက်ပွဲရှောင်များနှင့် ပြည်သူများမှာ စားနပ်ရိက္ခာပြတ်လပ်မှုကို ကြုံတွေ့နေကြရသည်။

October 18, 2024
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အောင်မင်္ဂလာကျေးရွာကို အောက်တိုဘာ ၁၆ ရက်၊...
October 16, 2024
ရခိုင်က မြို့နယ်အားလုံးတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ လုံးဝပြတ်တောက်နေသောကြောင့် ဒေသအတွင်း...
October 15, 2024
ရခိုင်ဒေသကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစ၍ စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားသလို...
October 14, 2024
အမ်းမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်နေသည့်အတွက် ကျေးရွာပေါင်း ၁၀...