အွန်လိုင်းလိမ်လည်မှုများ၏ အမှောင်ကမ္ဘာဘက်ခြမ်း

အွန်လိုင်းလိမ်လည်မှုများ၏ အမှောင်ကမ္ဘာဘက်ခြမ်း

ပြည်ပမှ အွန်လိုင်းလိမ်လည်မှုများ၏ သပွတ်အူဇာတ်လမ်းများကို မီးမောင်းထိုး ရိုက်ကူးပြထားသည့် တရုတ်ရုပ်ရှင်ဇာတ်ကား No More Bets သည် အကြီးအကျယ် အောင်မြင်သွားပြီး ရုပ်ရှင်ရုံကြီးများတွင် ဝင်ငွေကောင်းလျက်ရှိသည်။

No More Bets ၌ အရှေ့တောင်အာရှတွင် အခြေစိုက်သည့် ငွေလိမ်ကွန်ရက် တစ်ခုအတွက် လုပ်ကိုင်ပေးရန် လိမ်လည်ခေါ်သွင်းခံရသူများ အကြောင်းကို သရုပ်ဖော်ထားသည်။ ဤဇာတ်ကားသည် ရုံတင်သည့် ပထမသီတင်းငါးပတ် အတွင်း၌ အမေရိကန်ဒေါ်လာ ၅၀၅ သန်းအထိ ဝင်ငွေရရှိခဲ့ကာ သြဂုတ်လအတွင်း ဝင်ငွေအကောင်းဆုံး တရုတ်ဇာတ်ကားများအနက် နံပါတ်တစ် စွဲခဲ့သည်။

ဤဇာတ်ကား အောင်မြင်မှုမှာ အံ့သြစရာတော့ မဟုတ်ပါပေ။ အွန်လိုင်းငွေလိမ် လုပ်ငန်းနယ်ပယ်ကြီးသည် လျှို့ဝှက်လည်ပတ်သည့် အဆင့်မှသည် အကြီးအကျယ် ကြီးထွားလာသည့် အဆင့်သို့ ရောက်ရှိသွားကာ လုပ်ငန်းလက်တံများမှာလည်း ပိုမိုကျယ်ပြန့်လာနေသည့်အတွက် ဖြစ်လေသည်။ ဤတရားမဝင် စီးပွားရေးသည် လူမှောင်ခိုကူးမှု၊ မူးယစ်မှောင်ခိုမှုနှင့် လူအင်္ဂါရောင်းချမှုတို့ အပါအဝင် ရှုပ်ထွေးကျယ်ပြောသည့် နိုင်ငံဖြတ်ကျော် မှောင်ခိုစီးပွားရေး တစ်ခုလုံးကို အုပ်စိုးထားသည်။

ဤလုပ်ငန်းများသည် ကနဦးတွင် ဖိလစ်ပိုင်နှင့် ကမ္ဘောဒီယားကဲ့သို့ ဒေသများတွင်သာ ရှိခဲ့သည်။ မကြာသေးမီ နှစ်များ၌ အစိုးရများက နှိမ်နင်းမှုများ ပြုလုပ်လာခဲ့ရာမှ ၎င်းတို့သည် မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းသွားကြခြင်း ဖြစ်သည်။

ထိုတရားမဝင်ကုန်သွယ်မှုသည် မြန်မာနိုင်ငံတွင် ဘေးမဲ့နေရာ တွေ့ရှိထားကြသည်။ ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းယူခဲ့သည့် မြန်မာနိုင်ငံ၏ လက်ရှိအစိုးရသည် နိုင်ငံရေး၊ ခွဲထွက်ရေးသမားများ၊ လက်နက်ကိုင်အုပ်စုများနှင့် ပြဿနာများ ရင်ဆိုင်နေရပြီး အာရုံများလျက်ရှိသည်။

အဆိုပါနေရာ၌ အွန်လိုင်းငွေလိမ်မှုများသည် အရေးပါသည့် မြေအောက်စီးပွားရေးတစ်ရပ် ဖြစ်လာနေသည်။ ၎င်းတို့၏ ကနဦး သားကောင်များမှာ များသောအားဖြင့် တရုတ်နိုင်ငံသားများနှင့် ပြည်ပရောက် တရုတ်မျိုးနွယ်စုဝင်များ ဖြစ်ရာ  ယခုကဲ့သို့ ဇာတ်ကားမျိုးမှာ သိသိသာသာ အလေးထားမှုကို ရရှိပြီးသား ဖြစ်လေသည်။

ယခုနောက်ပိုင်း အွန်လိုင်းငွေလိမ်မှုများတွင် အဓိက ကြိုးကိုင်နေသူ အများစုမှာ တရုတ်လူမျိုးများဖြစ်သည်။ အဆိုပါ ကလိမ်ကကျစ် လုပ်ငန်းများသည် အစောပိုင်းတွင် ထိုင်ဝမ်မှ ရိုက်စားသမားများ၏ မိတ်ဆက်မှုဖြင့် တရုတ်ပြည်မထဲသို့ ရောက်ရှိခဲ့သည်။ နောက်ပိုင်းတွင် ဖူကျင်း (Fujian) ကဲ့သို့ ဒေသများရှိ မှောင်ခိုကုမ္ပဏီများကပါ လုပ်ကိုင်လာခဲ့ကြပြီး ယခုအခါ အဆိုပါနေရာများ၌ ဤလုပ်ငန်းများသည် အကြီးအကျယ် အမြစ်တွယ်နေပြီဖြစ်သည်။ တရုတ်နှင့် နိုင်ငံတကာ ငွေလိမ်ဂိုဏ်းများတွင် ဖွဲ့စည်းသူများနှင့် ပါဝင် ပတ်သက်နေသူများတွင် ဖူကျင်းမှ သိသိသာသာ များပြားသော ပမာဏတစ်ခုအထိ ပါဝင်ကြသည်။ နောက်ပိုင်းတွင် တရုတ်ပြည် အရှေ့မြောက်ပိုင်းကဲ့သို့ ဒေသများမှ အခြားသူများလည်း ပါဝင်လာကြသည်။

မြန်မာနိုင်ငံ နယ်စပ်မြို့များတွင် အပန်းဖြေနေရာ (Parks) သို့မဟုတ် ဇုန် (Zones) ဆိုသော အခေါ်အဝေါ်ဖြင့် နေရာအစုအဝေး အများအပြားရှိသည်။ မူဆယ်၊ တာချီလိတ်၊ ကိုးကန့်၊ ‘ဝ’ပြည်နယ်၊ မြန်မာပြည် အရှေ့တောင်ပိုင်းရှိ အမည်ဆိုးဖြင့် ကျော်ကြားသော မြဝတီအပါအဝင် နေရာအများအပြား၌ ဆိုခဲ့ပါ ဇုန်များ တည်ရှိသည်။ မြဝတီသည် ကရင်ပြည်နယ်တွင် ရှိပြီး ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ်၊ မဲဆောက်ခရိုင် နယ်စပ်အနီးတွင် တည်ရှိသည့်မြို့ဖြစ်သည်။

အဆိုပါ ဇုန်များအနက် မြဝတီသည် တရုတ်နိုင်ငံသားများ မကြာခဏဆိုသလို ပစ်မှတ်ထားခံရလေ့ရှိသည့် နေရာဖြစ်သည်။ မြဝတီ၌ ထိုကဲ့သို့ ပန်းခြံမျိုး ၅၀ နှင့်အထက်ရှိပြီး ထိုနေရာများရှိ အကြီးဆုံးကုမ္ပဏီများတွင် ဆိုလျှင် ဝန်ထမ်းဦးရေသည် ၃၀၀၊၄၀၀ ခန့်အထိရှိကြသည်။ KK Park Zone ဆိုလျှင် တရုတ် အွန်လိုင်းဆယ်လီများကပင် အကြီးအကျယ် ပရိုမိုးရှင်းလုပ်ထားသော နေရာဖြစ်သည်။ မြဝတီ၌ ထိုကဲ့သို့သော အပန်းဖြေနေရာများ အများအပြားရှိသည်။

ကရင်ပြည်နယ်တွင် တည်ရှိပြီး ကရင်နယ်ခြားစောင့်တပ် (BGF) ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသော မြဝတီဒေသသည် တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေဖြစ်သည်။ သို့သော်လည်း ငွေဝင်လမ်းကိုသာ အဓိကအာရုံစိုက်နေသည့် ကရင် BGF သည် ၎င်းထိန်းချုပ်ထားသည့် အပန်းဖြေနေရာများအားလုံးတွင် ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှုများ ရှိထားသည်။ အဆိုပါ တရားမဝင် စီးပွားရေးလုပ်ငန်းများ အတွင်း၌ ဖြစ်ပျက်နေသည်များကို ဂရုမစိုက်ပေ။ ထိုင်းနှင့် နယ်စပ်ချင်း နီးကပ်နေသည့်အတွက်လည်း မြဝတီသည် လျှပ်စစ်ဓာတ်အားကဲ့သို့သော အရင်းအမြစ်များကို ထိုင်းနိုင်ငံမှ ရရှိနေပြန်သည်။

မြဝတီသို့ ရောက်ရှိလာကြသည့် တရုတ်လူမျိုး အများစုသည် အတင်းအကျပ် မဟုတ်ဘဲ မိမိသဘောဆန္ဒအလျောက် ရောက်ရှိလာကြခြင်းဟုသာ ပြောရမည်ဖြစ်သည်။ အချို့မှာလည်း တရုတ်ပြည်တွင်း၌ ရပ်တည်ရ ခက်ခဲလာခြင်း သို့မဟုတ် စိန်ခေါ်မှုများ ရှိလာခြင်းတို့ကြောင့် အဆိုပါအခြေအနေမှ ထွက်ပေါက်တစ်ခု ရလိုရငြား ရှာဖွေကြခြင်း ဖြစ်သည်။ အရဲစွန့်သည့် တရုတ်လူမျိုးများသည် ‘ဝင်ငွေမြင့်မားမှု’ အလားအလာအပေါ် စိတ်ဝင်စားကြသည်။ အန္တရာယ်ရှိသည်ကို သိသော်လည်း ကြိုးစားကြည့်လိုကြသည်။ ခရီးလမ်းကြောင်း ရှည်လျားပြီး နယ်စပ်ဂိတ်များလည်း ပိတ်ထားသည်ဖြစ်ရာ အများအပြားမှာ နယ်စပ်နှင့် လူဝင်မှုဌာနများကို ကျော်ဖြတ်ရန်အတွက် မှောင်ခိုလမ်းကြောင်းများကို အသုံးပြုကြရသည်။ သူတို့သည် တရားဝင် ဝင်ရောက်မှု သို့မဟုတ် ထွက်ခွာမှု မှတ်တမ်းများကို တိမ်းရှောင်ကြသည်။ ထိုကဲ့သို့ ခိုးဝင်သူများသည် ခိုးကြောင်ခိုးဝှက် လှုပ်ရှားရသည်ဖြစ်ရာ အရှုပ်အရှင်းတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အလွယ်တကူ အနိုင်ကျင့်ခံရနိုင်သည့် အခြေအနေဖြစ်လေသည်။

ထိုအပန်းဖြေနေရာများ၌ ရိုက်နှက်မှု၊ လျှပ်စစ်ဖြင့်ရှော့ရိုက်မှုကဲ့သို့ ကိုယ်ထိလက်ရောက် နှိပ်စက်မှုများသည် အသေးစား အပြစ်ပေးမှုများဟုသာ မှတ်ယူရသည်။ ပိုမိုပြင်းထန်သည့် ဖြစ်ရပ်များတွင် လူပါ အစဖျောက်ခံရခြင်းများအထိ ရှိတတ်သည်။ အထူးသဖြင့် လုပ်ငန်းခွင်၌ ညံ့ဖျင်းပြီး အလုပ်မတွင်သူများ၊ အမိန့်မနာခံသူများ၊ လျော်ကြေး မပေးနိုင်သူများဖြစ်သည်။ ၎င်းတို့သည် မှတ်တမ်းမရှိဘဲ ခိုးဝင်လာကြသူများ ဖြစ်ရာ သူတို့၏ တည်ရှိမှုကိုလည်း မည်သူမျှ မသိကြသည့် အနေအထားဖြစ်သည်။

မြန်မာပြည်ရှိ အဆိုပါ မှောင်ခိုစီးပွားရေးသည် ပထဝီနိုင်ငံရေး၊ နယ်စပ်ကုန်သွယ်ရေး၊ တိုင်းရင်းသားရေးရာ စိုးရိမ်မှုများ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ ပါဝင်နေသည့် အရှုပ်အထွေးကြီး ဖြစ်သည်။ မည်သည့်အချက်များ ရှိနေသည်ဖြစ်စေ ဤရာဇဝတ်မှုများသည် နိုင်ငံတကာတွင် တရုတ်၏ပုံရိပ်ကို ကြီးမားစွာ ရိုက်ခတ်မှုရှိသည်။

ထို့အပြင် ကမ္ဘာ့အလယ်တွင် ရှိထားသည့် တရုတ်၏ ဝါဒဖြန့်ချိမှုများနှင့် မြေပြင်ပေါ်ရှိ လက်တွေ့အခြေအနေများ အကြားတွင် ကွာဟမှုရှိနေသည်ကိုလည်း ရိပ်စားမိနိုင်သည်ဖြစ်ရာ အနေခက်စရာ အခြေအနေဖြစ်သည်။ ဤကွဲလွဲမှုကို နိုင်ငံတကာ အသိုင်းအဝိုင်းက သတိထားမိသည်သာ ဖြစ်ရာ တရုတ်လူမျိုးများကို အထင်သေးခြင်းများ ပိုမိုများပြားလာခြင်းဆီ ဦးတည်လျက်ရှိသည်။ တစ်ချိန်တည်း၌ တရုတ်လူမျိုးများသည် ဒေသအတွင်း၌ ထိန်းချုပ်ခြယ်လှယ်ခံရသည့် သားကောင်ဖြစ်နေသလို တရုတ်အမျိုးသားအင်အားကလည်း တုံ့ပြန်နိုင်စွမ်းကင်းမဲ့သည့် ပုံစံအဖြစ် ပေါ်လွင်နေသည့်သဘော ဖြစ်လေသည်။

■ ဘန်ကောက်ပို့စ်တွင် ဖော်ပြထားသည့် The dark underworld of online fraud ကို ဘာသာပြန်ပါသည်။ ဆောင်းပါးရှင် ကုံချန်း (Kung Chan) သည် ဘေဂျင်းအခြေစိုက် အကြံပေးအဖွဲ့ ANBOUND  ထူထောင်သူဖြစ်ကာ ပထဝီနိုင်ငံရေး၊ နိုင်ငံတကာဆက်ဆံရေး၊ မြို့ပြနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုပြဿနာများနှင့် မက်ခရိုစီးပွားရေးတို့ကို အထူးပြုလေ့လာနေသည့် ပြည်သူ့ရေးရာမူဝါဒ သုတေသီတစ်ဦလည်း ဖြစ်သည်။

October 18, 2024
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အောင်မင်္ဂလာကျေးရွာကို အောက်တိုဘာ ၁၆ ရက်၊...
October 16, 2024
ရခိုင်က မြို့နယ်အားလုံးတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ လုံးဝပြတ်တောက်နေသောကြောင့် ဒေသအတွင်း...
October 15, 2024
ရခိုင်ဒေသကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစ၍ စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားသလို...
October 14, 2024
အမ်းမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်နေသည့်အတွက် ကျေးရွာပေါင်း ၁၀...