ရခိုင်တွင် ရေလမ်းကုန်လမ်းများကို ပိတ်ဆို့ကာ ရခိုင်ပြည်သူများအငတ်ဘေးကျအောင်ဖန်တီးပြီး တစ်ခြားတစ်ဖက်တွင် ရခိုင်ပြည်နယ်ပြန်လည်ထူထောင်ရေးကို လုပ်နေသယောင်ယောင် စစ်ကောင်စီပိုင် သတင်းစာများက ဝါဒဖြန့်နေ

ရခိုင်တွင် ရေလမ်းကုန်လမ်းများကို ပိတ်ဆို့ကာ ရခိုင်ပြည်သူများအငတ်ဘေးကျအောင်ဖန်တီးပြီး တစ်ခြားတစ်ဖက်တွင် ရခိုင်ပြည်နယ်ပြန်လည်ထူထောင်ရေးကို လုပ်နေသယောင်ယောင် စစ်ကောင်စီပိုင် သတင်းစာများက ဝါဒဖြန့်နေ

စစ်ကောင်စီသည် ရခိုင်ပြည်နယ်မှ မြို့နယ်အတော်တော်များတွင် ကျေးရွာ၊ ရပ်ကွက်များအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ခြင်း၊ လေယာဉ်များ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခြင်းစသည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်နေသလို တစ်ခြားတစ်ဖက်တွင်လည်း ကုန်သွယ်ရေး၊ဆက်သွယ်ရေး မပြုလုပ်နိုင်အောင် ကားလမ်း၊ ရေလမ်းများကို ပိတ်ဆို့ပြီး အပြစ်မဲ့ ရခိုင်ပြည်သူများအား အတိဒုက္ခရောက်ကာ အငတ်ဘေး ကျရောက်အောင် အစီအစဉ်ရှိရှိ ဆောင်ရွက်လျက်ရှိနေသည်။

ထိုသို့ လူမဆန်သည့် လုပ်ရပ်များကို ရခိုင်ပြည်နယ်အတွင်း ပြောင်ပြောင်တင်းတင်း ကျူးလွန်နေသော်လည်း တစ်ခြားတစ်ဖက်တွင် ရခိုင်ပြည်သူများကို ထောက်ပံ့ ကူညီသယောင်ယောင် ဝါဒဖြန့်ချီလက်နက်ကို အသုံးပြီး မြန်မာတိုင်းရင်းသားပြည်သူများ အကြား ထင်ယောင်ထင်မှား ဖြစ်အောင် ပြုမူလုပ်ဆောင်နေကြောင်း သိရသည်။  

ယနေ့ ဒီဇင်ဘာ ၁၃ ရက် ထုတ် စစ်ကောင်စီပိုင် သတင်းစာများတွင်  ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေး ပစ္စည်းများပို့ ဟု ခေါင်းစဉ်တပ်ကာ သတင်းစာမျက်နှာဖုံးများတွင် ခေါင်းကြီးပိုင်းက သတင်းတစ်ပုဒ်ကို ဓာတ်ပုံများဖြင့်ရေးသားဖော်ပြလာသည်။  

သတင်းစာများတွင် ရေးသားဖော်ပြရာတွင်   အမျိုးသား သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေး ပစ္စည်းများကို ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ MV Royal Venus ရေယာဉ်သည် ကာကွယ်ဝန်ကြီးဌာနနှင့် သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့မှ ပေးပို့သည့် အမိုးဒိုင်းသံချောင်း (Lip Channel) တန် ၁၀၀၊ သံချောင်းလုံး ၆၂၀ ဒသန ၅၄တန်၊ ၁၀ ပေ ခေါင်အုပ်သွပ်ချပ် ၁၇၇၀၀၊ ထရန်စဖော်မာ ၄ လုံး၊ ဘိလပ်မြေဖျောက်စက် ၄ လုံး၊ အမိုးချိတ်ချောင်း ၁၅၀၀၀၀ နှင့် သစ်ခွဲသား ၁၆၄၀ ဒသမ ၀၉ တန် စုစုပေါင်း တန်ချိန် ၂၄၁၄ ဒသမ ၁၄ တန် တင်ဆောင်၍ ယနေ့ မွန်းလွဲ ၂ နာရီတွင် The Myanmar Terminal ဆိပ်ခံတံတားမှ စစ်တွေမြို့သို့ ထွက်ခွာသွားကြောင်း သိရသည်ဟု ဖော်ပြထားသည်။

ယခုကဲ့သို့ ဖော်ပြလာမှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး လှုပ်ရှားသူ တစ်ဦးက ယခုလုပ်ရပ်မှာ မြန်မာပြည်သူများအား လိမ်လည်ရန် ကြိုးစားမှုလုပ်ရပ်တစ်ခုအဖြစ် ရှုမြင်သည်ဟု ပြောကြားသည်။

ဒီလောက် တိုက်ပွဲတွေဖြစ်နေတာမှာ ဒီလို အိမ်ဆောက်ပစ္စည်းတွေပို့တယ်ဆိုတာက တမင်သက်သက် ဝါဒဖြန့်ဖို့လုပ်ဆောင်တာပါ။ လက်တွေ့မှာ ဒီပစ္စည်းတွေ ဂိုတောင်မှာ သိမ်းထားရုံကလွှဲပြီး ဘာမှ လုပ်လို့မရပါဘူး။ ခုလို အချိန်မျိုးမှာ စားနပ်ရိက္ခာတွေပို့ရင်ဆိုတောင် တစ်စုံတစ်ရာ နားလည်ပေးလို့ ရသေးတယ်။ အခုဟာက သက်သက် ဝါဒဖြန့်ဖို့လုပ်ပြတာပါဟု ပြောဆိုသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် ပြည်မမြို့များနှင့် ရခိုင်ပြည်နယ်အကြားဆက်သွယ်ထားသည့်  ကုန်သွယ်ရေး လမ်းကြောင်းများကို ပိတ်ဆို့ထားသည့်အပြင် တစ်မြို့နှင့် တစ်မြို့အကြား ကုန်သွယ်ရေး လမ်းကြောင်းများကိုပါ ပိတ်ဆို့ထားသဖြင့် ရခိုင်က မြို့နယ်အားလုံးတွင် စားသောက်ကုန်ပစ္စည်းများ အကြီးအကျယ်ပြတ်လပ်နေသည်။

ယမန်နေ့ကလည်း စစ်တွေမြို့၊ BXT ကိုရီးယားဆိပ်ကမ်းတွင် နယ်သို့ ထွက်ခွာရန် ရပ်ထားသည့် စက်လှေ ၈စီးမှ အထက်တန်း ကျောင်းသားတချို့ အပါအဝင် စက်လှေသမားများနှင့် ကွမ်းယာရောင်းနေသည့် အမျိုးသမီး စုစုပေါင်း ၂၀ ကျော်ခန့်ကို ခရီးမသွားလာရ တားမြစ်ချက်ကို ဖောက်ဖျက်သည်ဟုဆိုကာ  စစ်ကောင်စီတပ်နှင့် ရဲအဖွဲ့ကက ဖမ်းဆီး သွားကြောင်းသိရသည်။

စစ်တွေမြို့ခံတစ်ဦးက " ဆိပ်ကမ်းမှာ ရပ်ထားတဲ့စက်လှေတွေကို လာပြီးဖမ်းသွားတယ်။  အိမ်ပြန်တဲ့ ကျောင်းသားတွေရော၊ လူတွေ အများကြီးပါသွားတယ်။ နယ်ဖက်ကိုသွားကြတာ။ စစ်တပ်နဲ့ရဲက ဖမ်းသွားတာ" ဟုပြောသည်။

လက်ရှိသတင်းများအရ ပေါက်တောမြို့နယ်နှင့် စစ်တွေမြို့အကြား ရေလမ်းကို အသုံးပြုပြီး သွားလာသူများကို ဒီဇင်ဘာ ၁၃ ရက်နေ့က စပြီး ပစ်မိန့်ထုတ်ထားသည်ဟု သတင်း ကြားရသည်ဟုလည်း ဒေသခံတစ်ဦးက ပြောသည်။

ယခုကဲ့သို့ ကုန်သွယ်ရေး လမ်းကြောင်းများကို ပိတ်ဆို့ထားသဖြင့် ရခိုင်ပြည်နယ် အနှံ့အပြားတွင် ဆန်အပါအဝင် စားသုံးကုန်ပစ္စည်းများပြတ်လပ်နေပြီး တချို့ဒေသများတွင် ဆန်ရှာမရသဖြင့် အငတ်ဘေးကျရောက်နေသူ တစ်ချို့တောင်ရှိနေသည်ဟု ဒေသခံများက ပြောကြားသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကိုလည်း တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိ ရေလမ်းကုန်လမ်းများကို ပိတ်ဆို့ထားသဖြင့် ဆန်အပါအဝင် စားသုံးကုန်ပစ္စည်းများ ပြတ်လပ်နေကြောင်းသိရသည်။   နယ်ကျေးရွာများမှ ကျောက်ဖြူမြို့ပေါ်သို့ ဟင်းသီးဟင်းရွက်လာရောင်းသူ ဒေသခံ အရပ်သား ၃၀ ခန့်ကိုလည်း မြို့ပေါ်သို့ ဟင်းသီးဟင်းရွက်လာရောင်းရမလားဆိုကာ များမကြာမီက ဖမ်းဆီးပြီး ဂတိခံဝန်ချက်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။

လက်ရှိ တိုက်ပွဲတစ်စုံတစ်ရာမရှိဘဲ ရေလမ်းတစ်ခုတည်းကို အားကိုးနေရသည့် မာန်အောင်မြို့နယ်ကို တစ်ခြားမြို့နယ်များမှ သွားလာခွင့်ကို ပိတ်ဆို့ထားသဖြင့် စားသုံးကုန်ပစ္စည်းများ ပြတ်လပ်နေပြီဟု ဒေသခံများက ပြောသည်။

စစ်တွေမြို့မှ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ယခုကဲ့သို့ တိုက်ပွဲဖြစ်နေသည့် ကာလတွင်  သင်္ဘောဖြင့် စစ်တွေမြို့သို့ ယခု သယ်ဆောင်လာသည့် ပစ္စည်းများမှာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးထက် စစ်ကောင်စီတပ်အတွက် အဆောက်အဦများနှင့် ဘန်ကာများဆောက်လုပ်ရန် အတွက်သာဖြစ်နိုင်သည် ဟု ဝေဖန်ပြောကြားသည်။

Most read this week

October 18, 2024
ရခိုင်ပြည်တွင် စပါးစျေးမရသည့်အပြင် ယခင်နှစ် စိုက်ပျိုးရာသီမှ ထွက်ရှိလာသော စပါးများကို ယခုနှစ်...
October 16, 2024
ရခိုင်ပြည်၊မောင်တောမြို့၊ နခခ(၅)တပ်ရင်းအား အာရက္ခတပ်‌တော် (AA)  နေစဉ်ရက်ဆက် ထိုးစစ်ဆင်...
October 15, 2024
ရခိုင်ပြည် တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်၏မြောက်ပိုင်းတွင် တိုက်ပွဲတွေပြင်းထန်နေသည့်အတွက်...
October 14, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့မှ  စစ်ဘေးရှောင်သွားကြသည့်  နေအိမ်များ၏ လူဦးရေစာရင်းကို...