ထိုင်းနိုင်ငံက နယ်စပ်ပြေးလာသည့် စစ်ရှောင်များအား နေရပ်ပြန်ရန် ဖိအားပေးနေဆဲ

ထိုင်းနိုင်ငံက နယ်စပ်ပြေးလာသည့် စစ်ရှောင်များအား နေရပ်ပြန်ရန် ဖိအားပေးနေဆဲ
Karenni Humanitarian Team-KHT
Karenni Humanitarian Team-KHT

ထိုင်း-မြန်မာ နယ်စပ်ကို ထွက်ပြေးရောက်ရှိလာသည့် စစ်ဘေးဒုက္ခသည်များကို ထိုင်းအာဏာပိုင်များက နေရပ်ပြန်ရန် ဖိအားပေး ပြောဆိုမှုများရှိနေသည့်အတွက် ထိုင်းအစိုးရက ဒုက္ခသည်များကို လက်ခံကူညီမည်ဟု ပြောဆိုမှုကို အပြည့် အဝ ယုံကြည်၍ မရသေးကြောင်း ကရင်နီ လူမှုအသင်းအဖွဲ့များက ကွန်ရက် KCSN က ပြောဆိုလိုက်သည်။

ထိုင်း-ကရင်နီနယ်စပ် အပါအဝင် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ စစ်ဘေး ဒုက္ခသည်များအား လက်ခံသွားမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara မှ ဒီဇင်ဘာလ ၃ ရက် နေ့က ပြောကြားလိုက်သည့်အပေါ် ကရင်နီ လူမှုအသင်းအဖွဲ့များက ကွန်ရက် KCSN က ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

ကရင်နီ လူမှု့အသင်းအဖွဲ့များက ကွန်ရက် KCSN က ပြောရေးဆိုခွင့်ရှိသူ ခူးရူဘီ က “ကူညီမယ်ဆိုရင်တော့ ကူညီ ပေးနိုင်တဲ့ အနေအထားရှိတယ်။ လမ်းကြောင်းအရလည်း သိပ်မခက်ခဲဘူးလေ။ ဒါပေမယ့် သူတို့စကားအပေါ်   သွားယုံလို့တော့မရဘူး။ ဘာဖြစ်လဲဆို သူတို့ကိုယ်တိုင်က ဒုက္ခသည်ကို လက်ခံချင်တဲ့ အနေထားမှာတော့ မဟုတ်ဘူးပေါ့။ ဘာဖြစ်လဲဆို သူတို့ကလည်း 1951 Refugee Convention ကို လက်မှတ်ထိုး ထားတာလည်း မဟုတ်တော့လေ။ ဥပဒေအရ သူတို့လက်ခံဖို့ တာဝန်ရှိတော့ ကူညီပေးမယ် ဆိုလည်း အဲ့ဒါဟုတ်လား မဟုတ်လား အားလုံး ယုံလို့မရဘူးပေါ့” ဟုပြောသည်။

ထိုင်းအစိုးရက ဒုက္ခသည် အရေးနှင့် ပတ်သက်ပြီး ယခုကဲ့သို့ ပြောဆိုလာခြင်းသည် ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်း များ၏ တိုက်တွန်းပြောဆိုမှုများကြောင့် ဖြစ်နိုင်သည်ဟု ကရင်နီပြည် ကြားကာလကောင်စီ IEC အတွင်းရေးမှူး ၂ ဦးဗညား က ပြောသည်။

ဒုက္ခသည်များကို လက်ခံသွားမည်ဟု ထိုင်းအစိုးရ၏ ပြောဆိုမှုကို ကြိုဆိုကြောင်းနှင့် နိုင်ငံတကာ အလှူရှင်များကို လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့်အပြင် နယ်စပ်တကြောရှိ စစ်ဘေးရှောင်များကို ကူညီနိုင်ရန်အတွက် နယ်စပ် ဖြတ်ကျော်ခွင့်ကိုလည်း ထိုင်းအစိုးရက ခွင့်ပြုပေးရန်လိုသည်ဟု ဦးဗညား က ဆိုသည်။

၎င်းက “ကျနော်တို့ မျှော်လင့်တာက ဒီစခန်းဖွင့်ရုံနဲ့ မပြီးသေးဘူးပေါ့နော်။ ကျနော်တို့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ကူညီမှုကို လိုလိုလားလား လက်ခံဖို့လိုအပ်တယ်။ ထို့အတူ ဒီစခန်းတွေထဲကို ဝင်ထွက်နိုင်တဲ့ လူသားချင်းစာနာ ထောက် ထားမှုဆိုင်ရာ အကူညီတွေကို ပေးနေတဲ့အဖွဲ့အစည်းတွေ အလွယ်တကူ ဝင်ထွက်နိုင်အောင်လည်း ခွင့်ပြုဖို့လိုအပ် တယ်။ နောက်ပြီး ပွင့်လင်းမြင်သာမှုရှိစွာ သက်ဆိုင်ရာအစုအဖွဲ့တွေရဲ့ လေ့လာမှု ချဉ်းကပ်မှုတွေကိုလည်း လက်ခံပေး ဖို့ လိုအပ်တယ်ပေါ့နော်” ဟု ပြောသည်။

နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးနှင့် ပတ်သက်ပြီး ဦးဗညားက ယခုကဲ့သို့ ဆက်ပြောသည်။

“ထိုင်းနိုင်ငံတွင်း သာမက နယ်စပ်ခြင်းထိစပ်နေတဲ့ ဒေသတော်တော်များများပေါ့ အထူးသဖြင့်ကရင်နီမှာဆိုရင် မယ်စဲ့ တို့ ရှားတောတို့ ဘက်မှာရှိနေတဲ့ စစ်ဘေးရှောင် နယ်စပ်တကြောမှာရှိနေတဲ့ စစ်ဘေးရှောင်တွေကို ကျနော်တို့ ကူညီ ပံ့ပိုးမှုတွေ လုပ်နိုင်ဖို့အတွက် ထိုင်းနိုင်ငံအစိုးရအနေနဲ့လည်း Humanitarian assistance လို နယ်စပ်ဖြတ်ကျော် ခွင့် ပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ကျနော်တို့ ပိုမိုထိရောက်မှုရှိသော ထိုင်းနိုင်ငံအစိုးရရဲ့ လူသားချင်းစာနာ ထောက် ထားမှု အစီအမံ ဖြစ်လိမ့်မယ်လို့ ကျနော်တို့ ပြောလိုပါတယ်။ အဲဒီအတွက်ကြောင့်မလို့ ထိုင်းနိုင်ငံအစိုးရ အနေနဲ့ နယ်စပ်တစ်လျောက်မှာရှိနေတဲ့ စစ်ဘေးရှောင်တွေကို Humanitarian Assistance တွေကို ပေးနိုင်ဖို့၊ ရယူနိုင်ဖို့ အတွက် နယ်စပ်မှာ လူသားချင်း စာနာထောက်ထားတဲ့ လမ်းကြောင်းတွေ Border တွေ ဖွင့်ပေးဖို့ လိုအပ်လိမ့်မယ်လို့ ကျနော့် အနေနဲ့ တိုက်တွန်းလိုပါတယ်ဗျ။”

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် စစ်ရေး ပဋိပက္ခများကြောင့် ဒေသခံများမှာ ရပ်ရွာကို စွန့်ခွာကာ စစ်ဘေး ရှောင်နေကြရပြီး နေထိုင်စားသောက်ရေးအပြင် အဖက်ဖက်က အခက်အခဲများကို ရင်ဆိုင်နေကြရသည်။

ထိုသို့ ထွက်ပြေးတိမ်းရှောင်လာသူများထဲတွင် အချို့မှာ ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာကြပြီး နေထိုင်ရန် နေရာ အတည်တကျမရှိခြင်း၊ စားနပ်ရိက္ခာအတွက် စိုးရိမ်ပူပန်ရခြင်း၊ ထိုင်းဖက်ခြမ်းသို့ ဝင်ရောက်နေထိုင်ပါက ဖိအားပေး မောင်းထုတ်ခံရခြင်း အစရှိသည့် စိန်ခေါ်မှုများကို ကြုံတွေ့နေကြရသည်။

ထိုအနေအထားများကြောင့် ထိုင်းအစိုးရ အနေဖြင့် စစ်ပြေးဒုက္ခသည်များကို လက်ခံမည် ဆိုသည့် ပြောဆိုမှုကို အမှန် တကယ် အကောင်အထည်ဖော်ရန် မျှော်လင့်သည်ဟု ခူးရူဘီက ပြောသည်။

“အဲ့လို အမှန်တကယ်ဖြစ်လာရင်တော့ ဒါကတော့ ကျနော်တို့ ဒုက္ခရောက်တဲ့ပြည်သူအတွက် အများကြီး ဝမ်းသာစရာ ဖြစ်တာပေါ့။ ဘာဖြစ်လဲဆို တစ်ချိန်လုံးပြည်တွင်းမှာပဲ ပုန်းရှောင် တစ်နေရာပြီး တစ်နေရာ ထွက်ပြေး ရတဲ့သူတွေ အများကြီးရှိတယ်။ စခန်းဆို သုံးလေးငါးခါ ပြောင်းတဲ့သူတွေရှိတယ်ဆိုတော့ သူတို့ ဒီလိုမျိုး လက်ခံတယ်ဆိုရင်တော့ အနည်းဆုံးတော့ နေရာအတည်တကျ ရှိသွားမယ်။ လုံခြုံမှုအရလည်း ပိုလုံခြုံသွားမယ်။ ထပ်ပြေးစရာမလိုတော့ဘူး အမှန်တကယ်ဆိုရင်တော့ လူထုအတွက် ဝမ်းသာစရာ ဖြစ်တယ်ပေါ့။”

ထိုင်းအစိုးရအနေဖြင့် လက်ရှိဖြစ်ပွားနေသည့် မြန်မာနိုင်ငံ၏ အခြေအနေများကို စောင့်ကြည့်နေပြီး အခြေအနေ ပိုမို ဆိုးရွားလာပါက ထိုင်း-မြန်မာနယ်စပ်ကို ရောက်ရှိနေသည့် စစ်ဘေး ဒုက္ခသည်များအား လက်ခံရန်အသင့်ရှိ နေကြောင်း ပြောကြားထားသည်။

UNHCR ၏ စာရင်းအရ ထိုင်း မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုတွင် လူဦးရေ ၉၁၃၃၇ ဦး ခိုလှုံနေကြရပြီး စစ်ပွဲများ ကြောင့်လူဦးရေ ၁.၅ သန်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု ဖော်ပြထားသည်။

October 18, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းတွင် မိုးဦးရာသီမှ စတင်ဖြစ်ပွားခဲ့သည့် ရာသီတုပ်ကွေး...
October 18, 2024
ကချင်ပြည်၊ ဖားကန့်ဒေသက သတင်းထောက် ၂ ဦးကို ဖမ်းဆီးထားသည်ဆိုသည်မှာ ဟုတ်မှတ်သည်ဟု ကချင်လွတ်လပ်ရေး...
October 16, 2024
သတင်းနှင့် မီဒီယာ ကွန်ရက် ၊ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၅ ရက်ကရင်နီပြည် ဖားဆောင်းမြို့နယ်နှင့်...
October 14, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၄ ရက်။တနင်္သာရီတိုင်းရှိ  ရေဖြူတံတားစစ်ဆေးရေးဂိတ်...