မင်းပြားမြို့နယ်တွင် စစ်ကောင်စီတပ်စခန်းနှစ်ခု တပ်ဆုတ်ထွက်ပြေး

မင်းပြားမြို့နယ်တွင် စစ်ကောင်စီတပ်စခန်းနှစ်ခု တပ်ဆုတ်ထွက်ပြေး
မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာ။ (ဓာတ်ပုံ - Google Earth)
မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာ။ (ဓာတ်ပုံ - Google Earth)

ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာရှိ တောင်ဖြူတောင်နှင့် အောင်မင်္ဂလာတောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်စခန်းနှစ်ခုမှ တပ်ဖွဲ့ဝင်များမှာ စခန်းစွန့်ခွာသွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်တပ်စခန်းနှစ်ခုမှ တပ်ဖွဲ့ဝင်အင်အား ၁၀၀ ကျော်မှာ ဒီဇင်ဘာလ ၁၂ ရက် ညအချိန်တွင် လေးမြို့မြစ်ကို ဖြတ်၍ မြောက်ဦးမြို့ဘက်သို့ ထွက်ပြေးသွားကြောင်း ပန်းမြောင်းဒေသခံများက ပြောသည်။

“မနေ့က ညအချိန်မှာ မြောက်ဦးဘက်ကို စက်လှေနဲ့ကူးကြတယ်။ အဲဒီအချိန်မှာ နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားတာလည်းရှိခဲ့တယ်။ အခုတော့ စစ်ကောင်စီတပ်သားတွေ ရွာမှာမရှိတော့ဘူး” ဟု ပန်းမြောင်းကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ပန်းမြောင်းတောင်ပေါ်ရှိ စစ်ကောင်စီတပ်သားများမှာ စခန်းမစွန့်ခွာမီ ဒီဇင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းက လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး ထိုပစ်ခတ်မှုကြောင့် မြောက်ဦးမြို့နယ်၊ ဂုဏ်ကျွန်းကျေးရွာအနီး ကျရောက်ကာ ဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

တောင်ဖြူတောင်ပေါ်မှ စစ်ကောင်စီတပ်သား ၇၀ ခန့်မှာလည်း ယမန်နေ့က ပန်းမြောင်းကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ဒေသခံ ၆ ဦးကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ကာ ၎င်းတို့မထွက်ခွာမီ ပြန်လွှတ်ပေးခဲ့သည်။

“သူတို့ကို ည ၁၁ နာရီလောက်မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ မျက်နှာနဲ့လက်မှာ ဒဏ်ရာတွေ တွေ့ရတယ်” ဟု ပန်းမြောင်းကျေးရွာမှ နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

ဒီဇင်ဘာလ ၁၁ ရက် မွန်းလွဲပိုင်းမှစ၍ စစ်ကောင်စီက ရဟတ်ယာဉ်တစ်စီးနှင့် ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ပန်းမြောင်းရွာအနီးဝန်းကျင်ကို ပစ်ခတ်မှုများပြုလုပ်ခဲ့၍ ဒေသခံအများစုမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ လက်ရှိမှာ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာသွားပြီဖြစ်၍ ထွက်ပြေးနေသူ တစ်ဝက်ခန့်မှာ ယနေ့တွင် ကျေးရွာသို့ ပြန်လည်ရောက်ရှိလာကြသည်။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲတစ်လတာအတွင်း ရခိုင်ပြည်အတွင်းရှိ စစ်ကောင်စီ နယ်ခြားစောင့်ရဲကင်းစခန်း ၄ ခုနှင့် ပလက်ဝရှိ ဗျူဟာကုန်းကြီး ၂ ခုကို တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်သားများ စွန့်လွှတ်ထားခဲ့သည့် စခန်းအများအပြားကိုလည်း သိမ်းပိုက်ထားကြောင်း AA က ထုတ်ပြန်ထားသည်။

Most read this week

October 18, 2024
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အောင်မင်္ဂလာကျေးရွာကို အောက်တိုဘာ ၁၆ ရက်၊...
October 16, 2024
ရခိုင်က မြို့နယ်အားလုံးတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ လုံးဝပြတ်တောက်နေသောကြောင့် ဒေသအတွင်း...
October 15, 2024
ရခိုင်ဒေသကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစ၍ စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားသလို...
October 14, 2024
အမ်းမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်နေသည့်အတွက် ကျေးရွာပေါင်း ၁၀...