လောင်စာဆီ ပြတ်လပ်မှုအပေါ် သူတို့အသံ

လောင်စာဆီ ပြတ်လပ်မှုအပေါ် သူတို့အသံ

မြန်မာပြည်တွင်း မြို့ကြီးများတွင် လောင်စာဆီပြတ်လပ်နေသည့် အလားတူပင် ကရင်ပြည်နယ်တွင်လည်း ဓာတ်ဆီဆိုင်တစ်ချို့ပိတ်ထားပြီး လိုအပ်သလောက်ဝယ်ယူ၍မရရှိတော့သည့်အတွက်ကြောင့် ပြည်နယ်တွင်း ယာဉ်မောင်းသမားများနှင့် အခြေခံလက်လုပ်လက်စားသမားများ၏ အခက်အခဲ စိန်ခေါ်မှုများကို ယခုလိုပဲဆက်သွယ်မေးမြန်းထားပါသည်။

ဖားအံမြို့တွင်း ဆိုင်ကယ်တက္ကစီမောင်းသူတစ်ဦး

ဆီဆိုင်တွေကတော့ ဆိုင်တိုင်းပိတ်ထားတယ်။ မနက်ကတော့ DENKO ဆိုင်က တစ်ချက်ဖွင့်ပေးတယ်။ တန်းစီပြီးတော့ သွားစောင့်နေရတယ်။ အဲ့တာတောင်မှ ဆိုင်ကယ်ဆို ၃ ထောင်ဖိုး၊ ကားဆိုရင် ၂ သောင်းဖိုးပဲရတယ်။ တစ်ခြားဆီ ဆိုင် အသေးတွေတော့ အကုန်ပိတ်ထားတယ်။ ဖားမဲတောင်အောက်က ဆိုင်ရော ပိတ်တယ်။ မြို့ပြင်မှာဆိုလည်း မချောစု ဆိုင်တစ်ဆိုင်ပဲရတယ်။ အခုဆီက မရတော့ဘူး။

ဆီမရဘူးဆိုတော့ တက္ကစီတွေလည်းစျေးပိုတောင်းရတယ်လေ။ အရင်က ခရီး တစ်ထောင်တန်တဲ့နေရာမှာ အခု ၂ ထောင်လောက်ထိတောင်းရတယ်။ ပြီးတော့ ဒီဆီအခက်အခဲကြောင့် မနက်ပိုင်းတစ်ချက်မောင်းပြီးလို့ရှိရင် ဆီကုန် တာနဲ့ရပ်လိုက်ရတော့မယ်။ ညနေပိုင်းသူများဆီ ပြန်ရောင်းမှာပဲ သွားထိုင်စောင့်ပေါ့။ ဘယ်လိုပြောမလဲ အမြဲတမ်း ဆီကုန်တာနဲ့ သွားဖြည့်လို့မရတော့တဲ့ အတွက်ကြောင့်မို့ မောတယ်။

တကယ်လို့ ကိုယ်ထည့်ထားသလောက် ကုန်သွားပြီးဆိုရင်နားရပြီး။ ဆိုင်တွေဖွင့်တာ နားစွင့်ပေါ့။ ဖွင့်တာနဲ့အဲ့မှာ သွား တန်းစီပေါ့။ တစ်ချို့ကျတော့လည်း ဆီပုံးနဲ့ ၂ သောင်းဖိုးလောက်ဝယ်ထားပြီးတော့ ၅ လီတာပုံးလေးတွေနဲ့ စုစောင်းထား တာတွေတော့ရှိတာပေါ့။ အခုနောက်ပိုင်းက အခက်အခဲကတော့ အကုန်လုံးရှိကြပြီးပေါ့။ ဆိုင်ကယ်သမား တွေလည်း စျေးပို တောင်း ရသလို စီးတဲ့သူတွေအတွက်လည်းစျေးတွေက မြင့်တက်ကုန်တာပေါ့။  ကုန်စျေးနှုန်းတက်တာ က တစ်မျိုး ဆီကမရတာတစ်မျိုးနဲ့ တော်တော် ခက်ခဲလာပြီး။ လမ်းခရီးတစ်ခုသွားလိုက်ပြီး ထားပါအုံး ပြန်လာလို့ ဆီဖြည့်ဖို့ ဆိုင်ပိတ်ထားတယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ သူတို့ဖွင့်တဲ့အခါပဲ သူတို့ရောင်းပေးတယ်လေ။ ၃ ထောင်ဖိုးထည့် ပြီး မြို့ထဲ ပြန်ရောက်ရင် ပြဿနာမရှိဘူး။ မရောက်လို့ ရှိရင် လမ်းမှာ ပြဿနာဖြစ်ပြီးလေ။

မြဝတီ−ဖားအံ ယာဉ်မောင်းတစ်ဦး

စိန်ခေါ်မှုလည်း တော်တော်များလာသလို ခက်ခဲမှုတွေလည်းအများကြီးရှိလာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဓာတ်ဆီက ပိုက်ဆံပေးပြီးတော့ဝယ်တောင်မှ တန်းစီရတဲ့အနေအထားမျိုး ဖြစ်နေပြီး။ ဒါပေမဲ့ မြဝတီတို့တော့ သိပ်ပြီးမဖြစ်သေးဘူး။ မော်လမြိုင်တို့ အဲ့ဒီအောက်ဘက်ခြမ်းတွေကတော့ ညတုန်းကကျနော် ကားတစ်စီး ဆီထည့်ဖို့တောင်မှ တန်းစီရတယ်။ ဓာတ်ဆီတောင်မှ Limit နဲ့ပဲ သူတို့ပေးတယ်။ ဆီစျေးနှုန်းကြီးပေမဲ့ လမ်းကြောင်းက ရှောရှောရှူရှူနဲ့သွားလို့ရရင်တော့ တစ်မျိုးပေါ့။ အဲ့လိုသွားလို့မရဘူးဆိုရင် စျေးနှုန်းကြီးမယ်၊ ဟိုပစ္စည်းပိတ်မယ်၊ ဒီပစ္စည်းပေးသွားတယ်နဲ့ အဲ့ဒီအပေါ်မှာ ကျနော်တို့တွေက ဒီအချိန်မှာဘာမှကို လုပ်စားလို့မရဘူးဖြစ်တယ်။ ဒီလမ်းကြောင်း တစ်ခုထဲကိုပဲ မှီခိုစားသောက်နေကြရ တာ များတယ်လေ။

ဒါပေမဲ့လည်း ပြည်သူထဲကပြည်သူတစ်ယောက်ပဲဆိုတော့ ရပ်လို့ ရပါတယ်။ တိတိကျကျနဲ့ ထိထိရောက် ရောက်ဖြစ် စေချင်တယ်။ ကျနော်တို့နယ်စပ်မှာက ခဏလေးကျရင် ဟိုနားပစ်လိုက်ပြန်ပြီး ဒီနားပစ်လိုက်ပြန်ပြီး။ ပြီးလို့ရှိရင် လမ်းတွေက ၁၀ ရက်ပိတ်တယ်၊ ၁၅ ရက်ပိတ်တယ်၊ ခဏခဏပိတ်တယ်။ ခဏခဏဖွင့်တယ်ဆိုတော့ ကျနော်တို့မှာ ဘာကိုလုပ်လို့ လုပ်ရမှန်းမသိဘူး။ လမ်းကတစ်ခါပိတ်လို့ ပြန်ဖွင့်လို့ရှိရင် ဆီစျေးနဲ့ ကုန်ကျစရိတ်တွေနဲ့ သွားလာဖို့ လမ်းကြောင်းတွေ ဌာနဆိုင်ရာ ဂိတ်တွေက ကျနော်တို့ကို နှစ်ဆနှစ်ဆ ကောက်တယ်။ နောက်ဆုံးတော့ ကျနော်တို့ကား သမားတွေလည်း လုပ်စားရ ခက်တယ်။ ပြည်သူတွေလည်းလုပ်စားရခက်တယ်။

မြဝတီမြို့ရှိ ပစ္စည်းသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတစ်ဦး

အခက်အခဲကတော့ တော်တော်များတယ်။ ကျနော်တို့ဆိုရင် လောလောဆယ်ဆယ်မှာ ပစ္စည်းတွေက မသွားတဲ့ပုံစံအနေ အထားမျိုးတောင်ဖြစ်နေတယ်။ ကားဂိတ်တွေကလည်း လက်မခံဘူး။ ဘယ်လိုပြောမလဲ မြဝတီကို ပို့ရတဲ့ ဆိုင်ပစ္စည်း တွေလောက်ပဲ ရတာပေါ့။ အောက်ဆင်း ဂိတ်ချတဲ့ပစ္စည်း မန္တလေးပစ္စည်း ဘယ်ဂိတ်မှလက်မခံဘူးဆိုတော့ မသွားရ တဲ့အနေအထားလောက်တောင် ဖြစ်သွားတယ်။ မြဝတီမှာက မနေ့တုန်းကပဲ ၃ လုံးပေါက်တယ်။ ပြည်သူတွေကလည်း ကြောက်နေကြတာပေါ့။ ပစ္စည်းပဲဝယ်လှောင်ရမလား၊ ပြေးရမလား။ မြဝတီကကုန်စုံ ဆိုင်တွေဆိုကလည်း အောက်ကနေ အတက်ရှိမှာပဲ မဲဆောက်ထဲဝင်ဝယ်လို့မရတဲ့ ပစ္စည်းတွေလောက်ပဲ ရောင်းရတာလေ။ လမ်းကြောင်းပိတ်သွားတော့ ဘာမှလုပ်လို့မရတဲ့အနေအထားဖြစ်တာပေါ့။

အခုသူတို့က ပစ္စည်းတွေကို ပေးမသွားဘူး။ ထို့ကော်ကိုးလမ်းကနေ လူလောက်ပဲ သူတို့ပေးသွားတယ်။ ဘယ်အဖွဲ့ အစည်းက သတ်မှတ်လို့သတ်မှတ်မှန်းမသိဘူး ဖြစ်နေတယ်။ ဘယ်လိုပြောမလဲ သူတို့ကပစ္စည်းကို အနည်းအကျဉ်း လောက်ပဲ တစ်ကိုယ်ရေစာပေးတယ်။ လူချည်းပဲ ပေးသွားတဲ့ အနေအထားမျိုးမှာ သက်ရောက်တယ်။ ဖြစ်တာကတော့ ကော့ကရိတ်မှာ တိုက်ပွဲစဖြစ်တဲ့ရက်ကတည်းကပေါ့။ အခုအချိန်ဆိုရင် တစ်ပတ်လောက်တော့ရှိပြီ။

တိုက်ပွဲစဖြစ်ကတည်းက လမ်းကိုပိတ်တယ်။ တိုင်းပြည်မငြိမ်သက်တဲ့အပေါ်မှာ ကျနော်တို့သွားနေ ပို့နေတဲ့ပစ္စည်းတွေက ယခင့်ယခင်ကတည်းက ပုံမှန် အတိုင်းပဲသွား နေကြတဲ့ပစ္စည်းတွေပဲ။ အီလက်ထရောနစ်ပစ္စည်းတွေလည်းပါမယ်။ စားစရာတွေ လည်းပါမယ်။ စားကုန်သောက် ကုန်ပစ္စည်းတွေ လည်းပါမယ်။ ကျနော်တို့ဆီမှာ ပို့တဲ့ပစ္စည်းတွေက ကုန်ခြောက်တွေကများတယ်။ ကုန်စိမ်းတွေ ကျတော့ အနည်းအကျင်းလောက်ပဲပေါ့နော်။  အဲ့လိုအီလက်ထရောနစ် ပစ္စည်းဆိုရင် ဒရုန်းနဲ့ဆက်စပ်တဲ့ ပစ္စည်းဆိုပြီး သူတို့က နေရင်းထိုင်ရင်းနဲ့ကို အကန့်အသတ်တွေများတယ်။ မပေးသွား တာမျိုးတော့မဟုတ်ဘူး။ ဒါပေမဲ့ပိုက်ဆံတောင်းတယ် ငွေညှစ်တယ်။ ရှေ့ဆက်ပြီးတော့ လနဲ့ချီပြီးခုလိုပဲ ဖြစ်နေမယ်ဆိုရင် ပြည်သူတွေလည်း တော်တော်ဒုက္ခရောက်ကြမယ်။

ဖားအံမြို့ခံ ကုန်စိမ်းရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦး

အခုဒီမှာ ကိုင်းရာသီ ကိုင်းသီးတွေပေါပြီးဆိုရင် အခုကိုင်းသီးတွေလည်း စျေးမရဘူး။ ကုန်စီးဆင်းမှုတွေက ဟိုဘက်ကို လည်းမသွားဘူးဆိုတော့ အရင်နှစ်ထောင်ကျော်လောက်ရတဲ့စျေးဆိုရင် အခုဆို ၁ ထောင်လောက်ပဲ ရတော့တယ်။ ဘန်ကောက်ဘက်ကို ပစ္စည်းမပို့ရတဲ့အခါကျတော့ ပစ္စည်းတွေက ဒီမှာပဲ ပုံနေတော့ စျေးလျှော့ပြီးတော့ရောင်းကြတယ်။ ကိုင်းသမားတွေလည်း သူတိုအတွက်မကိုက်ဘူး။ သူတို့မှာလည်း စိုက်လာတာ ရင်းလာတာ တစ်ရာသီကို သိန်း ၂၀ ကျော် အထိရင်းထားရတာဆိုတော့ အကုန်လုံးက အကြပ်အတည်းတွေဖြစ်ကုန်ရော။ ရေလောင်းဖို့ ဓာတ်ဆီဝယ်ရ ပိုးသတ် ဆေးဖြန်းလိုက် အစစအရာရာလိုက်လုပ်နေရတယ်။ ကုန်စည်းဆင်းမှုလေးတွေ ရှိနေသေးရင် တစ်မျိုးပေါ့။ အခုကုန်စည်းဆင်းမှုလည်း မရှိဘူး။ အကုန်လုံးရပ်ထားတဲ့ဆိုတော့ ဒီကုန်တွေက ဘယ်မှမသွားဘူးဒီမှာပဲ။ ထွက်ရင်လည်းခူး မခူးရင်လည်းပုပ်မယ်လေ။ စပါးတွေဆိုရင် ဘီလူးကျွန်းဘက်မှာ ဆန်စက်တွေရှိတော့ ဦးတို့ အသိတစ်ယောက်က ဆန်ယူမလားတဲ့ တစ်အိတ်ကို ၆ သောင်းကျော်ကျော်လောက်တော့ ကျမယ်တဲ့။ အခုဒီမှာတောင်မှ ၈ သောင်းကျော်နေပြီးဆိုတော့ သူက ဒီကနေ ၆ သောင်းကျော်နဲ့ စရံချထား ပေးလိုက်တာ ဟိုမှာသွားယူတဲ့အခါကျတော့ ၇ သောင်းကျော်သွားပြီး။ ဒါပေမဲ့ သူက ၆ သောင်းကျော်နဲ့ စရံဖြတ်ထားတယ်ဆိုတော့ ၆ သောင်းကျော်နဲ့ရခဲ့တယ်။ ဘီလူးကျွန်းမှာ ဆန်စက်တွေလည်း လည်ပတ်မှုမရှိတော့ဘူးတဲ့။ ရှိတဲ့စပါးတွေကိုပဲ တိုင်ကီထဲမှာ ထည့်လှောင် ထားပြီးတော့ ဘီလူးကျွန်းရွာအတွက်ပဲ လုံလုံလောက်လောက်ထားထားတော့တယ်။ ဘယ်သူမှ သူတို့မရောင်း ပေးတော့ဘူး။

October 18, 2024
မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်အနီးရှိ  စစ်ကောင်စီ၏  စွယ်တော်ကုန်း  (...
October 16, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇)နယ်မြေ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ပေါင်ကျေးနယ်...
October 16, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘိတ်ခရိုင်၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာဘက်သို့...
October 15, 2024
သန်းခေါင်စာရင်းကောက်ယူပြီးနောက်ပိုင်း ရွေးကောက်ပွဲအကြိုဆိုင်ရာ လုပ်ငန်းစဉ်ကဏ္ဍများတွင်...