မော်လမြိုင်-ရန်ကုန်ကားလမ်းတလျှောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ငွေကြေးတောင်းခံမှုပိုမိုဆိုးရွားလာ

မော်လမြိုင်-ရန်ကုန်ကားလမ်းတလျှောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ငွေကြေးတောင်းခံမှုပိုမိုဆိုးရွားလာ

လုံခြုံရေးအကြောင်းပြချက်နဲ့ မော်လမြိုင်-ရန်ကုန်ကားလမ်းတလျှောက်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ငွေကြေးတောင်းခံမှုပိုမိုဆိုးရွားလာသလို တပ်ရှေ့ထွက်ပြီးငွေကြေးတောင်ခံမှုတွေပါ ရှိလာတယ်လို့ ခရီးသွားတွေနဲ့ ယာဉ်မောင်းတွေကသံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီဟာအာဏာသိမ်းပြီးနောက် မော်လမြိုင်-ရန်ကုန်ကားလမ်းတလျှောက်မှာလုံခြုံရေးအကြောင်းပြချက်နဲ့ စစ်ဆေးရးဂိတ် ၁၀ ခုထက်မနည်းတိုးချဲ့ဖွင့်လှစ်ထားပြီးခရီးသွားပြည်သူတွေနဲ့ ခရီးသွားကားတွေမှာငွေကြေးတောင်းခံတာတွေလုပ်ဆောင်နေတာပါ။

အခုနောက်ပိုင်းမှာတော့ မော်လမြိုင်-ရန်ကုန်ကားလမ်းတလျှောက်ရှိစစ်ကောင်စီရဲ့အခြေစိုက်တပ် ရင်းတွေကလည်းတပ်ရင်းအရှေ့ထွက်ပြီးကားတစ်စီးကိုကျပ် ၁၀၀၀ ကနေကျပ် ၅၀၀၀ အထိတောင်းခံတာတွေရှိလာတာဖြစ်ပါတယ်။

ခရီးသွားပြည်သူတစ်ဦးကတော့ လုံခြုံရေးအကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်တွေရဲ့ တပ်အရှေ့ထွက် ငွေကြေးတောင်းခံမှုတွေကြောင့် အခက်အခဲမျိုးစုံရင်ဆိုင်နေတယ်လို့ ပြောပါတယ်။

“လုံခြုံရေးအကြောင်းပြပြီးတော့ ပိုက်ဆံတောင်းတဲ့ ဂိတ်တွေပိုများလာတယ်။ ရှိသမျှဂိတ်အကုန် တောင်းတာနော် မယုံမရှိနဲ့။ နောက်ဆုံးတပ်ရှေ့ကကောင်တွေကပါ ဘယ်လောက်ထိလဲဆိုလမ်းမပေါ်မှာလုံခြုံရေးအကြောင်းပြပြီးတော့ သေနတ်နှစ်လက်သုံးလက်လွယ်ပြီးတော့ အရပ်ဝတ်တွေနဲ့ ဘောင်းဘီတိုတွေနဲ့ PDFလိုလိုတပ်ကလိုလိုနဲ့ တောင်းတယ်ကွာ။ တပ်တွေကလည်းလုံခြုံရေးအကြောင်းပြပြီးတော့ တပ်ရှေ့တွေမှာပါထွက်ပြီးတော့ ပိုက်ဆံတောင်းကြတော့တာ။ လာသမျှကားတိုင်းကိုပိုက်ဆံပဲထိုင်တောင်းနေတာကွာ။ ကားကြီးလည်းမပေးရင်မသွားနဲ့၊ ကားလေးလည်းမပေးရင်မသွားနဲ့ဆိုပြီးလူမိုက်ပုံစံမျိုးကိုသေနတ်ပြပြီးတောင်းလာပြီ။ သူတို့လုပ်ရတယ်ဆိုတဲ့ အ ချိုးနဲ့ဒဲ့ပဲတောင်းတယ်။ ရှိသမျှ လူအကုန်လုံးကဒဲ့ပဲပေါ်တင်တွေကြီးပဲပိုက်ဆံတွေတောင်းကြတာ။ အဲဒီလိုတွေတောင်းတဲ့အခါကျတော့ ပြည်သူတွေရဲ့ ကုန်စည်စီးဆင်းမှုကဘယ်လိုလုပ် ချောတော့မလဲကွာ”လို့ ဆိုပါတယ်။

ငွေကြေးတောင်းခံရာမှာစစ်ကောင်စီတပ်တွေကအိမ်စီးကားတစ်စီးကိုကျပ် ၁၀၀၀ နှုန်းတောင်းခံတာရှိသလိုကုန်ပစ္စည်းတင်ဆောင်လာတဲ့ မော်တော်ယာဉ်တွေကိုကျပ် ၃၀၀၀ ကနေ ၅၀၀၀ အထိတောင်းခံတာတွေရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ကငွေကြေးတောင်းခံရာမှာအသွားရောအပြန်ရောတောင်းခံတာတွေရှိနေသလိုပိုက်ဆံမပေးတဲ့ မော်တော်ယာဉ်တွေကိုအကြောင်းအမျိုးမျိုးပြပြီးအချိန်ကြာမြင့်စွာစစ်ဆေးတာတွေရှိနေတယ်လို့ ခရီးသွားတွေရဲ့ ပြောပြချက်အရသိရပါတယ်။

ယာဉ်မောင်းတစ်ဦးကလည်းမော်လမြိုင်-ရန်ကုန်ကားလမ်းတလျှောက်ရှိစစ်ဆေးရေးဂိတ်တွေမှာပိုက်ဆံမပေးရတဲ့ ဂိတ်မရှိသလိုအနည်းဆုံးအသွားတခြမ်းမှာပဲကျပ်ခုနှစ်သောင်းလောက် ကုန်ကျနေရတယ်လို့ သံလွင်တိုင်းမ်ကိုပြောပါတယ်။

“မပေးရတဲ့ ဂိတ်ကတော့မရှိဘူး။ စစ်တပ်ဂိတ်တွေမှန်သမျှတော့ အကုန်လုံးပေးရတာကြီးပဲ။ ပစ္စည်းပါသည်ဖြစ်စေ၊ ခရီးသည်ပါသည်ဖြစ်စေပုံမှန်ကတော့ တောက်လျှောက်တော့ ပေးရတာပါပဲ။ ရဲလည်းပေးရတာပါပဲ၊ ကျွန်တော်တို့ဒီတပ်တွေလည်းပေးရတာပဲ။ ရဲဘော်တွေလည်းပေးရတာပဲ။ (၃)လမ်းဆုံထိကတောက် လျှောက်ပေးရတယ်။ (၃)လမ်းဆုံရောက်မှဂိတ်ဆုံးတာပေးရတာက၊ (၃)လမ်းဆုံအထိဆိုရင် ကျွန်တော်တို့ကအနည်းဆုံး ၇သောင်းလောက် ကုန်တယ်။ အဲဒါအသွားအပြန် အသားလွတ်တွေပေးရတာ။ အခုဒီနောက်ပိုင်းတော့ တဖြည်းဖြည်းနဲ့တော့ ဆိုးဆိုးလာတယ်။ အဲဒီလောက်ထိကျပ်သွားတာ”လို့ ဆိုပါတယ်။

စစ်ခေါင်ဆောင်ကတော့ ကုန်ဈေးနှုန်းကြီးမြင့်နေရတာဟာလမ်းခရီးမှာရှိတဲ့ ဂိတ်တွေမှာမလိုလားအပ်တဲ့ ကုန်ကျစရိတ် ရှိနေတာကြောင့်ဖြစ်ပြီးမလိုလားအပ်တဲ့ ကုန်ကျစရိတ်မရှိစေဖို့အတွက် ပြည်နယ်နဲ့တိုင်းအလိုက် တာဝန်ရှိသူတွေအလေးထားကြပ်မတ်ဖို့ ပြီးခဲ့တဲ့ ဇွန်လအတွင်း ညွှန်ကြားထားတာပါ။

ဒါပေမယ့် သူရဲ့အောက်ခြေတပ်ဖွဲ့ဝင်တွေကလိုက်နာမှုမရှိသလိုလက်နက်ပြပြီးငွေကြေးတောင်းခံတဲ့ အခြေအနေမျိုးဖြစ်လာတယ်လို့ ခရီးသွားပြည်သူတွေကပြောဆိုပါတယ်။

မော်လမြိုင်-ရန်ကုန်ပြည်ထောင်စုကားလမ်းဟာမွန်ပြန်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းကခရီးသွားပြည်သူတွေနဲ့ ကုန်ပစ္စည်းတင်ပို့သူတွေအဓိကအသုံးပြုနေတဲ့လမ်းဖြစ်ပြီးနေ့စဉ် ကားအစီးရေထောင်နဲ့ချီသွားလာနေတာဖြစ်ပါတယ်။

သတင်း - သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Most read this week

October 19, 2024
မွန်ပြည်နယ် မိုးစပါးရိတ်သိမ်းချိန်ကာလ  အချိန်မီစပါးရိတ်သိမ်းနိုင်ဖို့အတွက်...
October 15, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဒုစစ်ခေါင်းဆောင် ညွှန်ကြားချက်ကြောင့်...
October 14, 2024
မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာ ပင်လယ်ပြင်က ငါးဖမ်းလှေတွေနဲ့ ကျားဖောင်တွေမှာ ဝမ်းပျက်ဝမ်း...