တိုက်ပွဲအတွင်း အရပ်ဘက်အဆောက်အအုံတွေကို စစ်ကောင်စီ ဘယ်လိုသဘောထားလဲ

တိုက်ပွဲအတွင်း အရပ်ဘက်အဆောက်အအုံတွေကို စစ်ကောင်စီ ဘယ်လိုသဘောထားလဲ

စစ်မက်ရေးရာမှာ တဖြည်းဖြည်းပြိုကျလာနေတဲ့ စစ်ကောင်စီဟာ တိုက်ပွဲအတွင်း လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေက အရပ်ဘက်ဆိုင်ရာအဆောက်အအုံတွေကနေ ဝင်ရောက်တိုက်ခိုက်လာရင် စစ်ဘက်ဆိုင်ရာအဆောက်အအုံအဖြစ် ပြောင်းလဲသွားမယ်လို့ ထုတ်ပြောလာပါတယ်။

ရခိုင်နဲ့ ကရင်နီပြည်နယ်က တိုက်ပွဲတွေအတွင်း လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေဟာ ပြည် သူပိုင်အဆောက်အအုံတွေအပြင် ပညာရေး၊ ကျန်းမာရေး အဆောက်အအုံတွေကို အကာအကွယ်ယူပြီး တိုက်ခိုက်နေတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စွပ်စွဲပါတယ်။

နိုဝင်ဘာ ၃၀ ရက်နေ့မှာ ကရင်နီပြည်နယ်က လွိုင်ကော်မြို့ရှိ အထက်တန်းကျောင်းအနီးနဲ့ ရခိုင် ပြည်နယ်က ပေါက်တောမြို့ အထက်တန်းကျောင်းနားမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ စပ် လျဉ်းပြီး အရပ်ဘက်ဆိုင်ရာ အဆောက်အအုံတွေအပေါ် စစ်ကောင်စီရဲ့သဘောထားကို ပြောဆိုခဲ့တာပါ။

စစ်ရေးဆိုင်ရာ အခြေအနေနဲ့ ဥပဒေတွေအရ စစ်တပ်အနေနဲ့ အရပ်ဘက်ဆိုင်ရာအဆောက်အအုံတစ်ခုလို့ သတ်မှတ်ထားတဲ့ နေရာတွေဟာ ရန်သူကမိမိတို့ကို မပစ်ခတ်မချင်း အရပ်ဘက်အ ဆောက်အအုံဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ရန်သူကမိမိတို့ကို ဒီအပေါ်မူတည်ပြီး ပစ်ခတ်လာရင်တော့ စစ်ဘက်ဆိုင်ရာအဆောက် အအုံအဖြစ် ပြောင်းလဲသွားမယ်ဆိုပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်တပ်ဝါဒဖြန့် သတင်းစာတွေမှာ အသိပေး ပြောဆိုခဲ့တာပါ။

CDM ဗိုလ်ကြီး လင်းထက်အောင်ကတော့ စစ်တပ်အနေနဲ့ အများပြည်သူနဲ့သက်ဆိုင်တဲ့ အဆောက် အအုံတွေမှာ ဝင်ရောက်နေရာယူပြီး ပြန်ဖျက်ဆီးတာကို ဖုံးကွယ်ချင်လို့ အခုလိုသဘောမျိုး ပြောတာလို့ သုံးသပ်ပါတယ်။

“အဓိကတော့ လွိုင်ကော်မှာ စစ်သုံ့ပန်းတွေမိတာကိုကြည့်ရင် လွိုင်ကော်တက္ကသိုလ်မှာ စစ်တပ်က တပ်စွဲခဲ့တာလေ။ တခြားနေရာမှာလည်း ထိုနည်းလည်းကောင်းပဲ။ အခုဆိုရင် မြို့ပြတွေ ကျောင်းတွေမှာ နေရာယူတယ်၊ ဘုန်းကြီးကျောင်းတွေမှာ နေရာယူတယ်။ ဒါကို ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တော် တော်များများမှာ လူတွေအစုလိုက်၊ အပြုံလိုက်ကိုဖမ်းပြီးတော့ ဘုန်းကြီးကျောင်းမှာ စစ်ဆေးတဲ့ဖြစ်စဉ်တွေ။ ဒီဖြစ်စဉ်တွေအရ ကြည့်မယ်ဆိုရင် မြေပြင်မှာ စစ်တပ်သည် ဘာသာရေးအဆောက် အအုံတွေနဲ့ ကျောင်းတွေ၊ စစ်ပွဲနဲ့ မသက်ဆိုင်တဲ့ နေရာတွေမှာ သူတို့ပဲနေရာယူတယ်။ နောက်ပြီး ဒီလိုနေရာတွေ သူတို့ပဲပြန်ဖျက်ဆီးသွားတယ်။ ဒီလုပ်ရပ်တွေကို ဖုံးကွယ်ချင်တဲ့ သဘောနဲ့ ဒီလိုသ ဘောတရားမျိုး ပြောတယ်ဆိုတာကတော့ ကျွန်တော့်အနေနဲ့ မြင်တယ်”လို့ ဆိုပါတယ်။

သုတေသနအဖွဲ့အစည်းဖြစ်တဲ့ ဉာဏ်လင်းသစ်ရဲ့ အောက်တိုဘာအတွင်း ထုတ်ပြန်ထားတဲ့ အစီရင် ခံစာအရ ၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၃ ခုနှစ် ဩဂုတ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက် ခိုက်မှုကြောင့် ဆေးရုံ ၂၆ ရုံ၊ စာသင်ကျောင်း ၅၄ ကျောင်းနဲ့ ဘာသာရေးအဆောက်အအုံ ၈၆ ခု ပျက်စီးခဲ့ရပြီး အရပ်သား ၆၈၀ ကျော် သေဆုံးခဲ့ရတာပါ။

စစ်ကောင်စီဟာ အာဏာသိမ်းမှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ခုခံတော်လှန်မှုအား ကောင်းပြီး စစ်ရေးပြင်းထန်တဲ့ဒေသအတွင်းရှိ စာသင်ကျောင်းတွေ ဆေးရုံတွေနဲ့ ဘာသာရေးအ ဆောက်အအုံတွေမှာ တပ်စွဲတာတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့ အာဏာသိမ်းမှု သုံးနှစ်ပြည့်လုချိန်မှာတော့ တော်လှန်ရေးအင်အားစုတွေရဲ့ မြို့သိမ်းတိုက်ပွဲစစ်ဆင်ရေးအတွင်း အရေးနိမ့်လာနေတဲ့အပေါ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့ပေါ်ရှိ စာသင် ကျောင်းတွေ တက္ကသိုလ်တွေမှာ စတင်တပ်စွဲလာတာ ဖြစ်ပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားကလည်း စစ်ကောင်စီက အများပြည်သူနဲ့ သက် ဆိုင်တဲ့အဆောက်အုံတွေမှာ နေရာယူပြီး ခံစစ်အနေနဲ့ လုပ်လာတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပစ်ခတ်တိုက်ခိုက်ခံတဲ့ ဖြစ်စဉ်တွေရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်ကောင်စီက အစိုးရအဆောက်အအုံတွေ ကျောင်းတွေ ဘာသာရေးအ‌ဆောက်အအုံတွေမှာ နေ ရာယူပြီး ခံစစ်အနေနဲ့ လုပ်လာတာရှိတယ်။ သေချာတာတစ်ခုကတော့ စစ်ကောင်စီက ဒီအဆောက် အအုံတွေမှာ ခံစစ်လုပ်တဲ့အတွက် ကျွန်တော်တို့ဘက်ကလည်း အဆောက်အအုံတွေကို ပစ်ခတ်တိုက်ခိုက်ရတဲ့ တချို့ဖြစ်စဉ်တွေရှိတယ်။ ဒါက ဘယ်လိုမှ ငြင်းလို့မရဘူး။ ကျွန်တော်တို့ဘက်က အဲဒီလိုမျိုးခံစစ်ယူပြီး တိုက်တာတော့ အခုချိန်ထိတော့ မရှိသေးဘူး”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ကစပြီး ဖြစ်ပွားခဲ့တဲ့ လွိုင်ကော်မြို့တွင်းတိုက်ပွဲမှာ တက္ကသိုလ်အတွင်း ဝင်ရောက် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးအင်အားစုတွေဘက်က အ ပြတ်အသတ်မတိုက်ခိုက်ဘဲ အလံဖြူထောင်ခိုင်းပြီး စစ်သုံးပန်းအဖြစ် ဖမ်းဆီးခဲ့ပါတယ်။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစုရဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းချိန်ကနေ အခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ့အထိ ကရင်နီမှာ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက်အုံ ၄၀ ကျော်၊ စာသင်ကျောင်းပေါင်း ၂၀၊ နေအိမ် ၂၁၉၀ ကျော်နဲ့ ဆေးရုံ၊ဆေးခန်း ၁၄ လုံး ပျက်စီးသွားခဲ့တယ်လို့ ဒီဇင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ ဒေသတွင်း တိုက်ပွဲတွေကိုကြည့်ရင် စစ်ကောင်စီဟာ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံ၊ ဆေးရုံဆေးခန်းတွေနဲ့ အရပ်သားနေအိမ်တွေကို လေကြောင်းတိုက် ခိုက်မှု သိသိသာသာလုပ်ဆောင်နေတာလို့ မြေပြင်အခြေအနေတွေက ဖော်ပြနေတာပါ။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) ရဲ့ အစီရင်ခံစာအရမြန်မာစစ် တပ်ဟာ စာသင်ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းတို့လို အရပ်သားပစ်မှတ်တွေကို ရန်သူပစ်မှတ်အဖြစ် အကြောင်းပြပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ သက်သေအထောက်အထားများစွာ ရရှိထားတယ်လို့ ဩဂုတ် ဒုတိယပတ်မှာ ထုတ်ပြန်ထားပါတယ်။

Most read this week

October 19, 2024
မွန်ပြည်နယ် မိုးစပါးရိတ်သိမ်းချိန်ကာလ  အချိန်မီစပါးရိတ်သိမ်းနိုင်ဖို့အတွက်...
October 15, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဒုစစ်ခေါင်းဆောင် ညွှန်ကြားချက်ကြောင့်...
October 14, 2024
မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာ ပင်လယ်ပြင်က ငါးဖမ်းလှေတွေနဲ့ ကျားဖောင်တွေမှာ ဝမ်းပျက်ဝမ်း...