ရေဇွာမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၄၀ လက်နက်ချ

ရေဇွာမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၄၀ လက်နက်ချ

ချင်းပြည်နယ်၊ မတူပီမြို့နယ် ရေဇွာ   မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၄၀ လက်နက်ချအညံ့ခံခဲ့ပြီး ယင်းတို့ကို စစ်ရေးဆိုင်ရာ လုပ်ထုံလုပ်နည်းအရ ဆက်လက်ကိုင်တွယ်သွားမည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“ရေဇွာမြို့တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၄၀ ဦးကို အရှင်ဖမ်းမိတယ်။ ဖမ်းမိသူတွေထဲမှာ ဘယ်လိုရာထူးတွေ ပါသလဲ မသိရသေးဘူး။ ကျနော်တို့မှာ စစ်သုံ့ပန်းဆိုင်ရာ ဥပဒေရှိပါတယ်။ အဲဒါနဲ့ဆက်လက်ဆောင်ရွက်သွားမယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

ရေဇွာမြို့သိမ်းတိုက်ပွဲကို “ZZLMS စစ်ဆင်ရေး” ဟု အမည်ပေးပြီး ချင်းအမျိုးသားတပ်မတော် CNF/CNA ၏ ဦးဆောင်မှုဖြင့် ZZLMS ညီနောင်ချင်းတပ်ဖွဲ့ဟုခေါ်သော CDF-Zotung, Zophei, CDF- Lautu ၊ CDF- Mara၊ CDF-Senthang နှင့် CDF မတူပီ ပူးပေါင်းတပ်များက နိုဝင်ဘာလ ၂၆ ရက်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယနေ့ နိုဝင်ဘာလ ၂၉ ရက်တွင် ရေဇွာမြို့ကို အလုံစုံသိမ်းပိုက်နိုင်ခဲ့ပြီး CNF/CNA မှ ရဲဘော်တစ်ဦး၊ CDF Zotung မှ ရဲဘော် (၁) ဦး၊ CDF- Mara မှ ရဲဘော် (၁)ဦး၊ CDF-Lautu မှ (၁) ဦး စုစုပေါင်း (၄) ဦးတို့ ကျဆုံးခဲ့သည်၊ တပ်သား ၅ ဦးမှာ မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်မှ ၂ ဦးသေဆုံးကာ စစ်ကောင်စီတပ်သား ၄၀ မှာ လက်နက်ချခဲ့ပြီး ရေဇွာမြို့အထိုင်စခန်းမှ စစ်ကောင်စီ၏ လက်နက်ခဲယမ်းအားလုံးကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် ရေဇွာမြို့ အသိမ်းမခံရရေးအတွက် နိုဝင်ဘာလ ၂၈ ရက် နေ့လည် ၃ နာရီခန့်မှစတင်၍ လေကြောင်း ပစ်ကူအများအပြားဖြင့် ခုခံခဲ့ပြီး ယနေ့ နိုဝင်ဘာလ ၂၉ ရက်တွင်လည်း လေကြောင်းပစ်ကူ အများအပြားဖြင့် ခုခံခဲ့သည်၊

လေကြောင်းတိုက်ခိုက်မှုသည် ယင်း ၂ ရက်အတွင်း ဗုံးကြဲချမှု (၂၀) ဝန်းကျင်ရှိမည်ဟု CDF-Zotung ပြန်ကြားရေးတာ၀န်ခံ ဆလိုင်းဒယ်နီက ပြောသည်။

ရေဇွာမြို့သည် CNA ဦးဆောင်သော ချင်းကာကွယ်ရေးပူးပေါင်းတပ်များက ရိခေါဒါရ်နှင့် လိုင်လင်းပီမြို့ပြီးရင် တတိယမြောက် သိမ်းပိုက်ထိန်းချုပ်လိုက်သော မြို့ဖြစ်သည်။

Most read this week

October 16, 2024
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ထဲက ချင်းရွာများတွင် အရေပြားရောဂါ ကူးဆက်ပြန့်ပွားမှုများ...
October 15, 2024
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ကြားကာလတော်လှန်ရေးတပ်ဖွဲ့ များ အချင်းချင်းကြား၊ ဒေသအသီးသီးရှိ...
October 11, 2024
ချင်းတော်လှန်ရေးအင်အားစုများက နယ်မြေအများစုကို သိမ်းပိုက်စိုးမိုးထားသည့် ချင်းပြည်နယ်တွင်...