ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ စစ်ရေးပြင်းထန်နေမှုကြောင့် ကျေးရွာပေါင်း ၁၀ ကျော်မှ ဒေသခံထောင်ချီမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်။
မောင်တော ၄ မိုင်အုပ်စုမှ ငွေတောင်၊ ရွှေတောင်၊ သာယာကုန်း၊ မကျည်းကုန်း၊ ဈေးတန်း၊ သစ်တောပြင်၊ ရွာသာယာ၊ သီဟိုအေး၊ လေးမိုင်(မွတ်ဆလင်)၊ သာစည်၊ ဝေသာလီ၊ ရွှေဗဟို၊ ကိုင်းကြီး စသည့် ကျေးရွာများမှ ဒေသခံထောင်ချီမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြခြင်းဖြစ်သည်။
နိုဝင်ဘာလ ၂၈ ရက် နံနက်ပိုင်းတွင် အငူမော် - မောင်တော လမ်းရှိ ဗောဓိကုန်း နယ်ခြားစောင့်စခန်းကို AA က ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် အပြန်အလှန် တိုက်ပွဲပြင်းထန်ခဲ့သည်။ ဒေသခံများပြောဆိုချက်အရ ဗောဓိကုန်းစခန်းကို AA က ညနေပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ရွှေဗဟိုကျေးရွာမှ အမျိုးသားတစ်ဦးက “အဲဒီစခန်းကို မတိုက်ခင်ကတည်းက အနီးအနားကဒေသခံတွေ တိမ်းရှောင်နေကြတာ။ မနေ့က ပိုပြီးတော့ တိမ်းရှောင်ကြပါတယ်။ ရွာမှာက လူလတ်ပိုင်းလောက်ပဲ ကျန်ခဲ့ပါတယ်” ဟု ပြောသည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး/ငယ်များဖြင့် ကျေးရွာများအတွင်းသို့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရခြင်းဟု ဒေသခံများက ပြောသည်။
နိုဝင်ဘာလ ၂၅ ရက်က မောရဝတီဗျူဟာကုန်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ကိုင်းကြီး(ရခိုင်)ကျေးရွာမှ အမျိုးသားတစ်ဦးသေဆုံးပြီး၊ သရီကုန်ဘောင်ရွာမှ မိန်းကလေးငယ်တစ်ဦး ဒဏ်ရာရရှိသွားသည်။ နိုဝင်ဘာလ ၂၇ ရက်ကလည်း အောင်သုခကျေးရွာမှ အမျိုးသားတစ်ဦးမှာ အင်ဒင်းအခြေစိုက် နခခ-၆ မှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားခဲ့သည်။
မောင်တောဒေသခံ နောက်တစ်ဦးက “မနေ့က တစ်နေကုန် တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။ ည ၉ နာရီ လောက်အထိ လက်နက်ကြီး/ငယ်တွေ အများကြီး ပစ်တယ်။ ဒီနေ့တော့ လက်နက်သံတွေ မကြားရတောဘူး။ ဗောဓိကုန်း စခန်းကို AA က သိမ်းပိုက်လိုက်ပြီလို့လည်း သိရပါတယ်။ မီးလောင်နေတာကို မြင်ရတယ်” ဟု ပြောသည်။
ဗောဓိကုန်းစခန်းသိမ်းပိုက်မှုနှင့် ပတ်သက်ပြီး အတည်ပြုချက်ရရှိရန် ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခကို DMG က ဆက်သွယ်နေဆဲဖြစ်သည်။
နိုဝင်ဘာ ၂၆ ရက်နေ့ကလည်း မောင်တော ကိုင်းကြီး ရဲကင်းစခန်းကို AA က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်သည်။
ကိုင်းကြီးကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက “ဆွေမျိုးအိမ်မှာနေပြီး စားသောက်နေရတာ ၄ ရက်လောက် ရှိပြီ။ ဒီဘက်မှာက စိုက်ပျိုးရေးလုပ်ကြတာဆိုတော့ ဟင်းသီးဟင်းရွက်က သိပ်မရှားပေမယ့် ဆန်နဲ့ ဆေးဝါးကတော့ အခက်အခဲရှိပါတယ်။ စစ်ကောင်စီက လမ်းဆက်ပိတ်ထားမယ်ဆိုရင် တော်တော်လေး ဆိုးဝါးသွားနိုင်ပါတယ် ” ဟု ပြောသည်။
နိုဝင်ဘာလ ၁၃ ရက်နေ့ကစပြီး တတိယအကြိမ် စတင်ခဲ့သည့် ရခိုင်စစ်ပွဲများအတွင်း ရက္ခိုင့်တပ်တော်(AA)က စစ်ကောင်စီနယ်ခြားစောင့် စခန်း(၄)ခုကို တိုက်ခိုက်သိမ်းပိုက်ထားသည်။