တိုက်ပွဲတွေကြောင့် မွန်ပြည်နယ်မှာ နေရပ်စွန့်ခွာပြောင်းရွှေ့နေထိုင်မှု တိုးမြင့်လာ

တိုက်ပွဲတွေကြောင့် မွန်ပြည်နယ်မှာ နေရပ်စွန့်ခွာပြောင်းရွှေ့နေထိုင်မှု တိုးမြင့်လာ

မွန်ပြည်နယ်အတွင်းမှာ နှစ်ဖက်တိုက်ပွဲတွေအပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တာနဲ့ မလုံခြုံမှု ပြဿနာတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်မှု တိုးမြင့်လာတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။

ဒေသခံပြည်သူတွေဟာ ပွင့်လင်းရာသီကစပြီး တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာ၊ ကျေးရွာတွေထဲ လက်နက်ကြီး မကြာခဏကျပေါက်ကွဲတာ၊ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာ၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရမှာကို စိုးရိမ်တာကြောင့် နေရပ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်လာကြတာပါ။

သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ကောက်ယူထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ အောက်တိုဘာလကနေ နိုဝင်ဘာနောက်ဆုံးအပတ်အထိ မွန်ပြည်နယ်မှာ ပြည်တွင်းနေရပ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်သူ ၂၀,၀၀၀ နီးပါးအထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။

အဲဒီထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကျိုက်မရောမြို့နယ်မှာ ပြည်တွင်းနေရပ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်သူ တစ်သောင်းကျော်၊ စစ်ရေးတင်းမာနေတဲ့ ရေး၊ကျိုက်ထို၊ ဘီလင်းနဲ့သထုံမြို့နယ်တို့မှာ တစ်သောင်းနီးပါး ရှိတယ်လို့ သိရပါတယ်။

ရေးမြို့နယ် ဒေသခံတစ်ဦးကတော့ နယ်မြေမတည်ငြိမ်မှုကြောင့် မြို့ပေါ်တွေမှာတောင် စိုးရိမ်စိတ်တွေကြောင့် ပြောင်းရွှေ့နေထိုင်သူတွေ ရှိလာသလို ကျေးရွာတွေမှာလည်း နေအိမ်တွေနဲ့ခြံတွေကို ရောင်းချပြီး တခြားမြို့ နယ်ထံ ပြောင်းရွှေ့နေထိုင်မှု များလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုမြို့ပေါ်မှာတောင်မှ တချို့စိုးရိမ်းစိတ်များတာပေါ့။ အခြေအ‌နေတွေက သိပ်မကောင်းတော့လို့ ဒီထက်လုံခြုံတဲ့နေရာတွေကို ပြောင်းနေကြတာပေါ့။ တချို့ကလည်း ရောင်းပြီးသွားတယ်။ တချို့ကလည်း ရောင်းမထွက်တော့ ပစ်ပြီးသွားလိုက်တာပေါ့။ သူတို့စိတ်ထဲမှာ လုံခြုံမယ်ထင်တဲ့နေရာတွေကို ဦးတည်ပြီးတော့ သွားကြတာပေါ့။ ရွာကလည်း တချို့ရေးမှာ ခေတ္တခဏနေပြီးတော့ တခြားသူတို့အဆင်ပြေတဲ့ နေရာလေးတွေကိုပေါ့။ မော်လမြိုင်ဘက်ခြမ်းကို ပြောင်းတာလည်း ရှိတယ်။ တ ချို့ကလည်း တခြားနေရာကို ပြောင်းရွှေ့တယ်၊ တော်တော်များများရှိတယ်”လို့ ဆိုပါတယ်။

နေရပ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်သူတွေဟာ ကျိုက်မရော၊ မုဒုံ၊ ကျိုက်ထို၊ ဘီးလင်းနဲ့သထုံမြို့ပေါ်တွေအပြင် ဘေးလွတ်ရာ ကျေးရွာရပ်ကွက်တွေကို အများဆုံးပြောင်းရွှေ့လာကြပြီး ငွေကြေးတတ်နိုင်သူတွေက မော်လမြိုင်မြို့ပေါ်တွေထံ ပြောင်းရွှေ့နေထိုင်မှုတွေ ရှိလာခဲ့တာပါ။

ပြည်နယ်အတွင်းမှာတော့ နိုဝင်ဘာပထမအပတ်ကစပြီး ကျိုက်ရောမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲတွေ ပြင်းထန်နေသလို မော်လမြိုင်နဲ့ချောင်းဆုံမြို့နယ်တွေကလွဲပြီး ကျန်မြို့နယ်တွေမှာ စစ်ရေးတင်းမာနေတာပါ။

တိုက်ပွဲတွေပြင်းထန်နေတဲ့ ကျိုက်မရောမြို့နယ်မှာဆိုရင် မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် စစ်ကောင်စီတပ်ဘက်က ကျိုက်မရောနဲ့မုဒုံမြို့ပေါ်အထိ စစ်မကျွံလာဖို့အတွက် တပ်အင်အား ၈၀၀ နီးပါး တပ်ဖြန့်ထားသလို ခံစစ်အတွက် အခိုင်အမာပြင်ဆင်ထားတာ ဖြစ်ပါတယ်။

ကျိုက်မရောမြို့နယ် ဒေသခံတစ်ဦးကတော့ လက်ရှိတိုက်ပွဲဖြစ်ပွားရာ ဒေသကပြည်သူတွေဟာ မော်လမြိုင်ဘက်ခြမ်း ပြောင်းရွှေ့မှုများလာသလို တချို့ကျေးရွာတွေမှာတော့ နှစ်ဖက်တိုက်ပွဲအ တွင်း ပိတ်မိတာတွေ ရှိနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အတ္ထရံမြစ် အရှေ့ဘက်ကမ်း တချို့ရွာတွေတော့ ပြောင်းရွှေ့နေထိုင်တယ်လို့ ကြားတယ်။ ၁၃ ရက်နေ့လောက်ကစပြောင်းတာ။ အတ္ထရံမြစ်ကို ကျိုက်မရောမှာတော့ အရှေ့ဘက်ကမ်းနဲ့ အနောက်ဘက်ကမ်းလို့ ခေါ်တယ်ခင်ဗျ၊ အဲဒီအရှေ့ဘက်ခြမ်းကတော့ ကျွန်တော်တို့ တောင်ကလေး၊ ချောင်းနှခွဘက်လောက်တော့ မဆိုးသေးဘူးခင်ဗျ။ လူတွေပြောင်းသွားတာပဲရှိတယ်လေ။ မော်လမြိုင်တက်လာတာပါပဲ။ လက်နက်ကြီးသံတွေတော့ ကြားတယ်။ တောင်ကလေးဘက်မှာ မနေ့ကပဲတိုက်ပွဲဖြစ်တယ်။ အဲဒီဘက်ကို ကျွန်တော်တို့အဖွဲ့ တွေ သွားလို့မရသေးဘူးလေ။ လက်နက်ကြီးသံ တခြိမ့်ခြိမ့်နဲ့ပါ”လို့ ဆိုပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ နေရပ်စွန့်ခွာပြောင်းရွှေ့နေထိုင်သူများလာတဲ့အတွက် ရပ်ကွက်၊ ကျေးရွာတွေမှာ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်မှူးအဖွဲ့တွေကို မကြာခဏဧည့်စာရင်း ဝင်ရောက်စစ်ဆေးခိုင်းတာ၊ လှုပ်ရှားသွားလာမှုတွေကိုလည်း စောင့်ကြည့်ခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့သိရပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP – Myanmar ရဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းမှုအလွန် သုံးနှစ်ပြည့်တော့အချိန်မှာ နိုင်ငံအနှံ့ စစ်ဆင်ရေးနယ်မြေကျယ်ပြန့်လာမှုကြောင့် ပြည်တွင်းစစ်ရှောင်ဒုက္ခသည် လေးသန်းကျော်အထိ ရှိလာတယ်လို့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ထုတ်ပြန်ချက်တွေအရ အာဏာသိမ်းကာလအတွင်း နှစ်ဖက်တိုက်ပွဲတွေအပြင် စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် မွန်ပြည်နယ်တဝန်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ၂ သိန်းကျော်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

လူဦးရေ ၂ သန်းကျော် နေထိုင်တဲ့ မွန်ပြည်နယ်ဟာ စစ်တပ်ရဲ့ တကျော့ပြန် အာဏာသိမ်းမှုအတွင်း ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ဒေသခံပြည်သူတွေဟာ တိုက်ပွဲတွေနဲ့ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးရတာ၊ နေရပ်စွန့်ခွာထွက်ပြေးရတာ၊ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ကအစ အကြီးအကျယ် ဆုံးရှုံးနေရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ-CJ

Most read this week

October 21, 2024
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာအုပ်စုထဲကို စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုး...
October 19, 2024
မွန်ပြည်နယ် မိုးစပါးရိတ်သိမ်းချိန်ကာလ  အချိန်မီစပါးရိတ်သိမ်းနိုင်ဖို့အတွက်...
October 15, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဒုစစ်ခေါင်းဆောင် ညွှန်ကြားချက်ကြောင့်...