ဘူးသီးတောင်တွင် လွှတ်တော်ကိုယ်စားလှယ်ဟောင်းများအပါဝင် မြို့ခံအများအပြားကို ဖမ်းဆီးမည်သတင်းထွက်၍ ထွက်ပြေးတိမ်းရှောင်နေရ

ဘူးသီးတောင်တွင် လွှတ်တော်ကိုယ်စားလှယ်ဟောင်းများအပါဝင် မြို့ခံအများအပြားကို ဖမ်းဆီးမည်သတင်းထွက်၍ ထွက်ပြေးတိမ်းရှောင်နေရ
ဘူးသီးတောင်မြို့ဆိပ်ကမ်းကို မေယုမြစ်ထဲက မြင်တွေ့ရစဉ်။
ဘူးသီးတောင်မြို့ဆိပ်ကမ်းကို မေယုမြစ်ထဲက မြင်တွေ့ရစဉ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ အပါအဝင် မြို့ခံ အများအပြားကို မြန်မာစစ်တပ်က ဖမ်းဆီးမည်ဟု သတင်း ထွက်ပေါ်နေသဖြင့် ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေက "အခုစစ်ကောင်စီက မြို့ထဲဝင်ပြီးလူတွေကိုဖမ်းတယ်။ ဖမ်းပြီးတော့ အဲဒီလူတွေကို စစ်ဆေး မေးမြန်းမှုတွေလုပ်တယ်။ အခုအဲဒီလိုပဲ နောက်ထပ် ဖမ်းဆီးမှုတွေရှိလာနိုင်တယ်ဆိုပြီး သတင်းတွေ ထွက်လာတယ်။ သူတို့(စစ်ကောင်စီ) က AA နဲ့ဆက်စပ်တယ်ဆိုပြီး မြို့ပေါ်က အနည်းဆုံး လူ ၄၀ လောက်၊ အဲဒီထက်လည်း ပိုချင်ပိုလိမ့်မယ်။ ဖမ်းဆီးဖို့ရှိတယ်လို့ ကြားပါတယ်" ဟု နိရဥ္စရာသို့ ပြောသည်။

ဘူးသီးတောင်မြို့တွင် ဖမ်းဝရမ်းထုတ်သည့် အထဲတွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ အပါအဝင် နောက်ထပ် အမတ်တချို့နှင့် မြို့ခံလူမှုတက်ကြွလှုပ်ရှားသူများ အများစုပါဝင်သည်ဟု သတင်းရရှိသည်။

ဖမ်းဆီးမည်ဆိုသည့်အထဲတွင် ယခင်က မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်ခံထားရသူများပါဝင်ပြီး ဖမ်းဆီးမည့် သတင်း ထွက်ပေါ်နေ၍  ရှောင်တိမ်းနေရသည်ဟု ဦးအောင်သောင်းရွှေက ဆက်ပြောသည်။

"ပထမကပဲ ကျွန်တော်တို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် မြို့မှာရှိတဲ့ တက်ကြွလှုပ်ရှားတဲ့မြို့ခံတွေကို ၁၇(၁)နဲ့ အမှုဖွင့်ထားတာရှိတယ်။ အခုတခါ ဖမ်းဆီးဖို့ရှိ တယ်ဆိုတော့ ရှောင်တိမ်းနေကြရတာတွေလည်း ရှိတာပေါ့လေ"ဟု ပြောသည်။

စစ်ကောင်စီက ဖမ်းဆီးမည်ဟုသတင်းထွက်ပေါ်နေသည့် မြို့ခံများ၏ စာရင်းကိုမူ နိရဥ္စရာအနေဖြင့် ရရှိနိုင်ခြင်းမရှိသေးပေ။

ရခိုင်ပြည်တွင်း AA ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို ကြုံတွေ့နေရသည့် စစ်ကောင်စီသည် တိုက်ပွဲအရေးနိမ့်မှုများလာသည့်အလျောက် ပြည်သူလူထုကို ဦးတည်၍ "ကြွက်မနိုင် ကျီမီးရှို့"သည့် ၄င်း၏လုပ်ရိုးလုပ်စဥ်အတိုင်း လုပ်ဆောင်နေသည်ဟု ရှုမြင်ကြောင်း ဦးအောင်သောင်းရွှေက ပြောသည်။

"စစ်အစိုးရကတော့ လုပ်ရိုးလုပ်စဥ်ပါပဲ။ အရင်ကတည်းကလုပ်ခဲ့တယ်။ ပြည်သူလူထုကိုပဲ ကြွက်မနိုင်ကျီမီးရှို့ဆိုသလို လုပ်လာတာတွေရှိတယ်။ ဖြတ်လေးဖြတ်လုပ်တယ်။ လူတွေကို ဖမ်းဆီးတယ်။ အခုဆို ပိုပြီးတော့ လူထုကိုဦးတည်ပြီး ဓားစာခံအဖြစ်လုပ်လာတယ်။ စစ်ကောင်စီကတော့ နိုင်ငံတကာမှာရှိတဲ့ လူသားချင်းစာနာထောက်ထားမှု၊ နိုင်ငံတကာ စစ်ဥပဒေတွေကိုလည်း လိုက်နာဖို့ဆိုတာမရှိနိုင်ပါဘူး။ အဲဒီလိုမလိုက်နာတဲ့ အတွက်လည်း အခုလိုအကြမ်းဖက်စစ်အုပ်စုဖြစ်လာတာဖြစ်တယ်။ အဲဒီအတွက် ဖိနှိပ်မှုများလာလေ။ ပြည်သူက တွန်းလှန်မှုများလာလေဖြစ်မှာပဲလို့ မြင်တယ်" ဟု ပြောသည်။

အလားတူ မောင်တောမြို့တွင်လည်း ပြည်သူအများအပြားကို ဖမ်းဆီးရန် လမ်းဘေးဓာတ်တိုင်များတွင် ရုပ်ပုံနှင့် အတူ စာကပ်မှုများကို လွန်ခဲ့သည့် ရက်အနည်းငယ်က စစ်ကောင်စီက ပြလုပ်ခဲ့သည်ဟု သိရသည်။

ရခိုင်တွင် စစ်ကောင်စီက အရပ်သားများကို ဖမ်းဆီးမှုများ ဆက်တိုက် လုပ်ဆောင်နေပြီး နိုဝင်ဘာ ၁၃ ရက်မှ နိုဝင်ဘာ ၂၅ ရက်အထိ ဖမ်းဆီးခံရသူ အရပ်သား ၁၀၀ ခန့်အထိရှိပြီဟု သိရသည်။

October 21, 2024
ရခိုင်ပြည်မှ စစ်ကောင်စီ၏ အကြီးဆုံးရေတပ်စခန်းဖြစ်သည့် ကျောက်ဖြူ ဓည၀တီရေတပ်ဌာနချုပ် အနီးရှိ...
October 18, 2024
ရခိုင်ပြည်တွင် စပါးစျေးမရသည့်အပြင် ယခင်နှစ် စိုက်ပျိုးရာသီမှ ထွက်ရှိလာသော စပါးများကို ယခုနှစ်...
October 16, 2024
ရခိုင်ပြည်၊မောင်တောမြို့၊ နခခ(၅)တပ်ရင်းအား အာရက္ခတပ်‌တော် (AA)  နေစဉ်ရက်ဆက် ထိုးစစ်ဆင်...
October 15, 2024
ရခိုင်ပြည် တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်၏မြောက်ပိုင်းတွင် တိုက်ပွဲတွေပြင်းထန်နေသည့်အတွက်...