1027 စစ်ဆင်ရေးနဲ့ မြန်မာ့တော်လှန်ရေး အပြောင်းအလဲ

1027 စစ်ဆင်ရေးနဲ့ မြန်မာ့တော်လှန်ရေး အပြောင်းအလဲ

မောင်ခိုင်ထွန်း (ပြည်သစ်) — လတ်တလော မြန်မာ့တော်လှန်ရေးမှာ အကြီးကျယ်ဆုံး စစ်ဆင်ရေးတစ်ခုကို AA/MNDAA/TNLA တို့ ဖွဲ့စည်းထားတဲ့ မြောက်ပိုင်းမဟာမိတ်အုပ်စုက အောက်တိုဘာ (၂၇) ရက်နေ့က ရှမ်းပြည်မြောက်ပိုင်းက စတင်ခဲ့တဲ့ စစ်ဆင်ရေးဟာ နိုင်ငံတစ်ဝှမ်းပြန့်နှံ့လာခဲ့ပြီး (၁၃ ရက် နိုဝင်ဘာလမှာ) ရခိုင်ပြည်နယ်အထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

(၂၀၂၁၊ ဖေဖေါ်ဝါရီလ)မှာ နိုင်ငံအာဏာကိုသိမ်းယူထားတဲ့ မြန်မာစစ်တပ်ဟာ တော်လှန်ပုန်ကန်မှုကို တစ်နိုင်ငံလုံးမှာ ရင်ဆိုင်နေရပြီး မြို့ပြအုပ်ချုပ်ရေးတောင် မထူထောင်နိုင်တော့ဘဲ အဘက်ဘက်က ချို့ယွင်းလာနေတဲ့အချိန်လည်း ဖြစ်ပါတယ်။

မြန်မာစစ်တပ်အတွင်း အကျင့်ပျက်ခြစားမှုနဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်း‌အောင်လှိုင်ရဲ့ လူရင်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်တွေကို လာဘ်စားမှုနဲ့ ဖမ်းဆီးတာတွေ၊ တိုင်းမှူးအဆင့်တွေကို ဖမ်းဆီးအရေးယူရတာတွေဟာ တပ်တွင်းပျက်စီးမှုတွေကို ပြသနေတာဖြစ်ပါတယ်။ နောက်တစ်ဖက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ခိုက်ကြတဲ့ တိုက်ပွဲအများစုမှာ စစ်ကောင်စီတပ်သားတွေဟာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ လက်နက်ချ အလင်းဝင်တာတွေကို ကြည့်ခြင်းအားဖြင့် စိတ်ဓာတ်ပိုင်းအရ စစ်ကောင်စီဟာ ကျရှုံးသွားပြီဆိုတာ ဒီစစ်ဆင်ရေးအတွင်းမှာ ပိုပြီးထင်ရှားလာခဲ့တာကို တွေ့ရပါတယ်။

အချင်းချင်း ပြန်လည်ဖမ်းဆီးပြီး ပုဂ္ဂလိကအာဏာကို ပိုပြီးတည်ဆောက်လာတဲ့ စစ်ကောင်စီဥက္ကဌဟာ သူရဲ့စီနီယာဖြစ်တဲ့ ဦးရဲထွဋ် (ယခင် ဦးသိန်းစိန် အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီး)ကို ဖမ်းဆီးထားတာတွေကို ပြန်ကြည့်ရင် စစ်တပ်ကို ကြောထောက်နောက်ခံပြုထားတဲ့ မြန်မာစစ်တပ် ဗိုလ်ချုပ်ဟောင်းများအုပ်စုရဲ့ ထောက်ခံမှုကိုပါ မရရှိတော့ပါဘူး။

ရွေးကောက်ပွဲ မဲမသမာမှုကို အကြောင်းပြပြီး ကိုယ်ကျိုးအတွက် နိုင်ငံအာဏာကိုသိမ်းယူခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နိုင်ငံတစ်ဝှမ်း လက်နက်ကိုင်တော်လှန်ပုန်ကန်မှုကို ရင်ဆိုင်လာရပြီး နိုင်ငံစီးပွားရေးကလည်း ချွတ်ခြုံကျ ပျက်စီးလာခဲ့တာ သုံးနှစ်နီးပါးကို ရောက်ရှိလာခဲ့ပါပြီ။ ယခင်အစိုးရတွေ လက်ထက်က အလကားနီးပါးရနေခဲ့တဲ့ စားသုံးဆီတွေ၊ စက်သုံးဆီတွေကိုတောင် တန်းစီဝယ်ယူကြရတဲ့ အဆိုးရွားဆုံး လူထုစားဝတ်နေရေးကို ရောက်ရှိနေပါတယ်။

ထိခနဲ့ဆို ပုဂ္ဂလိကဘဏ်တွေကို မျက်စောင်းထိုးပြီး လူထုမွဲတေမှုဗျူဟာကို စခင်းပြီး ကစားတတ်တဲ့ အာဏာသိမ်းစစ်ကောင်စီကြောင့် ဘဏ်လုပ်ငန်းအများစုကလည်း မကြာခင်မှာ ပြိုလဲနိုင်တဲ့အခြေအနေကို ရင်ဆိုင်နေကြရတာကို တွေ့ရပါတယ်။

မြောက်ပိုင်းမဟာမိတ်အုပ်စု လှုပ်ရှားမှု

ရက္ခိုင့်တပ်တော် ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဟာ နွေဦးတော်လှန်ရေးလို့ အမည်ပေးထားတဲ့ (၂၀၂၁) ဖေဖေါ်ဝါရီလနောက်ပိုင်းမှာ မဟာမိတ်တည်ဆောက်ရေးလုပ်ငန်းတွေကို ဦးစားပေးလုပ်ဆောင်ခဲ့တာကို တွေ့ရပြီး ဗမာပြည်တော်လှန်ရေး ပိုမိုအားကောင်းလာစေဖို့နဲ့ ဟန်ချက်ညီလှုပ်ရှားနိုင်ဖို့ နွေဦးတော်လှန်ရေး (PDF) အဖွဲ့တစ်ချို့ကို သင်တန်းပို့ချတာတွေ၊ လက်နက်ပံ့ပိုးပေးတဲ့အလုပ်ကို တောက်လျှောက်လုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။

စစ်ကောင်စီ အမြစ်ပြတ်ချေမှုန်းရေး ကြွေးကြော်သံနဲ့ ချီတက်လာခဲ့တဲ့ တော်လှန်ရေးလက်နက်ကိုင်တွေကို စည်းရုံးပြီး ဟန်ချက်ညီတော်လှန်ဖို့ ပထဝီနိုင်ငံရေးကို တည်ဆောက်ခဲ့ကြတယ်လို့ ဆိုရမှာပါ။ လက်ရှိမှာတော့ မြောက်ပိုင်းမဟာမိတ်အုပ်စုဟာ ရှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ်တစ်ဝှိုက် အရင် TNLA အုပ်ချုပ်ခဲ့တဲ့ နေရာတွေကို ပြန်လည်သိမ်းယူနေပြီး စစ်ကောင်စီဘက်ကလည်း မြို့နယ်တစ်ချို့ကို လက်လွှတ်ထားရပြီဖြစ်ပါတယ်။ မြောက်ပိုင်းမဟာမိတ်အုပ်စုဟာ ကျားဖျင်လို့နာမည်ပေးထားတဲ့ တရုတ်နယ်တစ်လျှောက် လုပ်ဆောင်နေကြတဲ့ တရားမဝင်လောင်းကစားလုပ်ငန်းတွေကို ချေဖျက်ပစ်ဖို့အတွက် တရုတ်နိုင်ငံဘက်ကလည်း ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ကချင်၊ ကရင်၊ ရှမ်း၊ ကယား၊ ချင်း၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး စတဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မြို့ပြတိုက်ပွဲတွေကို ရင်ဆိုင်နေရပြီး ခြေမြန်တပ်အင်အား လုံးဝကျဆင်းကာ လေတပ်နဲ့ ရေတပ်ကို အဓိကထားနေရတာကို တွေ့ရပါတယ်။

မြောက်ပိုင်းမဟာမိတ်အုပ်စုကလည်း တိုက်ပွဲကို ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်ကနေ မြန်မာနိုင်ငံအနောက်ပိုင်း ရက္ခိုင်ပြည်အထိ ဖြန့်ကြက်ကြေညာထားပြီး စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်တွေမှာလည်း ဒေသခံမဟာမိတ်တွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံတစ်ခြမ်းကို ဖြတ်ယူထားတဲ့ စစ်ဗျူဟာကိုခင်းပြီး စစ်ဆင်ရေးပြုလုပ်နေတာကို တွေ့ရပါတယ်။ ဒီစစ်ဆင်ရေးဟာ ရှမ်းမြောက်တစ်ခြမ်း၊ ကချင်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ ချင်းပြည်ကနေ ရခိုင်ပြည်အထိ ဖြန့်ကြက်ထားပြီး ပထဝီနိုင်ငံရေးအရ စစ်ဆင်ရေးဟာ အလွန်စိတ်ဝင်စားစရာ ကောင်းတယ်လို့ ဆိုရမှာပါ။

အဖက်ဖက်ကကျရှုံးနေပြီး အိမ်နီးချင်းတရုတ်ရဲ့ ထောက်ခံမှုကို မရရှိနိုင်တဲ့ အာဏာသိမ်းစစ်တပ်ဟာ အာဏာရှင် ရုရှားနိုင်ငံကို ချဉ်းကပ်ပြီး စစ်ရေးအကူအညီကိုရယူနိုင်ဖို့ ကြိုးစားနေတာကို တွေ့နေရပါတယ်။

နွေဦးတော်လှန်ရေး ဦးဆောင် NUG ရဲ့လှုပ်ရှားမှု

NLD ပါတီတင်တွေအများစု ဦးဆောင်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း အခုမြောက်ပိုင်း မဟာမိတ်အုပ်စုက ဦးဆောင်ပြုလုပ်နေတဲ့ (၁၀၂၇) စစ်ဆင်ရေးကို ကြိုဆိုကြောင်း ထုတ်ပြန်ထားပါတယ်။ NUG အစိုးရဟာ ဗမာပြည်တစ်ဝှမ်းရှိ (PDF)ကို အခြေပြုဖွဲ့စည်းထားတဲ့ ကာကွယ်ရေးဌာနတွေကို ဦးဆောင်ထားပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ မဟာမိတ်ချိတ်ဆက် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

(၁၀၂၇) စစ်ဆင်ရေးအတွင်း NUG အောက်က တပ်ဖွဲ့တွေကလည်း ကချင်ပြည်နယ်စပ်မြို့ တစ်မြို့ဖြစ်တဲ့ ကောလင်းမြို့ကို သိမ်းယူခဲ့ပါတယ်။ စစ်ကိုင်းတိုင်း ပုလဲနယ်ကို အခြေပြုစတင်ခဲ့တဲ့ တော်ဝင်နဂါးတပ်မတော် (ယခု BNLA -Burmese National Liberation Army ဗမာအမျိုးသားလွပ်မြောက်ရေးတပ်မတော်)နဲ့ ပြဿနာအကြီးအကျယ်ဖြစ်ခဲ့ကြပြီး (BNLA)လည်း စစ်ကိုင်း ပုလဲနယ်ကနေ ဆုတ်ခွာခဲ့ရဟန် တူပါတယ်။ နဂါးတော်ဝင်တပ်မတော်ဟာ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ ပူးပေါင်းခဲ့ပြီးတဲ့နောက် လူသိရှင်ကြား ဖြစ်ခဲ့ကြတဲ့ ပဋိပက္ခဖြစ်ပါတယ်။

အခုဒီလအတွင်းမှာလည်း စစ်ကိုင်းအခြေပြု တပ်တော်တစ်ခုဖြစ်တဲ့ (BNA- Burmese National Army) ရဲ့ လက်နက်တစ်ချို့ကို (NUG) လက်အောက်ခံ စစ်ကိုင်းအခြေပြုတပ်ဖွဲ့တစ်ချို့က သိမ်းယူလိုက်တဲ့အတွက် ပြဿနာတစ်ခုကို ရင်ဆိုင်နေကြရတာကို တွေ့ရပါတယ်။

NUG အစိုးရဟာ နိုင်ငံတစ်ကာ သံတမန်ဆက်ဆံရေးတစ်ချို့ အောင်မြင်မှုရှိတာကို တွေ့ရပါတယ်။ ကာလတိုအတွင်း လက်နက်အင်အားဖြည့်တင်းပြီး ပြန့်ကြဲနေတဲ့ လက်နက်ကိုင် အငယ်အင်အားစုတွေကို တည်ဆောက်ရတာဟာ (NUG)အတွက် များစွာခက်ခဲမယ်ဆိုတာ သေချာပါတယ်။ NUG အနေနဲ့လည်း စစ်ပွဲတစ်ချို့ ဖေါ်ဆောင်နေပေမယ့်လည်း (၁၀၂၇)မှာ ထိထိရောက်‌ရောက် ပါဝင်နေတာမျိုးတော့ ခုချိန်ထိမတွေ့ရသေးဘူးလို့ ဆိုရမှာပါ။

ရှေ့ဆက်တည်ဆောက်မယ့် မြန်မာနိုင်ငံရေး အမြင်များ

မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဟာ ပြည့်ဝတဲ့ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ကို ရည်ညွှန်းထားကြပြီး ဖယ်ဒရာယ်ပြည်ထောင်စုမူမှာ ဗမာပြည်နယ်တစ်ခုအနေဖြင့် ပါဝင်ရေးကို ဦးတည်ထားကြလို့ ခန့်မှန်းနိုင်မယ်ထင်ပါတယ်။ ကိုယ်ပိုင်ပြည်နယ် လုပ်ပိုင်ခွင့် စီမံအုပ်ချုပ်ပိုင်ခွင့်ကို အပြည့်အဝရရှိတဲ့ ဖယ်ဒရာယ်စနစ်ကို ထူထောင်ဖို့ ရည်ရွယ်ထားကြဟန် တူပါတယ်။ ဒါဟာ ဒီနေ့ တော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေရဲ့ မဟာမိတ်တည်ဆောက်ကြပုံကို ကြည့်ခြင်းအားဖြင့် ခန့်မှန်းလို့ရနိုင်တဲ့ အနေအထားလို့ ဆိုရမှာပါ။

သို့သော်လည်း NLD ပါတီဝင် ရွေးကောက်ခံအမတ်များ အများစုပါဝင်ပြီး ဖွဲ့စည်းထားတဲ့ NUG အစိုးရအဖွဲ့ကတော့ ဒီမူကို လက်ခံဟန်မတူပါဘူး။ ဘာကြောင့်ပြောရသလဲဆိုရင် (၂၀၂၃) အစောပိုင်းမှာ ပြုလုပ်ခဲ့တဲ့ စစ်ကိုင်းဖိုရမ်မှာ စစ်ကိုင်းတိုင်းလက်နက်ကိုင် အဖွဲ့အစည်းအများစု တက်ရောက်ခဲ့ကြပြီး အနာဂတ်တည်ဆောက်မယ့် ဖယ်ဒရာယ်နိုင်ငံမှာ စစ်ကိုင်းတိုင်းဟာ ဖယ်ဒရာယ် ယူနစ်တစ်ခုအဖြစ် ပါဝင်မယ်ဆိုတဲ့မူကို (NUG) လက်မခံခဲ့တဲ့အတွက် စစ်ကိုင်းဖိုရမ်ကို တက်ရောက်ခဲ့တဲ့ (NUG) ရဲ့ မဟာမိတ်အဖွဲ့က ကိုယ်စားလှယ်ကို ရာထူးက ထုတ်ပယ်ခဲ့ပါတယ်။ ဗိုလ်နဂါးနဲ့ဖြစ်ခဲ့တဲ့ ပြဿနာမှာ NUG ထောက်ခံသူတစ်ချို့က ဗိုလ်နဂါးကို တရုတ်အထောက်အပံ့ ရရှိထားသူအဖြစ် ကြွေးကြော်ကာ အနောက်ယိမ်းပြခဲ့ကြတာကိုကြည့်ရင် NUG ဟာ ပထဝီနိုင်ငံရေးထက် ဗမာအမျိုးသားရေးဝါဒကို ဇောင်းပေးထားတယ်လို့ ဆိုရမှာဖြစ်တယ်။

NUG အစိုးရဟာ ဒီနေ့အထိ (၂၀၂၀) ရွေးကောက်ပွဲရလာဒ်ကို ကိုင်တွယ်ထားဟန် တူပါတယ်။ NUG အစိုးရအဖွဲ့ကို စတင်ဖွဲ့စည်းကတည်း ယခုဖမ်းဆီးခံထားရတဲ့ သမ္မတ ဦးဝင်းမြင့်ကို သမ္မအဖြစ် သတ်မှတ်ထားကတည်းက NUG ရဲ့ ဖယ်ဒရာယ်မူဟာ NLD လက်ခံတဲ့ တိုင်းဒေသတွေ၊ ပြည်နယ်တွေနဲ့သာ ဖွဲ့စည်းမယ့်သဘောလို့ ပြောရမှာဖြစ်ပါတယ်။ ဒီနေ့အထိ NUG အစိုးရဘက်က ဗမာပြည်နယ် သတ်မှတ်ရေးမူဝါဒ မထွက်သေးပါဘူး။ ဒါဟာ ဒီနေ့တော်လှန်ရေးခေါင်းဆောင်တွေအကြား မတူညီသေးတဲ့ နိုင်ငံရေးအမြင် ဖြစ်လာမယ်လို့မြင်ပါတယ်။ NUG ဟာ (၂၀၀၈) ဖွဲ့စည်းပုံကိုဖျက်သိမ်းကြောင်း ကြေညာပေမယ်လည်း (၂၀၂၀) ရွေးကောက်ပွဲရလာဒ်ကို ဆုတ်ကိုင်ထားကြတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

လက်ရှိ မြန်မာတော်လှန်ရေးအခင်းအကျင်းမှာ အာဏာရှင်စစ်တပ် အမြစ်ပြတ်ရေးဟာ အဓိက ဆိုပေမယ်လည်း အမြစ်ပြတ်ပြီးနောက် တည်ဆောက်မယ့် နိုင်ငံရေးကလည်း အရေးတစ်ကြီးလိုအပ်တယ်လို့ မြင်ပါတယ်။ မဟုတ်ရင် ပင်လုံကတိကိုချေဖျက်ပြီး ပြုလုပ်ခဲ့ကြတဲ့ အင်အားကြီးသူ စိုးမိုးရေးဝါဒကို ပြန်ရောက်သွားနိုင်ပါတယ်။ ဒီဝါဒတွေကိုလည်း ဒီတော်လှန်ရေးမှာ အပြီးသတ်တိုက်ဖျက်ထားခဲ့နိုင်မှ မြန်မာနိုင်ငံဆိုတာ ကမ္ဘာ့မြေပုံပေါ်မှာ ကျန်ခဲ့နိုင်မယ်လို့ မြင်ပါတယ်။

ဘယ်လိုပဲဆိုဆို လက်ရှိကာလဟာ တော်လှန်ရေးအောင်မြင်ခြင်းကသာလျှင် အဓိကကျတဲ့ကာလမို့ တော်လှန်အင်အားကို ပိုမိုခိုင်မာအောင်တည်ဆောက်ပြီး မြန်မာအာဏာရှင်စစ်တပ် အမြစ်ပြတ်ရေးအတွက် ဦးတည်ပြီး တော်လှန်ရေးလက်နက်ကိုင်တွေဟာ ခံစစ်ကနေ ထိုးစစ်အသွင် ကူးပြောင်းပေးလိုက်တဲ့ (၁၀၂၇) စစ်ဆင်ရေးမှာ ပိုမိုအားဖြည့်ဝန်းရံကြဖို့ လိုအပ်တယ်လို့ သုံးသပ်တင်ပြလိုက်ပါရစေ။

မောင်ခိုင်ထွန်း (ပြည်သစ်) - ရေးသည်

(ယခုဆောင်းပါးသည် Development Media Group ၏  အတွေးအမြင် ဆောင်းပါး ဖြစ်သည်)

Most read this week

October 21, 2024
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာကို စစ်ကောင်စီက ယနေ့ (အောက်တိုဘာ ၂၁ ရက်)၊...
October 18, 2024
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အောင်မင်္ဂလာကျေးရွာကို အောက်တိုဘာ ၁၆ ရက်၊...
October 16, 2024
ရခိုင်က မြို့နယ်အားလုံးတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ လုံးဝပြတ်တောက်နေသောကြောင့် ဒေသအတွင်း...
October 15, 2024
ရခိုင်ဒေသကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစ၍ စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားသလို...