ဘုရားသုံးဆူမြို့တွင် ‌စစ်‌ကောင်စီတပ် ဒုတပ်ရင်းမှူးတစ်ဦး ပစ်သတ်ခံရ

ဘုရားသုံးဆူမြို့တွင် ‌စစ်‌ကောင်စီတပ် ဒုတပ်ရင်းမှူးတစ်ဦး ပစ်သတ်ခံရ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် နိုဝင်ဘာလ ၂၃ ရက်၊ ယနေ့နံနက် ၉ နာရီဝန်းကျင်က စစ်ကောင်စီတပ်၏ ဒုတပ်ရင်းမှူးအဆင့်ရှိ ဗိုလ်မှူး အေးချမ်းဆိုသူ ပစ်သတ်ခံရ၍ သေဆုံးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

 အဆိုပါ ပစ်ခတ်ရှင်းလင်းခံရသည့် ဒုတပ်ရင်းမှူး ဗိုလ်မှူးအေးချမ်းသည် ကော့ကရိတ်မြို့ အခြေစိုက် ခြေလျင်တပ်ရင်း-ခလရ (၉၇)မှဖြစ်ပြီး ဘုရားသုံး ဆူမြို့သို့ တာဝန်ကျရာမှ ယနေ့နံနက်တွင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ‌နယ်မြေခံ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ထံမှ သိရသည်။

နယ်မြေခံ တော်လှန်ရေးရဲဘော်တစ်ဦးက "‌စစ်ကောင်စီရဲ့ဒုတပ်ရင်းမှူး အေးချမ်း ဒီ မနက်မှာပဲ ပစ်သတ်ခံရတယ်။ ဆံပင်ညှပ်ဆိုင်မှာ ဆံပင်သွားညှပ်လို့ ပစ်သတ်ခံ လိုက်ရတာ။ သူကတော့ အဲ့မှာအမြဲသွားလာနေတယ်"ဟု ‌ကေအိုင်စီသို့ ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် ဘုရားသုံးဆူးမြို့တွင် စစ်ကောင်စီတပ်အပါအဝင် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-KNLA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ-PC၊ နယ်ခြားစောင့်တပ်-BGF၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBAနှင့် မွန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ လှုပ်ရှားရာနယ်မြေတစ်ခုဖြစ်သည်။

စစ်ကောင်စီတပ် ခလရ-၉၇ ဒုတပ်ရင်းမှူး ပစ်သတ်ခံရမှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ကို ထုတ်ပြန်ကြေညာလာခြင်းမရှိသလို ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဘုရားသုံးဆူမြို့တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် တပ်ထောက်ခံသူများ အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်ရှင်းလင်းခံရသည့် ဖြစ်စဉ်များလည်းရှိခဲ့သည်။

October 21, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ သေ့ဘောဘိုးဒေသ၊ ဘလယ်ဒိုကျေးရွာရှိ ကာကင်းစခန်း ၃ ခုကို ...
October 18, 2024
မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်အနီးရှိ  စစ်ကောင်စီ၏  စွယ်တော်ကုန်း  (...
October 16, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇)နယ်မြေ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ပေါင်ကျေးနယ်...
October 16, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘိတ်ခရိုင်၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာဘက်သို့...