စစ်ကောင်စီမှ လူသားဒိုင်းကာနှင့် ဓါးစာခံအဖြစ်ပြန်ပေးဆွဲထားသော ပေါက်တောမြို့ခံ ၁၀၀ ခန့်အား ရက္ခိုင့်တပ်တော် ကယ်ထုတ်

စစ်ကောင်စီမှ လူသားဒိုင်းကာနှင့် ဓါးစာခံအဖြစ်ပြန်ပေးဆွဲထားသော ပေါက်တောမြို့ခံ ၁၀၀ ခန့်အား ရက္ခိုင့်တပ်တော် ကယ်ထုတ်

စစ်ကောင်စီတပ်မှ လူသားဒိုင်းကာနှင့် ဓါးစာခံအဖြစ်ပြန်ပေးဆွဲထားသော ပေါက်တောမြို့ ပြည်သူလူထုများနှင့် ရဟန်းသံဃာ၊ သက်ကြီးရွယ်အို၊ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင် အမျိုးသမီးအချို့ ပါဝင်သည့် အရေအတွက် (၁၀၀) နီးပါးကို အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်မှ သတင်းထုတ်ပြန်သည်။

ယနေ့ နိုဝင်ဘာလ ၂၁ ရက်၊ နေ့လယ် ၁၂ နာရီ ခန့်တွင် ပေါက်တောမြို့ အတွင်း နေရာအချိုနှင့် လောကထိပ်ပန်ဘုရားကုန်းတို့တွင် စစ်ကောင်စီတပ်နှင့်ရက္ခိုင့်တပ်တော် (AA) တို့ မြို့တွင်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

စစ်ကောင်စီသည် ပေါက်တောမြို့မှ ရဟန်းသံဃာ အပါအဝင် ဒေသခံပြည်သူလူထု (၁၀၀) နီးပါးကို ဓါးစာခံနှင့် လူသားဒိုင်းကာအဖြစ်အသုံးပြုရန် နိုဝင်ဘာလ ၁၆ ရက်နေ့မှစတင်၍ ပြန်ပေးဆွဲထားခြင်း ဖြစ်သည်။

ခြောက်ရက်မြောက် ယနေ့ နိုဝင်ဘာ ၂၁ ရက်တွင် အေအေက ပေါက်တောမြို့အတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာနေရာများအား ဝင်ရောက် တိုက်ခိုက်ပြီး ဓါးစာခံပြည်သူလူထုအားလုံးကို ဘေးအန္တရာယ်ကင်းစွာဖြင့်  ကယ်ထုတ်နိုင်ရန် ကြိုးစားရာမှ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်သည်။

ဓါးစာခံပြည်သူလူထုများအား ကယ်တင်နိုင်ခဲ့သည့် ဤတိုက်ပွဲတွင် ပေါက်တောမြို့အတွင်း ပြင်းထန်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည်လည်း အထိနာကာ အကျအဆုံးများခဲ့ကြောင်း သိရသည်။

ရန်သူ့လက်နက်ခဲယမ်းတချို့အား အေအေက သိမ်းဆည်း ရမိခဲ့ပြီး  အေအေ ဖက်မှလည်း အာရက္ခစစ်သည်အချို့ အသက်ပေးဆပ်ခဲ့ရပြီး ဒဏ်ရာရရှိသူအချို့လည်း ရှိခဲ့သည်ဟု ဖော်ပြသည်။

ထို့ကြောင့် စစ်ကောင်စီတပ်သည် လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးများ၊ အတွဲလိုက်ဒုံးများဖြင့် တိုက်ပွဲဖြစ်ပွားရာ နေရာများသို့သာမက တိုက်ပွဲဖြစ်ပွားခြင်းမရှိသောနေရာများသို့ပါ ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခြင်းများကို ယခု အချိန်အထိ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

ရက္ခိုင့်တပ်တော်သည် ရက္ခိုင်ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို အမြဲတမ်းကာကွယ်ပေးလျက်ရှိပြီး ပြည်သူလူထုအားဒုက္ခရောက်ရန် ပြုလုပ်သော မည်သူ့ကိုမဆို တားဆီးတိုက်ဖျက်သွားမည်ဖြစ်ပြီး အာရက္ခပြည်သူလူထုများအား သတ်ဖြတ်နေသော စစ်ကောင်စီတပ်ဖွဲ့ ဝင်များကိုလည်း မိမိတို့ ထုတ်ပြန်ထားသည့်အတိုင်း လက်စားချေ တုံ့ပြန်သွားမည်ဟု ဆိုထားသည်။

ပေါက်တောမြို့အတွင်း ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဆက်လက် ချေမှုန်းလျက်ရှိပြီး ကျန်ရှိနေသေးသောဓါးစာခံများ အန္တရာယ်ကင်းစွာ လွတ်မြောက်နိုင်ရေးအတွက် မိမိတို့အနေဖြင့် ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပေါက်တောမြို့တွင် ဓါးစာခံအဖြစ်ပြန်ပေးဆွဲထားသော ပေါက်တောမြို့ပြည်သူလူထု ၂၀၀ ခန့်ရှိသည်ဟု ရက္ခိုင့်တပ်တော်(AA) ပြောခွင့်ရ ဦးခိုင်သုခက နိရဥ္စရာကို ပြောဆိုထားသည်။

Most read this week

October 22, 2024
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ  ကျေးရွာ ၂ ရွာတွင် လက်နက်ကြီးကျည်များ...
October 21, 2024
ရခိုင်ပြည်မှ စစ်ကောင်စီ၏ အကြီးဆုံးရေတပ်စခန်းဖြစ်သည့် ကျောက်ဖြူ ဓည၀တီရေတပ်ဌာနချုပ် အနီးရှိ...
October 18, 2024
ရခိုင်ပြည်တွင် စပါးစျေးမရသည့်အပြင် ယခင်နှစ် စိုက်ပျိုးရာသီမှ ထွက်ရှိလာသော စပါးများကို ယခုနှစ်...
October 16, 2024
ရခိုင်ပြည်၊မောင်တောမြို့၊ နခခ(၅)တပ်ရင်းအား အာရက္ခတပ်‌တော် (AA)  နေစဉ်ရက်ဆက် ထိုးစစ်ဆင်...