မြို့တွင်းတိုက်ပွဲဖြစ်မည့် ကောလာဟလသတင်းကြောင့် ဖားအံမြို့ခံများ ဆန်ရိက္ခာများဝယ်စုနေ

မြို့တွင်းတိုက်ပွဲဖြစ်မည့် ကောလာဟလသတင်းကြောင့် ဖားအံမြို့ခံများ ဆန်ရိက္ခာများဝယ်စုနေ

ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်တော့မည်ဟု ကောလာဟလ သတင်းများ ထွက်ပေါ်နေသောကြောင့် မြို့ပေါ်နေဒေသခံအချို့က ဆန်နှင့်ရိက္ခာများ ဝယ်ယူစု ဆောင်းနေကြကြောင်း မြို့ခံပြည်သူများထံမှ သိရသည်။

KNLA အဖွဲ့ ဦးဆောင်ပြီး မြို့သိမ်းတိုက်ပွဲကို ဒီဇင်ဘာလအကုန်တွင် အပြီးသတ်လုပ်ဆောင်မည်ဟု ‌ သတင်းများထွက်ပေါ်နေသောကြောင့် ဖားအံမြို့ခံအချို့မှာ ဆန်နှင့်ရိက္ခာခြောက်များ ဝယ်ယူစု ဆောင်းနေကြကြောင်းကို ကိုယ်တိုင်ဝယ်ယူစုဆောင်းထားသူ မြို့ခံတစ်ဦးက ယခုလို‌ပြောသည်။

“ဒီဇင်ဘာလကုန်ကျလို့ရှိရင် ဖားအံကို အပြီးသိမ်းမယ်လို့ ကျနော်တို့ ကြားတယ်။ ဒီလိုပဲ ကောလာဟ လထွက်တာလား။ ဘယ်လိုလဲ‌တော့ မသိဘူး။ ကျနော်တို့အဲလိုကြားတော့ ခေါက်ဆွဲ ခြောက်ထုပ်တွေ ဆန်တွေဝယ်ထားတယ်” ဟု ထိုမြို့ခံက ကေအိုင်စီသို့ပြောသည်။

ကရင်ပြည်နယ်အတွင်းရှိ ဒေသအချို့တွင် တိုက်ပွဲအများအပြား ဖြစ်ပွားနေသလို ဖားအံမြို့ နယ်မှာ လည်းတိုက်ပွဲဖြစ်လာနိုင်သည့်အတွက် ဒေသခံများ စိုးရိမ်နေကြပြီး ဖြစ်ပွားလာပါက စစ်ဘေးတိမ်း ရှောင်သောအခါ လိုအပ်သောပစ္စည်းများကို ဝယ်ယူစုဆောင်းထားရခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။

နောက်ထပ် ဖားအံမြို့ခံတစ်ဦးကလည်း “ကျနော်တို့ တိုက်ပွဲတွေဖြစ်နေကြတာ ကြားနေရတယ်။ ကော့ကရိတ်စစ်ဖြစ်တုန်းကလည်း အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ပဲ ထွက်ပြေးနေကြရတာ။ ကျနော် တို့ လိုင်းပေါ်မှာ ကြည့်တယ်။ တိုက်ပွဲဖြစ်ရင် ဘာတွေလိုအပ်လဲ။ လိုအပ်တဲ့ဟာတွေယူပြီး ထွက် သွားမယ်။ တိမ်းရှောင်မယ်။ နောက်ပြီးတော့ တော်လှန်ရေးအဖွဲ့တွေအတွက် ကူညီနိုင်တာတွေ ကူညီမယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ယခုလို ကောလာဟလထွက်ပေါ်လာသည့် ဖားအံမြို့ပေါ်တွင် တိုက်ပွဲများဖော်ဆောင်မည့်သတင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဒေသခံတော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ်မေးမြန်းရာတွင် စစ်‌ရေးအရ ပြောဆိုနိုင်ခြင်းမရှိ‌သေးကြောင်း ကေအိုင်စီသို့ပြောသည်။

စစ်ကောင်စီတပ်သားများသည် ဖားအံမြို့အတွင်းရှိ တောင်ကလေး၊ မွေးမြူရေးဇုန်၊ ၂၀၂ တပ်ရင်း၊ တပ်မ ၂၂ တပ်ဝင်း၊ မြို့ တွင်းရှိ အထပ်မြင့်လူနေအိမ်ရာများ၊ ဘုရား‌တောင်ကုန်းနေရာများနှင့် မြို့ပြင်၊ မြို့အဝင်နေရာများတွင် ကွန်ကရစ်ဘန်ကာ စစ်ကတုတ်များ အမြန်တည်ဆောက်ပြီး ကရင်နယ်ခြားစောင့်တပ်-BGF နှင့်အတူ ပူးပေါင်း၍ လုံခြုံရေးယူထားကြောင်းကိုလည်း ‌မြို့ခံများထံမှ သိရသည်။

October 22, 2024
စစ်ကောင်စီတပ်၏  မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသ စွယ်တော်အမြောက်ကုန်း အပါအဝင်စစ်စခန်း ၄ ခု...
October 21, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ သေ့ဘောဘိုးဒေသ၊ ဘလယ်ဒိုကျေးရွာရှိ ကာကင်းစခန်း ၃ ခုကို ...
October 18, 2024
မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်အနီးရှိ  စစ်ကောင်စီ၏  စွယ်တော်ကုန်း  (...
October 16, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇)နယ်မြေ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ပေါင်ကျေးနယ်...