ပိတ်မိနေသည့် ပေါက်တောမြို့ခံများကို ထွက်ခွာခွင့်ပြုရန် ရခိုင့်လူ့အခွင့်အရေးအဖွဲ့ တောင်းဆို

ပိတ်မိနေသည့် ပေါက်တောမြို့ခံများကို ထွက်ခွာခွင့်ပြုရန် ရခိုင့်လူ့အခွင့်အရေးအဖွဲ့ တောင်းဆို
ပေါက်တောမြို့တွင် ပိတ်မိနေသော လေဖြတ်နေသည့် အဖွားအိုတစ်ဦး။ ဓာတ်ပုံ - Phoo Pwint Khine/ Facebook
ပေါက်တောမြို့တွင် ပိတ်မိနေသော လေဖြတ်နေသည့် အဖွားအိုတစ်ဦး။ ဓာတ်ပုံ - Phoo Pwint Khine/ Facebook

စစ်ရေးပဋိပက္ခအကြား ၅ ရက်ကြာပိတ်မိနေသော ပေါက်တောမြို့ခံများ မြို့မှထွက်ခွာခွင့် ရရှိရေးအတွက် ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့က စစ်ကောင်စီထံ တောင်းဆိုလိုက်သည်။

စစ်ကောင်စီအနေဖြင့် လူသားချင်းစာနာမှုကို ရှေးရှုပြီး ပေါက်တောမြို့အတွင်း ပိတ်မိနေသော ပြည်သူများအား မြို့ပြင်သို့ထွက်ခွာနိုင်အောင် ဆောင်ရွက်ပေးစေလိုကြောင်း ယနေ့ထုတ်ပြန်သည်။

နိုဝင်ဘာ ၁၆ ရက်နေ့က ပေါက်တောမြို့မရဲစခန်းကို ရက္ခိုင့်တပ်တော် (AA)က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီ ရဟတ်ယာဉ်နှင့် နေဗီများမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် လူဦးရေသောင်းချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

သို့သော်လည်း ဒေသခံ ၅၀၀ ခန့်မှာ ယနေ့အထိ ပိတ်မိနေသေးပြီး ယင်းအထဲတွင် ကျန်းမာရေးမကောင်း ဖြစ်နေသူများလည်း ပါဝင်သည်။

ယင်းအပြင် ပေါက်တောမြို့မှ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး ဝန်ထမ်းအပါအဝင် ဒေသခံ ၁၀၀ ခန့်ကို စစ်ကောင်စီက သာသနာ့ဗိမာန်၊ စိုက်ပျိုးရေးရုံးနှင့် မြို့နယ်မီးသတ်ရုံးတို့တွင် ဖမ်းဆီးထားကြောင်း သိရသည်။

ဖမ်းဆီးခံထားရသူ ပညာရေးဝန်ထမ်းတစ်ဦး၏ မိသားစုဝင်က “အခုဆိုရင် သူတို့ အဖမ်းခံထားရတာ ၅ ရက် ရှိပြီ။ ဒီနေ့အထိ အဆက်အသွယ်မရသေးဘူး။ နိုဝင်ဘာ ၁၆ ရက်နေ့က သူတို့အဖမ်းခံထားရတယ် ဆိုပြီးတော့ ဖုန်းပြောခဲ့တာရှိတယ်။ အခုတော့ ဖုန်းတွေ အသိမ်းခံထားရလို့ အဆက်အသွယ်မရတော့ဘူး” ဟု ပြောသည်။

လက်ရှိ ပေါက်တောမြို့ လောကထိပ်ပန်ဘုရားနှင့် မြို့အဝင်/ထွက်နေရာများတွင် စစ်ကောင်စီက တပ်စွဲထားပြီး ဆိပ်ကမ်းအနီးတွင် နေဗီနှစ်စီးဖြင့် စောင့်ကြည့်နေကြောင်း သိရသည်။

ပိတ်မိနေသူများမှာ အရေးပေါ်အကူညီများ လိုအပ်နေသဖြင့် ကူညီပေးနိုင်သော အဖွဲ့အစည်းများအနေဖြင့် အမြန်ဆုံး ကယ်ထုတ်ပေးကြပါရန် မိသားစုဝင်များနှင့် ပိတ်မိနေသူများက မေတ္တာရပ်ခံနေကြသည်။

“ပေါက်တောမြို့ထဲမှာ ကျမအဘွား(လေဖြတ်လူနာ)၊ ဗိုက်ခွဲထားရတဲ့ ကျမအမေနဲ့အတူ ပိတ်မိနေပါတယ်။ ကယ်ထုတ်ပေးနေတဲ့အဖွဲ့တွေက ကူညီပေးဖို့အတွက် မေတ္တရပ်ခံအပ်ပါတယ်။ ဆေးဝါး၊ စားနပ်ရိက္ခာနဲ့ ဖုန်းဘက်ထရီလည်း ကုန်ပါတော့မယ်”ဟု ပိတ်မိနေသူတစ်ဦးက Online မှတဆင့် တောင်းဆိုထားသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိပေ။

ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက “စစ်ကောင်စီ အခုလို ဖမ်းဆီး၊ ပိတ်ဆို့မှုတွေ လုပ်ဆောင်နေတာက ULA/ AA ကို ပြည်သူတွေ ယုံကြည်မှုကျဆင်းအောင် လုပ်ဆောင်နေတာ။ ‘AA လုပ်လို့ ပြည်သူတွေ ဒီလိုဒုက္ခရောက်ရတယ်’ ဆိုပြီးတော့ ဆက်တိုက် ပြောဆိုနေတာလည်းရှိတယ်။ ဒါတွေဟာ စစ်ကောင်စီက ‘လူသားဒိုင်းကာ’ လုပ်ပြီးတော့ ULA/AA ကို အနိုင်ယူဖို့ ကြိုးစားနေတာဖြစ်တယ်” ဟု ဆိုသည်။

လက်ရှိတွင် ပြည်တွင်းလူမှုကူညီရေးအဖွဲ့များနှင့် နိုင်ငံတကာအဖွဲ့အစည်းတို့က ပေါက်တောမြို့အတွင်း ပိတ်မိနေသူကို ကယ်ထုတ်ရန် ကြိုးစားနေသော်လည်း စစ်ကောင်စီထံမှ ခွင့်ပြုချက်မရဖြစ်နေကြသည်။

နိုဝင်ဘာ ၁၆ ရက်နေ့က ပေါက်တောမြို့ထဲသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုနှင့် စစ်ကောင်စီက သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံး၊ ဒဏ်ရာရရှိမှုများ ရှိခဲ့ပြီး လက်ရှိတွင် ပေါက်တောမြို့နယ်အတွင်း စစ်ကောင်စီနှင့် AA တို့ကြား စစ်ရေးတင်းမာနေသည်။

Most read this week

October 22, 2024
မြန်မာနှင့် ထိစပ်နေသည့် ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းရေပြင်တွင် စစ်ကောင်စီသည် ရေကြောင်း...
October 21, 2024
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာကို စစ်ကောင်စီက ယနေ့ (အောက်တိုဘာ ၂၁ ရက်)၊...
October 18, 2024
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အောင်မင်္ဂလာကျေးရွာကို အောက်တိုဘာ ၁၆ ရက်၊...
October 16, 2024
ရခိုင်က မြို့နယ်အားလုံးတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ လုံးဝပြတ်တောက်နေသောကြောင့် ဒေသအတွင်း...